AA ကို တပ်မတော်က လေယာဉ်သုံး တိုက်ခိုက်ဟု ဆို
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သလူးချောင်းကျေးရွာ အုပ်စုအတွင်း ရက္ခိုင့်တပ်မတော် (AA) နှင့် တပ်မတော်တို့ ယနေ့နံနက်ပိုင်းတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေရာ တပ်မတော်ဘက်မှ လေယာဉ်သုံး တိုက်ခိုက်မှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။
သလူးချောင်းကျေးရွာအနီး ယနေ့ နံနက်ပိုင်းကပင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကာ နေ့လယ် ၁ နာရီကျော်ခန့်တွင်မူ တပ်မတော်ဘက်မှ ရဟတ်ယာဉ် နှစ်စင်းဖြင့် ကျေးရွာအနီး တောင်တန်းများအား လှည့်ပတ် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သလူးချောင်းကျေးရွာနေ ဦးမောင်နီ က “ရဟတ်ယာဉ်နဲ့လည်း လာပစ်တယ်။ ကျနော်တို့ ရွာထက်ကနေ တောင်တန်းကို လှမ်းပစ်တာ။ ကျနော် နာရီ ကြည့်လိုက်တော့ ၁ နာရီ တိတိပဲ။ ရဟတ်ယာဉ် ၂ စီး လှည့်ပတ်ပြီး ပစ်တာပါ။ မီးခိုးလုံးတွေ ထွက်တာကို ကျနော်တို့ မြင်ရပါတယ်။ ၆ ကြိမ်ထက် မနည်းပစ်တာကို တွေ့ပါတယ်။ အပေါ်ကနေ စက်သေနတ်နဲ့လည်း ပစ်ခတ်တာကို မြင်ရပါတယ်” ဟု ဧရာဝတီကို ပြောသည်။
၎င်းက ဆက်လက်ပြီး ယင်းသို့ ပစ်ခတ်ပြီးနောက် ရဟတ်ယာဉ်များမှာ ဘူးသီးတောင်မြို့နယ်ဘက်သို့ ပြန်လည် ပျံသန်းသွားသော်လည်း နှစ်ဘက် မြေပြင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကာ လက်နက်သံများပင် ကြားနေရဆဲ ဖြစ်သည်ဟု ဆိုသည်။
သလူချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းကလည်း တိုက်ပွဲဖြစ်ပွားနေသည်မှာ မှန်ကန်ကြောင်းနှင့် တိုက်ပွဲကြောင့် ဒေသခံများ စိုးရိမ်ထိပ်လန့်နေကြသည်ဟု ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။
တိုက်ပွဲနှင့် ပတ်သက်၍ ရက္ခိုင်တပ်မတော် (AA) သတင်းနှင့် ပြန်ကြားရေးဌာန၏ လူမှုကွန်ရက် စာမျက်နှာတွင်လည်း တောဖျားချောင်းနှင့် ယိုးချောင်းအကြား “ပညာဝရွာ” အနောက်မြောက်ဘက်၌ တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်၊ နံနက် (၁၀) နာရီ (၃၀) မိနစ်မှ စတင် တိုက်ပွဲဖြစ်ပွားကြောင်း သတင်း ထုတ်ပြန်သည်။
ယင်းထုတ်ပြန်ချက်တွင် တပ်မတော်ဘက်မှ လက်နက်ကြီးများဖြင့် နေရာသုံးနေရာမှ ပစ်ခတ်တိုက်ခိုက်နေသည့်အပြင် ရဟတ်ယာဉ် ၂ စင်းဖြင့်လည်း နေ့လည် ၁ နာရီတွင် လာရောက်ပစ်ခတ်သွားသည် အထိဖြစ်ပွားခဲ့ပြီး တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်ဟု ဆိုသည်။
သလူချောင်းကျေးရွာအုပ်စု၊ ပညာဝ ကျေးရွာနေ ဦးဦးစောမောင်ကလည်း “ကျနော်တို့ ဘာလုပ်ရမှန်းမသိတော့ဘူး။ သေနတ်သံတွေက နေရာပေါင်းစုံက ကြားရတယ်။ ရဟတ်ယာဉ်တွေနဲ့လည်း ပစ်တယ်။ သေနတ်သံတွေက ရောထွေးကုန်ပြီး ဘယ်နေရာက ပစ်တာဆိုတာလည်း မသိကြတော့ဘူး။ ရွာကိုတော့ ထိခိုက်တာ မရှိသေးဘူး ။ ရွာသားတွေကတော့ အရမ်း စိုးရိမ်နေကြတယ်။ ညနေစာလည်း စောစော စားထားကြတယ်” ဟု ပြောသည်။
နှစ်ဖက် တိုက်ပွဲအတွင်း လက်နက်ကြီး ပစ်ခတ်မှုများအပြင် လေယာဉ်သုံး တိုက်ခိုက်မှုများရှိနေသည့်အတွက် တိုက်ပွဲဖြစ်ရာ နေရာအနီးရှိ သလူးချောင်း၊ ပညာဝ၊ ပါချေ၊ လမုကိုင်း၊ င/စရိုင်းကိုင်း၊ ကျွန်းသာယာ စသည့် ကျေးရာများမှ ဒေသခံများမှ ထွက်ပြေးနေကြကြောင်းလည်း စုံစမ်းသိရှိရသည်။
