သတင်း

ကင်မွန်းချောင်း အုပ်ချုပ်ရေးမှူးဟောင်းကို အဂတိလိုက်စားမှုဖြင့် ထောင် ၇ နှစ်ချ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်းမွန်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်သူရလှိုင်သည် အဂတိလိုက်စားခဲ့ကြောင်း ပြစ်မှုထင်ရှား၍ မွန်ပြည်နယ်တရားလွှတ်တော်က အလုပ်နှင့် ထောင်ဒဏ် ၇ နှစ် အမိန့်ချမှတ် လိုက်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်လိုက်သည်။

မြေယာကိစ္စ တခုနှစ်ပတ်သက်သော တိုင်ကြားစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ဦးကျော်သူရလှိုင်သည် ၎င်းတာဝန်ယူ ထမ်းဆောင်နေသည့် ကာလအတွင်း အခွင့်အာဏာကို အသုံးပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မွန်ပြည်နယ် တရားလွှတ်တော်ထံ ၂၀၁၇ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့က တရားစွဲဆို တင်ပို့ခဲ့သည့် အမှုဖြစ်သည်။

ထိုအမှုကို မွန်ပြည်နယ် တရားလွှတ်တော်က ရာဇဝတ်ကြီးအမှုအမှတ် ၃/၂၀၁၇ ဖြင့် လက်ခံစစ်ဆေးခဲ့၍ ပြစ်မှုထင်ရှားခြင်းကြောင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်နေ့က ဦးကျော်သူရလှိုင်ကို အလုပ်နှင့် ထောင်ဒဏ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

အမှုဖြစ်ပွားရခြင်း၏ အကြောင်းအရင်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်နေ နစ်နာသူက ၎င်းပိုင်ဆိုင်သော ကင်မွန်းချောင်း ကျေးရွာအုပ်စုရှိ ကွင်းအမှတ် (၁၇၅)၊ ကဒတ်ချောင်းအပြင်ကွင်း၊ ဦးပိုင်အမှတ် (N-18) မြေဧရိယာ ၂ ဒဿမ ၃၀ ဧကအား စောင့်ရှောက်ရန်အတွက် စာရွက်စာတမ်းများဖြင့် တရားဝင် ပြန်လည်လွှဲအပ်ခြင်းခံရသူမှ ဆေးကုသမှု ခံယူနေစဉ်အတွင်း ဦးကျော်သူရလှိုင်သည် မည်သူကိုမှ အသိပေး အကြောင်းကြားခြင်းမရှိဘဲ ၎င်းမြေကွက် ပုံစံ (၇) အား တရားမဝင်ထုတ်ယူခဲ့သည်။

ယင်းနောက် ပုံစံ (၇) စာရွက်စာတမ်းများကို အကြောင်းပြု၍ မြေဝယ်သူထံမှ ကျပ်သိန်းပေါင်း ၃၉၅၀ တိတိအား လက်ခံရယူခဲ့ခြင်းအပေါ် အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံသို့ တိုင်ကြားခဲ့သည့်အမှုဖြစ်သည်။

ကင်မွန်းချောင်းကျေးရွာမှ ကိုစိုးကိုကိုချစ် က “ကျနော်တို့ ကင်မွန်းချောင်းသားတွေ အားလုံးကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် သူကို လုံးဝကို မကြည်တာ၊ မကြည်ဘူး ဆိုတာက လုပ်စားတဲ့အကွက်တွေက များသွားတာကိုး ခြံအရောင်းအဝယ်လုပ်တယ် ဆိုရင်လည်း ၅ သိန်း၊ ၆ သိန်း၊ ၇ သိန်း အဲ့လိုမျိုးပေးရတာကိုး၊ နောက်ပြီးတော့ ပုံစံ (၇) ထွက်ဖို့အရေးကိုလည်း ၄၊ ၅၊ ၆ သိန်း ပေးရတာကိုး နိုင်ငံတော်က စီမံချက်နဲ့ ပုံစံ (၇) လုပ်ခိုင်းတာတောင် သူတို့က ပိုက်ဆံမပေးရင် လက်မှတ်မထိုးပေးတဲ့ အနေထားတွေရှိတယ်”ဟု ပြောသည်။

သမ္မတကြီး ဦးဝင်းမြင့်နှင့် မွန်ပြည်နယ်ခရီးစဉ်တွင် ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တွေ့ဆုံပွဲတွင် တမ္မတကြီး က “ဒီလိုအဂတိလိုက်စားမှု ထိန်းမှသာလျှင် ဒို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု ပိုပြီးတော့ မြန်ဆန်လာမယ်၊ ပိုပြီးတော့ တိုးတက်လာမယ်”ဟု ပြောဆိုခဲ့သည်။

မွန်ပြည်နယ်တွင် အဂတိလိုက်စားမှုကိစ္စများရှိနေသည့် ဌာနများကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် ပိုမိုစုံစမ်း၍ အရေးယူပေးစေလိုကြောင်း ကင်မွန်းချောင်းရွာသား ကိုစိုးကိုကိုချစ်က ပြောသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ယခင်ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေကို ၂၀၁၄၊ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်တို့တွင် ၃ ကြိမ်ပြင်ဆင်ခဲ့သော်လည်း အပြောင်းအလဲများမှာ သိသာထင်ရှားခဲ့ခြင်းမရှိပေ။

ကော်မရှင်အသစ်ကို အငြိမ်းစားဗိုလ်ချုပ်နှင့်ပြန်ကြားရေးဝန်ကြီးဟောင်းဖြစ်သူ ဦးအောင်ကြည်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်လျက် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့သည်။

ဒုတိယ အကြိမ် ကော်မရှင် ဖွဲ့စည်းသည့် ၂၀၁၇ နိုဝင်ဘာ ၂၃ ရက်မှ ၂၀၁၈ အောက်တိုဘာ ၃၁ ထိ ကော်မရှင်က လက်ခံ ရရှိသည့် တိုင်ကြားစာပေါင်း ၈၉၈၄ စောင်ရှိပြီး ကော်မရှင်မှ စိစစ် အရေးယူ ဆောင်ရွက် ပြီးစီးမှု ၆၀ ရာခိုင်နှုန်း (၅၃၅၁ စောင်) ရှိကြောင်း ကော်မရှင်၏ သတင်း အချက်အလက်များတွင် ဖော်ပြထားသည်။

စုံစမ်း စစ်ဆေးသည့် တိုင်ကြားစာများ အပေါ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် အညီ လူဦးရေ ၁၂၀ ကို တရား စွဲဆို အရေးယူ ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။

Loading