ဥရောပ သမဂ္ဂ (EU) ၏ ကုန်သွယ်မှု ဆိုင်ရာ အထူးအခွင့်အရေး (GSP) ရုပ်သိမ်းပါက ထိခိုက် ဆုံးရှုံးနိုင်သည့် မြန်မာနိုင်ငံ အခြေအနေကို ဥရောပ လွှတ်တော်သို့ ရောက်အောင် အသိပေး တင်ပြချက်များ ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ လုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောသည်။
Generalized System of Preferences – GSP မရုပ်သိမ်းရေးနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၁၇ ရက်က ရန်ကုန်မြို့ရှိ မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး (UMFCCI) ၌ ဆွေးနွေးပွဲ တရပ်ပြုလုပ်ခဲ့ကာ အဆိုပါ ဆွေးနွေးပွဲ အပြီး သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခြင်း ဖြစ်သည်။
ဦးမောင်မောင်က“ဥရောပက ကာယကံရှင်တွေကို ကျနော်တို့ ပြောနေတာက ဒါတွေ ဖြစ်ပါတယ်။ ဒီလို ပြောင်းလဲတာတွေ ရှိနေပါတယ် ဆိုတာက ပြောရမှာပေါ့။ ကာယကံရှင် ဆိုတာ လွှတ်တော် အမတ်တွေကို ကျနော်တို့က ထိတွေ့ဖို့ လိုတယ်။ EU ရုံးကို ညွှန်ကြားချက် ပေးနေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို သတင်းပို့ဖို့တော့ လိုတယ်။ ရောက်အောင် လုပ်ဖို့ လိုတယ်”ဟု ဆိုသည်။
ဆက်လက်၍ ၎င်းက“ကာယကံရှင်တွေကို တွေ့နိုင်မလား ဆိုတာက နည်းနည်းတော့ ခဲယဉ်းတယ်။ သို့သော် နိုင်ငံတကာ မှာ နိုင်ငံရေး အစုအဖွဲ့တွေ ရှိတယ်။ အဲဒီ အစုအဖွဲ့တွေကို ထိတွေ့ဖို့ လိုတာပေါ့။ အဲဒါတွေကို လုပ်ဖို့ လေ့လာပြီးပြီ၊ လုပ်ရမယ်” ဟု ပြောဆိုသည်။
ယင်းသို့ GSP ရုပ်သိမ်းပါက မြန်မာနိုင်ငံတွင် ဆုံးရှုံးနိုင်သည့် အခြေအနေနှင့် ပတ်သက်၍ UMFCCI နှင့် CTUM၊ မြန်မာ နိုင်ငံ စက်မှုလက်မှု ဝန်ဆောင်မှု လုပ်ငန်း ပေါင်းစုံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (MICS-TUsF)တို့က ပူးပေါင်း ကြေ ညာချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်၌ GSP ရရှိခဲ့သည့် ကာလမှစ၍ မြန်မာနိုင်ငံတွင် တိုးတက်ခဲ့မှုများနှင့် GSP ရုပ်သိမ်းလိုက်မည် ဆိုပါ က ထိခိုင်နိုင်သည့် အတိုင်းအတာ တို့ကို ဖော်ပြထားသည်။
ကုန်သွယ်မှု ဆိုင်ရာ အထူးအခွင့်အရေး ရုပ်သိမ်းခံရပါက ထိခိုက်မှု အများဆုံးဖြစ်မည့် အထည်ချုပ် လုပ်ငန်း အပြင် ဆက် စပ် ဝန်ဆောင်မှု လုပ်ငန်းများ ဖြစ်သည့် ကုန်တင်ကုန်ချ လုပ်ငန်း၊ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများနှင့် အဆိုပါ လုပ်ငန်း များမှ လုပ်သားများလည်း များစွာ ဆုံးရှုံးနစ်နာရမည့် အခြေအနေရှိကြောင်းလည်း အလုပ်သမားအဖွဲ့၊ လုပ်ငန်းရှင်များနှင့် ပညာရှင် တို့ က ထောက်ပြ ဆွေးနွေးခဲ့ကြသည်။
သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာ့လူမှု စီးပွား ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးဇော်ဦးကလည်း “လွန်ခဲ့တဲ့ ၄ နှစ် အတွင်းမှာ EU ကို ပို့နိုင်တာက ၁၀ ဆ တက်သွားတယ်။ အဲဒီနှုန်းက ဖွံ့ဖြိုးမှု အနိမ့်ဆုံး နိုင်ငံတွေထဲမှာ အများဆုံး တိုးတက်တဲ့နှုန်း၊ ဆက်ပြီး တော့ ဒီတိုင်း သွားမယ် ဆိုရင် နိုင်ငံတကာ ဈေးကွက် ဝေစုကလည်း ပိုပြီး များလာ မယ်၊ ရင်းနှီးမြှုပ်နှံမှုကလည်း ပိုများ လာ မယ် ဆိုရင် စီးပွားရေး အတွက် အင်မတန်မှ အရေးကြီးတဲ့ လိုအပ်ချက် ဖြစ်တယ်။ ဒီနှုန်းအတိုင်းသွားရင် တချိန်မှာ EU ဘက်က စံထားပြီး အကောင်းဆုံး ဆိုတဲ့ နိုင်ငံတွေထဲမှာ ရောက်လာလိမ့်မယ်”ဟု ပြောဆို သည်။
EU သို့ တင်ပို့နေသည့် မြန်မာ့ ကုန်ပစ္စည်းများတွင် အထည်ချုပ် ကဏ္ဍမှ အများဆုံး ဖြစ်ပြီး တင်ပို့ကုန် စုစုပေါင်း၏ ၇၂ ရာ ခိုင်နှုန်းရှိကာ စိုက်ပျိုးရေးမှ ၉ ရာခိုင်နှုန်း၊ ဖိနပ်နှင့် ဦးထုပ်ချုပ် လုပ်ငန်းမှ ၆ ရာခိုင်နှုန်းတို့ အသီးသီး ရှိပြီး မကြာမီတွင် သား ငါး တင်ပို့မှုကို EU က လက်ခံတော့မည် ဖြစ်ကြောင်း UMFCCI ၏ အချက်အလက်များ အရ သိရသည်။
၂၀၁၃ ခုနှစ်မှ စကာ မြန်မာနိုင်ငံအား အခွန် ကင်းလွတ်ခွင့် ရှိသည့် ကုန်သွယ်မှု အထူး အခွင့်အရေး (GSP) ကို EU က ပေးထားခြင်း ဖြစ်သည်။
ထို့နောက် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားသည့် ကိစ္စရပ်များ အပေါ် အခြေခံကာ GSP ကို ပြန်လည် ရုပ်သိမ်းရန် အတွက် ဥရောပ သမဂ္ဂက စဉ်းစား သုံးသပ်လျက် ရှိကြောင်း EU ကုန်သွယ်ရေး ကော်မရှင်နာ မင်းကြီးက အောက်တိုဘာ လ ၅ ရက်တွင် ထုတ်ဖော် ပြောဆိုထားသည်။
EU ကုန်သွယ်မှု အခွင့်အရေး စိစစ် လေ့လာရေး အဖွဲ့သည် ရခိုင် အပါအဝင် အခြား ဒေသများတွင် ဖြစ်ပွားခဲ့သည့် လူ့ အခွင့် အရေး ဆိုင်ရာ ကိစ္စရပ်များကို လေ့လာရန်အတွက် ယခုနှစ် အောက်တိုဘာလ ၂၈ ရက်က မြန်မာနိုင်ငံသို့ လာရောက် ခဲ့သည်။