ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စများတွင် ထိထိရောက်ရောက် မဆောင်ရွက်နိုင်ခြင်းကြောင့် လွှတ်တော်ကဏ္ဍ ပျောက်ဆုံး နေသည်ဟုဆိုကာ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီအား ရခိုင်နှင့် ရှမ်း ကိုယ်စားလှယ်များက ဝေဖန်သည်။
ကော်မတီက တင်သွင်းသည့် အစီရင်ခံစာနှင့်ပတ်သက်၍ ယမန့်နေ့က ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးစဉ် ထိုသို့ ဝေဖန်ခြင်းဖြစ်ကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နိုင်ရေးအတွက် ကြိုးပမ်းအားထုတ်မှုကို မတွေ့ရကြောင်းနှင့် လွှတ်တော်အနေဖြင့် ယခုထက် ပိုမိုပါဝင်နိုင်ရန် ကြိုးစားသင့်ကြောင်း ဆွေးနွေး တောင်းဆိုသည်။
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက“တိုင်းရင်းသား နိုင်ငံရေးပါတီတွေ၊ NCA (တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု စာချုပ်) လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့တွေကို တခါတလေမှ တွေ့ဆုံခဲ့တာ မရှိပါဘူး။ ငါတို့မှာ လုပ်ပိုင်ခွင့် အားနည်းတယ်ဆိုပြီး ဘာမှမလုပ်ရင် ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး”ဟု ပြောသည်။
၎င်းက ဆက်လက်ပြီး အစီရင်ခံစာတွင် တင်ပြထားသည့် လုပ်ပိုင်ခွင့်ဆိုသည်မှာ အစီရင်ခံစာ တင်ပုံတင်နည်းသာ ဖြစ်ပြီး လွဲမှားနေကြောင်း၊ ကော်မတီ၏ ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ဖော်ပြရာတွင် ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့သည် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်နေ ခြင်းကိုသာ ဖော်ပြထားသည်ဟု ဆိုသည်။
ကော်မတီကို အဖွဲ့ဝင် ၂၀ ဖြင့် ဖွဲ့စည်းထားကာ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရန်၊ တိုင်းရင်းသား စကား၊ စာပေ ဖွံ့ဖြိုး တိုးတက်ရန်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လွှတ်တော်ဥက္ကဋ္ဌ မှတဆင့် လွှတ်တော်သို့ တင်ပြဆောင်ရွက်ရန် တာဝန်ရှိကြောင်း ပါရှိသည်။
ကော်မတီက တင်သွင်းသည့် အစီရင်ခံစာတွင် လွှတ်တော် ရန်ပုံငွေဖြင့် လုပ်ဆောင်သည့် တံတားနှင့် ရေလုပ်ငန်း ဆောင်ရွက်မှုများ၊ ကော်မတီဝင်များက ကယားနှင့် ပအို့ဝ်ဒေသများသို့ သွားရောက်ကာ တိုင်းရင်းသားရေး ဆောင်ရွက် မှုများ၊ လူမျိုးစု အမည် သတ်မှတ်ရေးနှင့် နိုင်ငံသား စိစစ်ရေးကတ်များတွင် လူမျိုးအမှန် ရရှိရေး ဆောင်ရွက်မှုများ၊ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမှုများ ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။
မိုင်းရှုးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက“မြို့နယ်တိုင်းကို ချပေးတဲ့ ပြည်ထောင်စု လွှတ်တော် ဖွံ့ဖြိုးရေးလုပ်ငန်းရန်ပုံငွေနဲ့ အကောင်အထည်ဖော်တဲ့ လုပ်ငန်းတွေကိုလည်း တခုတ်တရ ဖော်ပြထားတာ ကို စိတ်ပျက်ဖွယ် တွေ့ရပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးမရခြင်းရဲ့ သားကောင်တွေဖြစ်နေတဲ့ စစ်ဘေးရှောင် ပြည်သူ တွေအပေါ် ကူညီစောင့်ရှောက်ခြင်း၊ စာနာထောက်ထားခြင်းကို ဆောင်ရွက်ပေးဖို့လည်း ပျက်ကွက်နေဆဲ ဖြစ်ပါတယ်” ဟု ပြောသည်။
