မြွေကိုက်ခံရသူ လူနာများကို အချိန်မီ အသက် ကယ်တင်နိုင်ရန် အတွက် မြွေဆိပ်ဖြေဆေး အေးခဲခြောက်များ ထုတ်လုပ် ဖြန့်ဖြူးသွားမည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ချိုက ပြောကြားသည်။
ဒီဇင်ဘာလ ၁၇ ရက်က ပြုလုပ်သော ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုက မြွေဆိပ်ဖြေဆေး ဈေးနှုန်းမှာ ၃၊ ၄ သောင်း အထက် ရှိနေ၍ ကျေးလက်ရှိ ဆင်းရဲသော တောင်သူများ အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေကြောင်းနှင့် မြွေဆိပ်ဖြေဆေး ထုတ်လုပ် ဖြန့်ဖြူးနိုင်မှု အခြေအနေများ၊ အချိန်မီ အသက် ကယ်တင် နိုင်ရန် စီမံထားမှုများကို လွှတ်တော်၌ မေးမြန်းရာတွင် ပြည်ထောင်စု ဝန်ကြီးက ဖြေကြားခြင်း ဖြစ်သည်။
ဝန်ကြီး ဦးခင်မောင်ချိုက“မြွေကိုက်ခံရတဲ့ လူနာများကို အချိန်မီ အသက် ကယ်တင်နိုင်ရေး အတွက် ၂၀၁၈-၁၉ ဘဏ္ဍာ ရေးနှစ်မှ စ၍ မြွေဆိပ်ဖြေ ဆေး အေးခဲခြောက်များကို ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီဆေးတွေဟာ သာမန်အခန်း အပူချိန်မှာ ထားရှိနိုင်တဲ့ အတွက် မြွေကိုက်မှုနှုန်း မြင့်မားတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးများရှိ ကျေးလက် ကျန်းမာရေး ဆေးပေးခန်း များမှာ အလွယ်အကူ ထားရှိနိုင်ရေး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက စီမံ ဆောင်ရွက်လျက် ရှိပါတယ်” ဟု ပြော သည်။
အဆိုပါ မြွေဆိပ်ဖြေဆေး အေးခဲခြောက်ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ မှာယူချက် အရ ၂၀၁၈-၁၉ ဘဏ္ဍာ နှစ်တွင် အလုံးရေ ၁၃၀,၀၀၀ ကို ထုတ်လုပ်ပေးမည် ဟုလည်း ၎င်းက ဆိုသည်။
လက်ရှိတွင် မြွေဆိပ်ဖြေဆေးများကို မြို့နယ် အဆင့် ဆေးရုံများတွင်သာ ထားနိုင်ပြီး ကျေးလက်နေ ပြည်သူများမှာ မြွေ ကိုက်ခံရပြီးနောက် ဆေးရုံသို့ အချိန်မီ မရောက်နိုင်ပါက အသက် ဆုံးရှုံးမှုများ ရှိနေသဖြင့် မြွေဆိပ်ဖြေဆေးကို ကျေးလက် ဆေးပေးခန်း အထိ ထားရှိပေးရန် စီစဉ်ခြင်း ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောသည်။
ယင်းအတွက် ကျေးလက် ဒေသရှိ ကျန်းမာရေးမှူးများနှင့် လက်ထောက် ကျန်းမာရေးမှူးများကို မြွေဆိပ် ဖြေဆေး ထိုး နည်း လေ့ကျင့် သင်ကြားပေးမည် ဖြစ်ကြောင်းလည်း ဆိုသည်။
ယခင်က မြွေဆိပ်ဖြေဆေးကို အရည်ပုံစံဖြင့် ထုတ်လုပ်ထားပြီး ရေခဲသေတ္တာဖြင့် သိုလှောင် ထိန်းသိမ်းထားရသည့် အတွက် နေရာအန့ှံ ဖြန့်ဖြူးရန် အခက်အခဲ ရှိကြောင်း သိရသည်။
အဆိပ်ရှိ မြွေအန္တရာယ်ကို လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သော ကျေးလက်ပြည်သူများက အဓိက ကြုံတွေ့နေရကြောင်း၊ မြွေကိုက်ခံရပါက ရွာနှင့် မိုင်ပေါင်းများစွာ ဝေးသော မြို့ဆေးရုံသို့ ပို့ဆောင် ကုသရပြီး သွားလာရေး အခက်အခဲကြောင့် နှစ်စဉ် လူအသေအပျောက် ရှိနေကြောင်း စစ်ကိုင်းတိုင်း ဒေသကြီးရှိ ကျေးရွာ တောင်သူများက ပြောဆိုသည်။
ပုလဲမြို့နယ် လက်ပုကန် ကျေးရွာ မှ ကိုသက်အောင်က“ရွာမှာ မြွေဆေးလည်း မရှိဘူး။ ဆေးပေးခန်းလည်း မရှိဘူး။ ဖြစ်ရင် ၆ မိုင်လောက်ဝေးတဲ့ မြို့နယ်ဆေးရုံကို သွားရတယ်။ အဲဒီမှာလည်း မြွေဆေးက ရှိချင်မှ ရှိတာ သေချာတာက ၃၆ မိုင် ဝေးတဲ့ ခရိုင်ဆေးရုံမှာမှ ရှိတာ။ ရွာမှာ ပိုးထိရင် အသက် အန္တရာယ် စိုးရိမ်ရတာ များတယ်”ဟု ပြောသည်။
ထို့ပြင် ဆေးရုံများတွင် မြွေဆိပ်ဖြေဆေး မရှိပါက ပြင်ပ ဆေးဆိုင်များတွင် ၁လုံးလျှင် လေးသောင်းကျပ်ခန့်ဖြင့် ဝယ်ယူ နေရကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် အဆိပ်ပြင်း မြွေဖြစ်သော မြေပွေးနှင့် မြွေဟောက် အကိုက်ခံရမှုမှာ နှစ်စဉ် ၁ သောင်းခန့်ရှိနေပြီး အများစု မှာ ကျေးလက်နေ ပြည်သူများ ဖြစ်ကြောင်း သိရသည်။