ဝမ်းဗိုက်ဒဏ်ရာကြောင့် အူပေါက် သေဆုံးခဲ့သည့် အိမ်အကူ မကရင်မအမှုကို ကိုယ်တွယ်စစ်ဆေးခဲ့သည့် ခလောက်ချိုက် ရဲစခန်းမှ ရဲအုပ်မျိုးချစ်ဆွေကိုယ်စား အဆိုပါရဲစခန်းမှ အခြားရဲအရာရှိတဦးကို အမှုစစ်အနေဖြင့် စစ်ဆေးသွားမည် ဖြစ်ကြောင်း တောင်ပိုင်းခရိုင် တရားသူကြီးက ယနေ့ရုံးချိန်းတွင် ညွှန်ကြားချက်ပေးလိုက်သည်။
ရဲအုပ်မျိုးချစ်ဆွေမှာ မန္တလေးမြို့တွင် ရဲအရာရှိသင်တန်း တက်ရောက်နေပြီး သင်တန်းပြီးကာလအထိ စောင့်ဆိုင်းမည် ဆိုပါက ၂၀၁၉ ခုနှစ် ဇန်နဝါရီလအထိ ရောက်သွားမည် ဖြစ်သည့်အတွက် အမှုကြန့်ကြာမှုမရှိစေရန် ၎င်းစစ်ဆေးထားသည့် စစ်ချက်များကို အခြားရဲအရာရှိမှ ကိုယ်စား လာရောက်ထွက်ဆိုပေးရန် တရားသူကြီးက ဆုံးဖြတ်ခြင်း ဖြစ်သည်။
တရားလိုရှေ့နေ ဒေါ်စန်းစန်းမြင့် က “ဒါက လုပ်ရိုးလုပ်စဉ်ပါ။ အမှုကို စုံစမ်းစစ်ဆေးထားတာကနေ ပြောင်းသွားတာတို့၊ သင်တန်းတက်တာတို့ ဆိုရင် ရပါတယ်။ တရားခွင်ရောက်ရင် ရဲစက္ကူအတိုင်း ထွက်တာဆိုတော့ သူတို့ရဲ့ လက်ရေး လက်မှတ်ကို သိတဲ့ IO (စုံစမ်းစစ်ဆေးရေးအရာရှိ) ဆိုရင် ရတယ်” ဟု ပြောသည်။
၎င်းက ဆက်လက်ပြီး “ကိုယ်တိုင်ကိုယ်ကျ စစ်ထားတဲ့ရဲကို စစ်ရတာနဲ့ သူလက်ရေး၊ လက်မှတ်ကိုသိလို့ လာထွက်တဲ့ ရဲတစ်ယောက်ကို စစ်ရတော့ နည်းနည်းကွာတာပေါ့” ဟု ဆိုသည်။
အသက် ၃၈ နှစ်အရွယ် သေဆုံးသူ မကရင်မမှာ လှည်းကူးမြို့နယ်၊ အင်းတိုင် သံချပ်ကာတပ်ရင်း အရာရှိ ရိပ်သာရှိ တပ်မတော် အရာရှိ တဦးနေအိမ်တွင် အိမ်အကူ လုပ်ကိုင်ခဲ့သူဖြစ်ကာ ကလေး ၄ ဦး၏ မိခင်လည်း ဖြစ်သည်။
မေလ ၁၉ ရက်က ခန္ဓာကိုယ် အနှံ့အပြား ဒဏ်ရာများဖြင့် မကရင်မကို တွံတေးမြို့နယ် ခတ္ထိယကျေးရွာအုပ်စု၊ အုပ္ဖိုလ်ကျေးရွာရှိ ၎င်းနေအိမ်သို့ တပ်မတော် အရာရှိ၏ ဇနီး၊ ဥပဒေအရာရှိလည်းဖြစ်သည့် ဒေါ်သိင်္ဂီစုက လာရောက် ပို့ဆောင်ခဲ့ပြီး နောက်ထပ် ၁ နာရီခန့် အကြာတွင် သေဆုံးသွားခြင်း ဖြစ်သည်။
ယင်းသေဆုံးမှုနှင့် ပတ်သက်၍ အုပ္ဖိုလ်ကျေးရွာ ရာအိပ်မှူး ဦးအေးသောင်းက တရားလိုပြုလုပ်ကာ ခလောက်ချိုက် ရဲစခန်းတွင် ပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့်ကာ ရဲအုပ် မျိုးချစ်ဆွေက စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အမှုနှင့် ပတ်သက်၍ တပ်မတော်အရာရှိ ဇနီးဖြစ်သူ သံသယတရားခံ ဒေါ်သိင်္ဂီစုအား သန်လျင်မြို့နယ် တောင်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးလျက် ရှိရာ ယနေ့ ရုံးထုတ်စစ်ဆေးခြင်းမှာ ၂၀ ကြိမ်မြောက် ဖြစ်သည်။
ဆက်စပ်သတင်း
အိမ်အကူ မကရင်မ ဝမ်းဗိုက်ဒဏ်ရာကြောင့် အူပေါက် သေဆုံးခြင်းဖြစ်ဟု ဆရာဝန် ထွက်ဆို
အိမ်အကူမကရင်မ သေဆုံးမှု အရာရှိကတော်ကို ပုဒ်မ ၃၀၂ ဖြင့် အမှုစွဲတင်
သေဆုံးသူ မကရင်မ ကိုယ်ခန္ဓာတွင်ဒဏ်ရာများတွေ့ကြောင်း တရားလိုသက်သေထွက်ဆို