တိုင်းရင်းသားအရေးနှင့် ငြိမ်းချမ်းရေး ကော်မတီ ဖြစ်သည့်အတွက် နိုင်ငံတဝန်းရှိ တိုင်းရင်းသားရေးရာ ဝန်ကြီးများအား ဖိတ်ခေါ်ကာ ဆွေးနွေးသင့်ကြောင်း၊ ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိ စစ်ဘေးသင့် ပြည်သူများထံ သွားရောက်၍ အကူ အညီများ ပေးသင့်ကြောင်း၊ ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်မှု ဖြစ်စဉ်များမှာ အရေးကြီးကိစ္စရပ်များ ဖြစ်သည့်အတွက် စောင့်ကြည့်မှု ပြုလုပ်သင့်ကြောင်းလည်း လွှတ်တော် ကိုယ်စားလှယ်များက အကြံပြုထားသည်။
ရခိုင် အမျိုးသား ပါတီ ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင်လည်း ဖြစ်သူ ဦးဖေသန်းက“တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး တို့အရေးဆိုတဲ့ ဆိုင်းဘုတ်တွေ ထောင်ထားရုံနဲ့ စစ်မှန်တဲ့ ပြည်ထောင်စု ဖြစ်လာမှာ မဟုတ်ပါဘူး။ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး ရဖို့၊ ပြည်ထောင်စု မပြိုကွဲဖို့ အဓိကသော့ချက်ဟာ တိုင်းရင်းသား အချင်းချင်း တန်းတူညီမျှရေး ဖြစ်ပါ တယ်။ တန်းတူ ညီမျှရေးရဲ့ အခြေခံက ကိုယ်ချင်းစာစိတ်ပဲ ဖြစ်ပါတယ်”ဟု လွှတ်တော်၌ ပြောဆိုဆွေးနွေးသည်။
ကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဦးခွန်မောင်သောင်းကမူ ကော်မတီအနေဖြင့် တာဝန်နှင့် လုပ်ပိုင်ခွင့်အရ ဆောင်ရွက်နိုင်သည့် အနေအထားမျိုးကိုသာ လွှတ်တော်သို့ တင်ပြရခြင်း ဖြစ်ပြီး ငြိမ်းချမ်းရေးတွင် ရှေ့တိုးသည့် အချိန်ရှိသကဲ့သို့ နောက် ဆုတ် ရသည့် အချိန်လည်း ရှိတတ်သည်ဟု လွှတ်တော်သို့ ရှင်းလင်းပြောကြားထားသည်။
ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အဆုံးအဖြတ်ပေးနေသည်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် တိုက်ရိုက်ကိုင်တွယ်နေသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဖြစ်ပြီး စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်နေသည့် ကာလဖြစ်သည့်အတွက် လွှတ်တော်၏ အခန်းကဏ္ဍ ပျောက်ဆုံး နေခြင်း ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။
တိုင်းရင်းသားအရေး လေ့လာသူ ဦးမောင်မောင်စိုးက“တကယ်တမ်း လွှတ်တော်ရဲ့ အခန်းကဏ္ဍက ညှိနှိုင်းစေ့စပ် ဆွေးနွေး ချိန်မှာ ပါဝင်ဖို့ ခက်တယ်။ ပင်လုံညီလာခံလို နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော် ဆိုပြီး အဖွဲ့အစည်း အသီးသီး ပါကြတယ်။ ဒီလိုပါတဲ့အခါမှာ လွှတ်တော်ရဲ့ အခန်းပျောက်နေတယ်။ အဲဒီလိုနေရာမှာ ကို လွှတ်တော်ရဲ့ အခန်းက မပေါ်လွင်တာကတော့ တကယ့် အားနည်းချက် ဖြစ်တယ်။ ဒီဟာကို အစိုးရအဖွဲ့က ထိန်းညှိပေးဖို့ လိုအပ်မယ်”ဟု ဧရာဝတီကို ပြောသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အစိုးရကသာ ဦးဆောင်လေ့ ရှိပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှတဆင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ဆောင်မှသာလျှင် လွှတ်တော် အခန်းကဏ္ဍ ပါဝင်လာမည်ဟု လွှတ်တော် ကိုယ်စား လှယ် ဟောင်း တဦးဖြစ်သူ ဦးရဲထွန်းက ဆိုသည်။