တိုက်ပွဲရှောင် ပြည်သူအရေး လှုပ်ရှားသူ ၃ ဦး ဖမ်းဆီးခံရမှုအပေါ် ပြန်လည်လွတ်မြောက်ရေး ဆန္ဒပြသူ ၃ ဦးကို မြစ်ကြီးနား စုပေါင်းတရားရုံးက ယနေ့ရုံးချိန်းတွင် ငွေဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။
မဆွတ်ဆိုင်းထွယ်၊ ကိုဘရန်မိုင်နှင့် ကိုဆိုင်းခွမ်းအောင်တို့ ဦးဆောင်ကာ တိုက်ပွဲရှောင်ပြည်သူအရေး လှုပ်ရှားသူများ အား ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်မှုအပေါ် မကျေနပ်ကြောင်းနှင့် ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် ဒီဇင်ဘာလ ၁၁ ရက်က ဒေသခံပြည်သူ ၅၀၀၀ ခန့်ဖြင့် ဆန္ဒဖော်ထုတ်ခဲ့ရာ ကချင်ပြည်နယ် မြို့နယ် ရဲတပ်ဖွဲ့ရုံးက ငြိမ်းချမ်းစွာ စုဝေး လှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုပြီးနောက် ယခုကဲ့သို့ အမိန့်ချမှတ်ခြင်း ဖြစ်သည်။
လူထုဆန္ဒ ဖော်ထုတ်ရေး အစီအစဉ် ဖြစ်မြောက်ရေး ကော်မတီဝင် ဒေါ်မရန်ဆန်ထွယ်ရာက“ဒီနေ့ သူတို့ တရားရုံးက နေ ငွေဒဏ်နဲ့ အဆုံးသတ်သွားတယ်၊ သုံးယောက်စလုံးကိုပါ။ သုံးယောက်စလုံးဆိုတာ မတူတဲ့ ငွေဒဏ်နဲ့။ ဆွတ်ဆိုင်းထွယ် ကိုတော့ ဒဏ်ငွေ ၁ သိန်းပေါ့။ ကျန်တဲ့ ၂ ယောက်ကတော့ သုံးသောင်းစီ။ စုစုပေါင်း ၁၆၀၀၀၀ ကျပ် တဲ့၊ ဒီနေ့ မြစ်ကြီးနား က စုပေါင်းတရားရုံးမှာ ငွေဒဏ်ချခံရတာပါ”ဟု ပြောပြသည်။
ဆန္ဒဖော်ထုတ်ရာတွင် ကချင်အမျိုးသား အလံ၊ Democracy Falling? Failed Law ဗီနိုင်း ဆိုင်းဘုတ်နှင့် ပြစ်ဒဏ် ကျခံ ထားရသည့် တိုက်ပွဲရှောင် ပြည်သူအရေး လုပ်ဆောင်သူ ၃ ဦးပုံကို တင်ပြထားခြင်း မရှိဘဲ အသုံးပြုခဲ့သည့် အတွက် ခွင့်မပြုကြောင်း အကြောင်းကြားစာကို မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ဒီဇင်ဘာလ ၁၁ ရက်က ဆန္ဒပြသူများထံ ပေးပို့ခဲ့ ကြောင်း သိရသည်။
ထို့ပြင် အဆိုပါ ဗီနိုင်းများ ဖြုတ်သိမ်းခြင်းမရှိဘဲ ဆက်လက် ဆန္ဒဖော်ထုတ်ပါက ဥပဒေအရ အရေးယူခံရမည် ဖြစ် ကြောင်းလည်း ယင်း အကြောင်းကြားစာတွင် ဖော်ပြထားသည်။
ထိုသို့ အကြောင်းကြားပြီးနောက် ခွင့်ပြုထားချက်ကို ကျော်လွန် လုပ်ဆောင်သည်ဆိုကာ မဆွတ်ဆိုင်းထွယ်၊ ကိုဘရန်မိုင် နှင့် ကိုဆိုင်းခွမ်အောင် တို့အား မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့မှူးက အမှုဖွင့် စစ်ဆေးခံရပြီးနောက် ငွေဒဏ်များ ချမှတ် ခြင်းလည်း ဖြစ်သည်။
တိုက်ပွဲရှောင် ပြည်သူအရေး လှုပ်ရှားမှုဖြင့် ကချင်ပြည်နယ် မြစ်ကြီးနား တရားရုံးက ဒေါ်နန်ပူ၊ ဦးဇော်ဂျတ်နှင့် ဦးလွမ်းဇောင်း တို့အား ဒီဇင်ဘာလ ၇ ရက်က ထောင်ဒဏ် ၆ လနှင့် ငွေဒဏ် ၅ သိန်းစီ ချမှတ်ခဲ့ခြင်းဖြစ်ကာ ၎င်းတို့ လွတ်မြောက်ရေးအတွက် အယူခံဝင်ခြင်းအပြင် လှုပ်ရှားမှုများလည်း ဆက်လက် လုပ်ဆောင်သွားမည်ဟု သိရသည်။
“တရားရုံးနဲ့မဟုတ်ဘဲနဲ့ အပြင်ကနေလည်း တောင်းဆိုသွားမယ်လို့ ကျမတို့ ရည်မှန်းထားတယ်။ သူတို့ သုံးယောက်ကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ အတွက်ပေ့ါ။ ပြင်ပလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အသေးစိတ်တော့ ကျမတို့ မရှိသေးဘူး။ လုပ်ဆောင်သွားမယ့် အရာတွေကိုတော့ ချမှတ်ထားတာ ရှိပါတယ်”ဟု ဒေါ်မရန်ဆန်ထွယ်ရာက ဆိုသည်။
ထောင်ဒဏ်နှင့် ငွေဒဏ် ကျခံရသူများမှာ တနိုင်းမြို့နယ် အောင်လော့ဒ်ကျေးရွာအနီး တပ်မတော်နှင့် ကချင် လွတ်လပ် ရေး တပ်မတော် (KIA) တို့ တိုက်ပွဲများကြောင့် ပိတ်မိနေသူ ဒေသခံ ၂၀၀၀ အား ကယ်ထုတ်နိုင်ရေး ဆန္ဒဖော်ထုတ်ခဲ့ သည့်အတွက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး မျိုးမင်းဦးက တရားလို လုပ်ကာ အသရေဖျက်မှုဖြင့် တရား စွဲခဲ့ပြီးနောက် မြစ်ကြီးနား တရားရုံးက ပြစ်ဒဏ် ကျခံစေခြင်း ဖြစ်သည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ရန်ကုန်ရုံး တာဝန်ခံ ဦးအောင်မျိုးကျော်က “လူတွေ ကို ကယ်ထုတ်နိုင်ဖို့အတွက် သူတို့ ဆန္ဒထုတ်ဖော်တယ် ဆိုတာက ဒါဘယ်သူ့ ဘယ်သူကိုမှ အသေရေ ဖျက်တဲ့ ကိစ္စ မဟုတ်ဘူးဗျ။ ဒါ တကယ်ကို ဒုက္ခရောက်နေတဲ့ အပြစ်မဲ့ ပြည်သူတွေကို ကယ်ထုတ်ပေးဖို့အတွက် တောင်းဆိုတာ။ တကယ်ကို ဒုက္ခရောက်နေတဲ့ အပြစ်မဲ့ ပြည်သူတွေကို ကယ်တင်ဖို့ အတွက် ကိုယ်တွေဆန္ဒရှိတဲ့ အတိုင်း သက်ဆိုင်ရာ အစိုးရတွေကို ဆန္ဒဖော်ထုတ်တာဖြစ်တယ်”ဟု ပြောဆိုသည်။