သတင်း

ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်အမှုအတွက် အာဏာပေး စာချွန်တော်တင်မည်

Want create site? Find Free WordPress Themes and plugins.

ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်အား ချမှတ်ခဲ့သည့် ပြစ်ဒဏ်များသည် ဥပဒေနှင့် ညီညွတ်မှုမရှိသည့်အတွက် အာဏာပေး စာချွန်တော်တင်မည် ဖြစ်ကြောင်း ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်က ပြောသည်။

ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား ရဲတပ်ဖွဲ့မှ အမှုဆင်ကာ ဖမ်းဆီးခဲ့ကြောင်း တရားရုံးတွင် ဖွင့်ချထွက်ဆိုခဲ့သည့် ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်သည့် ရဲစည်းကမ်းထိန်းသိမ်းရေး အက်ဥပဒေ ၁၆(ခ)/၂၂ ဖြင့် ဧပြီလအတွင်းက ထောင်ဒဏ်တနှစ် ချမှတ်ခံရပြီး ရဲတပ်ဖွဲ့မှ ထုတ်ပယ်ခံထားရသည်။

ဦးရောဘတ်စန်းအောင်က “အဓိကတော့ သူ့ကို အလုပ်က ထုတ်ခဲ့တာနဲ့ ပြစ်ဒဏ်ချခဲ့တာက ဥပဒေနဲ့မညီလို့ တင်မှာပါ။ သူလွတ်လာပြီး နောက်ပိုင်းကို တင်ဖို့လုပ်သွားမှာပါ။ အလုပ်ဖြုတ်တာနဲ့ ပြစ်ဒဏ်ချတာဟာ ဥပဒေနဲ့မညီလို့ အာဏာပေးစာချွန်တော် တက်တာ။ ဂုဏ်သိက္ခာက နဂိုကတည်းက ရှိပြီးသား။ အဓိကက တရားဥပဒေစိုးမိုးရေးအတွက်ပဲ” ဟု ပြောသည်။

အာဏာပေးစာချွန်တော်အမိန့် ဆိုသည်မှာ တရားဝင် အခွင့် အာဏာရှိသူ တဦးဦးသို့မဟုတ် အဖွဲ့အစည်းတခုခုက ဖြစ်စေ၊ အစိုးရဌာန တခုခုကဖြစ်စေ၊ အပ်နှင်းထားသော လုပ်ပိုင်ခွင့်နှင့်အညီ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်မှုအား ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်စေရန် ရေးသားထုတ်ပြန်သည့်အမိန့်စာကို ဆိုလိုသည်။

စာချွန်တော် လျှောက်ထားသူသည် ဥပဒေနှင့်အညီ မိမိရထိုက်သော သက်သာခွင့် ဖြစ်စေ၊ နစ်နာဆုံးရှုံးမှုဖြစ်စေ ပြည့်စုံစွာ ရေးသားဖော်ပြကာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တင်သွင်းရမည် ဖြစ်ပြီး လျှောက်လွှာတွင် လျှောက်ထားခံရသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်း သို့မဟုတ် အစိုးဌာန အမည်နှင့် ဆီလျော်သော စာချွန်တေ်အမိန့် ထုတ်ပေးစေလိုကြောင်း ရေးသားဖော်ပြ၍ လျှောက်ထားရမည်ဟု ၂၀၁၄ ခုနှစ် စာချွန်တော်အမိန့် လျှောက်ထားမှုဆိုင်ရာဥပဒေတွင် ဖော်ပြထားသည်။

လျှောက်ထားမှုကို ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ၃ ဦးပါဝင်သည့် ကနဦး ကြားနာဆုံးဖြတ်ရေးအဖွဲ့က လျှောက်ထားခံရသူကို ဆင့်ခေါ်ကာ လျှောက်ထားလွှာအား လက်ခံခြင်း ပြု၊ မပြု အမိန့်ချရမှတ်ရဖြစ်ကာ ကနဦးအဖွဲ့မှ လက်ခံပါက အပြီးသတ် ကြားနာဆုံးဖြတ်ရေးအဖွဲ့က ထပ်မံကြားနာစစ်ဆေးရမည် ဖြစ်သည်။

အပြီးသတ်အဖွဲ့တွင် တရားသူကြီး ၃ ဦးပါဝင်မည်ဖြစ်ကာ အမိန့်ချမှတ်ရမည် ဖြစ်ပြီး ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ အဆုံးအဖြတ်သည် အပြီးအပြတ် အတည်ဖြစ်စေရမည်ဟု ဥပဒေတွင် ပါရှိသည်။

ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်သည် ရိုက်တာသတင်းဌာနက ဖော်ထုတ်ရေးသားခဲ့သည့် ဘင်္ဂါလီများ အသတ်ခံရမှုသတင်းတွင် ပါဝင်ပတ်သက်ခဲ့သည်ဟုဆိုကာ သတင်းထောက်နှစ်ဦးအား ရဲတပ်ဖွဲ့က မဖမ်းဆီးမီ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက် ညနေပိုင်းကတည်းက စခန်းတွင် ထိန်းချုပ်ခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးခံရချိန် ရဲတပ်ရင်းအချုပ်များတွင် ရက်ပေါင်း ၁၂၀ ကျော်ကြာ ဖမ်းဆီး ချုပ်နှောင်ခံခဲ့ရကာ မိသားစုနှင့်လည်း တွေ့ခွင့်မရခဲ့ကြောင်းနှင့် ထောင်ဒဏ်ချခံရစဉ်တွင်လည်း ဖမ်းဆီးချုပ်နှောင်ခံရသည့် ချုပ်ရက်ခံစားခွင့်များ မရရှိခဲ့ကြောင်း ဇနီးဖြစ်သူ မတူးတူးထံမှ သိရသည်။

“အယူခံတက်ဖို့က မပြောတတ်တော့ပါဘူး။ သူ့ကိုပဲ မြန်မြန် ပြန်လွတ်စေချင်နေပြီ။ ဒီတခေါက်တော့ သမီးငယ်လေးနဲ့ အတူသွားတွေ့ဖို့ ရှိတယ်။ ကျောင်းပိတ်ရက်မှာပေါ့” ဟု မတူးတူးက ပြောသည်။

ရခိုင်အရေးအား ဖော်ထုတ်ရေးသားခဲ့ပြီးနောက် နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃(၁)(ဂ)ဖြင့် ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံခဲ့ရသည် ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အနေဖြင့်လည်း ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ အယူခံတင်ထားပြီး ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ကြားနာမည်ဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း –

သံတိုင်များ နောက်ကွယ်က ဒု ရဲမှူးဟောင်း မိုးရန်နိုင်

ရိုက်တာသတင်းထောက် ၂ ဦးကို ထောင်ချောက်ဆင် မဖမ်းခဲ့ကြောင်း ရဲချုပ် ငြင်း

ရဲတပ်ဖွဲ့တွင် ဥပဒေထက်ကျော်သည့် အမိန့်၊ ညွှန်ကြားချက်များ ရှိနေဟု ဒုရဲမှူးဟောင်း မိုးရန်နိုင်ပြော

ရဲတရားရုံး စစ်ဆေးမှု နည်းလမ်းမကျ ဟု ဦးမိုးရန်နိုင်က မိသားစုကို ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading