ရခိုင်ပြည်နယ် မောင်တောမြို့နယ် ပြူးမ ချောင်းတွင်း လှေဖြင့် ဂဏန်း ရှာထွက်သွားသော ရခိုင် တိုင်းရင်းသား ၂ ဦး၏ ရုပ် အလောင်းများကို ယနေ့ နံနက် ၁၁ နာရီကျော် က ရှာဖွေ တွေ့ရှိခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ တိုင်းရင်းသား ၂ ဦးသည် မောင်တောမြို့နယ် အထက် ပြူးမချောင်း ကျေးရွာတွင် နေထိုင်သူ ဦးမောင်ထွန်းအေး ( ၅၆ )နှစ်နှင့် ရသေ့တောင် မြို့နယ် အုန်းချောင်း ကျေးရွာမှနေ ဦးမောင်မောင်သန်း ( ၅၁) နှစ်တို့ ဖြစ်ကြသည်။
၎င်းတို့ နှစ်ဦးသည် ဒီဇင်ဘာလ ၁၇ ရက် ညနေ ပိုင်းက လှေတစီးနှင့် ပြူးမချောင်း၌ ဂဏန်း ရှာဖွေရန် ထွက်သွားကြစဉ် နောက်တနေ့ မွန်းလွဲပိုင်း အထိ ပြန်ရောက် မလာခဲ့ကြသည့် အတွက် မိသားစုဝင်များက ငါးခူရ နယ်မြေ စခန်းသို့ တိုင်ကြားထားကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင် က ပြောသည်။
ထို့နောက်၂ ရက်တိုင် ရှာဖွေမှုများ လုပ်ဆောင်ကြပြီး ယနေ့၌ လည်ပင်းပြတ်ရှ ဒဏ်ရာများနှင့် အလောင်းအား ချောင်းအနီး ရှိ မြက်ရိုင်းတော တနေရာတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ဦးမြင့်ခိုင်က “ဒီနေ့ ချောင်းအနီး ပြူးမရွာနဲ့ တမိုင်လောက် အကွာမှာ မြက်ရိုင်းတော တနေရာမှာပဲ အလောင်းကို ရှာတွေ့ပါ တယ်။ လည်လှီး ဒဏ်ရာတွေနဲ့ သေဆုံးနေကို တွေ့ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ အသတ်ခံရမှုနှင့် ပတ်သက်၍ တရားခံကို တိတိကျကျ မသိရှိသေးကြောင်း၊ စုံစမ်း ရှာဖွေလျက် ရှိကြောင်းလည်း ဒေသ အာဏာပိုင်များက ပြောဆိုသည်။
ဆက်လက်၍ ဦးမြင့်ခိုင်က “ဘယ်သူ သတ်တယ် ဆိုတာတော့ တိတိ ကျကျ ပြောလို့ မရသေးဘူး။ ဒါပေမယ့်လည်း ဒီလို လည်လှီး ဒဏ်ရာတွေနဲ့ သတ်တာကတော့ များသော အားဖြင့် ARSA အကြမ်းဖက် အဖွဲ့ဝင်တွေက သတ်လေ့ သတ်ထ ရှိတယ် ” ဟု ပြောသည်။
အဆိုပါ အလောင်း ၂ လောင်းအား ရွာသားများက စက်လှေဖြင့် တင်ဆောင်၍ ယူဆောင်လာကြောင်း ကြိမ်ချောင်း ကျေး ရွာ အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင် က ပြောသည်။
ဦးကိုကိုအောင်က “ ဒီနေ့ မနက်ပိုင်းက အလောင်းကို တွေ့ပါတယ်။ ကျနော်တို့ ချောင်းတလျောက် စက်လှေနဲ့ တဖွဲ့ ၊ ကုန်းလမ်း ကနေ ဆိုင်ကယ်နဲ့ တဖွဲ့ စုပေါင်းပြီးတော့ လူအင်အား သုံးပြီး ရှာဖွေခဲ့တာပါ။ အလောင်းကိုတော့ အခု စက် လှေနဲ့ တင်ပြီး ယူလာကြပါတယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။
ထို့ပြင် ဒီဇင်ဘာလ ၁၇ ရက် ညပိုင်း၌ မောင်တော မြို့နယ် တမန်းသား ကျေးရွာနေ မရမာကြီး တိုင်း ရင်းသားများ ဖြစ်ကြ သည့် ဦးစောထွန်းဦးနှင့် ဦးမောင်လှဦး (မီးတိုက်ကျေး ရွာနေ) တို့မှာလည်း ပြူးမ ချောင်းတွင်း ငါးရှာနေစဉ် ဘင်္ဂါလီများ လာရောက် တိုက်ခိုက်ခြင်း ခံရသဖြင့် တဦးမှာ ထွက်ပြေး လွတ်မြောက်ကာ ကျန်တဦးမှာ ဦးခေါင်းကို လှော်တက်ဖြင့် အရိုက်ခံရသဖြင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်းလည်း သိရသည်။
ယင်းသို့ ဒဏ်ရာ ရရှိသွားသည့် ဦးမောင်လှ (၃၅ ) နှစ်မှာ ဦးခေါင်း ပေါက်ပြဲ ဒဏ်ရာ အချက်၂၀ ရရှိခဲ့သဖြင့် ကြိမ်းချောင်း ဆေးခန်းတွင် ယမန့်နေက ဆေးကုသမှုကို ခံယူခဲ့ပြီး လက်ရှိအချိန်တွင် မောင်တော ဆေးရုံသို့ ပြောင်းရွေ့ ကုသလျက် ရှိသည်။
ဒီဇင်ဘာလ ၁၅ ရက် ကလည်း မောင်တောမြို့နယ် သစ်တော ကျေးရွာနေ အသက် (၁၃) နှစ် အရွယ် မီးချေ(ခ) မနှင်း ဖြူသည် နွားကျောင်းရန် သွားရောက်စဉ် ပျောက်ဆုံးသွားကာ နောက်တနေ့ မနက်တွင် ရွာနှင့် ၂ မိုင်ခန့် အကွာ တောစပ် တနေရာ၌ လည်ပင်းပြတ်ရှ ဒဏ်ရှာနှင့် အလောင်းအား တွေ့ ရှိခဲ့ရကြောင်း သိရသည်။