ကျောက်တော်မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ကလည်း “တိုက်ပွဲဖြစ်လို့ ရွာသားတွေ တော်တော် ကြောက်နေရပါတယ်။ ဒီနေ့ နံနက်ပိုင်းကတည်းက ဖြစ်နေတာပါ။ ရဟတ်ယာဉ်တွေလည်း ပါတယ်လို့ ပြောပါတယ်။ ရွာသားတွေ လယ်ကွင်းထဲကနေ အခု ပြေးလာနေကြတယ်” ဟု ဆိုသည်။
တိုက်ပွဲဖြစ်ပွားနေမှု အခြေအနေနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့် က “ကျနော် နေပြည်တော်ကို ရောက်နေလို့ မသိသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ရက္ခိုင့်တပ်မတော် (AA) နှင့် မဟာမိတ်များဖြစ်သည့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့က ငြိမ်းချမ်းရေးအတွက် စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းကာ နိုင်ငံရေးနည်းလမ်းဖြင့် လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ဒီဇင်ဘာလ ၁၂ ရက်က ထုတ်ပြန်သေးသည်။
အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်ဘက်ကလည်း ယင်းထုတ်ပြန်ချက်အပေါ် ကြိုဆိုထောက်ခံကြောင်းနှင့် နှစ်ဦးနှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (Bilateral Ceasefire Agreement) ရရှိရေးနှင့် နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးနိုင်ရေးကိစ္စအား ဆက်လက်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မည်ဟု ယင်းနေ့တွင်ပင် ကြေညာချက် ထုတ်ထားသည်။
သို့သော် ယင်းထုတ်ပြန်ချက် ထုတ်ပြန်ပြီး နောက်ပိုင်း AA နှင့် တပ်မတော်အကြား ရက်ဆက်ဆိုသလို တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်မှုများ ရှိနေကြောင်း AA ဘက်မှ ထုတ်ပြန်ထားသည်။
ဒီဇင်ဘာ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သော မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နှင့် အစိုးရတို့၏ ဆွေးနွေးပွဲအပြီး ထုတ်ပြန်သော အချက်အလက်များအရ ဆွေးနွေးပွဲ ပြေလည်မှုရပြီး နှစ်ဦးနှစ်ဖက်ပါဝင်သော Bilateral စာချုပ် ရေးထိုးရန် အတွက် အလားအလာရှိကြောင်း၊ ထိုသို့ Bilateral လက်မှတ်ရေးထိုးမည်ဆိုပါက အပစ်အခတ် ရပ်စဲရေး လုပ်ရမည်ဖြစ်သဖြင့် နယ်မြေစိုးမိုးရေး အတွက် တိုက်ပွဲများဖြစ်နေခြင်းဖြစ်ကြောင်း တိုင်းရင်းသား သုတေသီ ဦးမောင်မောင်စိုး က သုံးသပ်သည်။
ဦးမောင်မောင်စိုး က “ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အပစ်အခတ်ရပ်စဲရေးလုပ်ခါနီးတိုင်း ဖြစ်တတ်တဲ့ ပြဿနာလို့ပဲ ပြောချင်ပါတယ်။ တကယ်တမ်း Bilateral ထိုးမယ်ဆိုရင်တော့ အခက်အခဲရှိဦးမယ်လို့ ခန့်မှန်းပါတယ်” ဟု ပြောသည်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့သည် အစိုးရနှင့် Bilateral ထိုးဖွယ်ရှိကြောင်း သတင်းများ ကြားသိရပြီး ထိုအထဲတွင် ၂၀၁၅ ခုနှစ်ကမှ ရခိုင်ပြည်နယ်ထဲ ပြန်ဝင်လာပြီး နေရာယူနေရာမှ တိုက်ပွဲများ ဖြစ်နေခြင်းဟု ၎င်းကသုံးသပ်သည်။
AA သည် ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်တွင် ကချင်ပြည်နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ လိုင်ဇာမြို့တွင် ရခိုင်လူငယ် ၂၀ ကျော်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ခုနှစ်အတွင်း ရခိုင်ပြည်နယ်ရှိ မြို့များ၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နှင့် မြန်မာ- ဘင်္ဂလားဒေ့ရှ်- အိန္ဒိယနိုင်ငံ နယ်စပ်များတွင် ဝင်ရောက် လှုပ်ရှား လာသဖြင့် တပ်မတော်နှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
ဆက်စပ်သတင်း