ဘင်္ဂါလီများအား ကမန်တိုင်းရင်းသားအဖြစ် မှတ်ပုံတင် ထုတ်ပေးသည် ဆိုသော စွပ်စွဲမှုများမှာ မှန်ကန်ပြီး ထုတ်ပေးခဲ့သည့် လူဝင်မှု ကြီးကြပ်ရေးအဖွဲ့ (လဝက) တာဝန်ရှိသူများကို စစ်ဆေး အရေး ယူမည်ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ယနေ့ပြောဆိုလိုက်သည်။
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ဒေသတွင် ကမန်တိုင်းရင်းသား ၃၀၀၀ ကျော်ကို မှတ်ပုံ တင်ထုတ် ပေးခဲ့ရာတွင် ၎င်းတို့ထဲမှ ၂၁ ဦးမှာ ကမန်တိုင်းရင်းသားများ မဟုတ်ကြောင်း တွေ့ရှိခဲ့ရ၍ ဒုတိယညွှန်ကြားရေးမှူး အဆင့်ရှိ အရာရှိတဦး ဦးစီးကာ စုံစမ်းစစ်ဆေးရန် တာဝန်ပေးထားသည်ဟု သိရသည်။
ဝန်ကြီး ဦးသိန်းဆွေက “တွေ့ရှိချက်တွေမှာ မူတည်ပြီးတော့မှ အဲဒီ တာဝန်ရှိတဲ့သူတွေကို ဝန်ထမ်း စည်းမျဉ်း စည်းကမ်းအတိုင်း ဆက်လက် ပြီးတော့မှ အရေးယူ ဆောင်ရွက်သွားပါမယ်။ ဒါသည် ခိုင်မာတဲ့ အထောက်အထား ဖြစ်အောင်၊ သက်သေရှိအောင် ဝန်ကြီးဌာနအနေနဲ့ တိတိကျကျ ဆောင်ရွက်နေပါတယ်” ဟု ယနေ့ ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးမှ ပြန်ထွက်လာစဉ် သတင်းထောက်များ ပြောသည်။
ယနေ့ ပြုလုပ်သည့် ပြည်သူ့လွှတ်တော်တွင်လည်း ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများအား ကမန်လူမျိုး အမည်ခံကာ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနေခြင်းကို စိစစ်ပေးရန်အတွက် ဘူးသီး တောင်မြို့နယ် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက မေးခွန်း မေးမြန်းခဲ့သည့်အတွက် ဝန်ကြီးက လာရောက် ရှင်းလင်းခြင်း ဖြစ်သည်။
ဦးအောင်သောင်းရွှေက “တည်ငြိမ်အေးချမ်းနေတဲ့ ဒေသတခုကို အစိုးရတခုရဲ့ လုပ်ငန်းမှားယွင်းမှု ကြောင့် မလိုလားအပ်တဲ့ တည်ငြိမ်မှု ပျက်ပြားမှာ စိုးတယ်။ တိုင်းရင်းသား တခုနဲ့ တခု သံသယတွေ ဖြစ်သွားမှာ စိုးတယ်။ အစိုးရ အပေါ်မှာ ပြည်သူလူထုရဲ့ အယုံအကြည်လည်း ကျဆင်းသွားမှာ ဖြစ်တယ်။ ဒါကြောင့် ဒီမေးခွန်းကို မေးရခြင်းဖြစ် တယ်” ဟု ဆိုသည်။
ရခိုင်အမျိုးသား ပါတီ (ANP) ၏ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် နှင့် မြေပုံမဲဆန္ဒနယ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးဖေသန်းကလည်း “သူတို့ ဖြတ်လမ်းက တိုင်းရင်းသား လုပ်သွားတယ်ဆိုရင် နောင်တချိန်မှာ ကမန်တွေ အများကြီး ဖြစ်လာမယ်။ ကမန်တွေ အများကြီး ဖြစ်လာရင် ဒီဒေသမှာ တိုင်းရင်းသားရေးရာဝန်ကြီးတို့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့ ဆိုတာမျိုးတွေ ဖြစ်လာနိုင်တယ်။ သူတို့က လူဦးရေပေါက်ဖွားမှု အများကြီး များတယ်။ နိုင်ငံအတွက်လည်း မကောင်းတဲ့လက္ခဏာပဲ” ဟု သတင်းထောက်များအား ပြောသည်။
ကျောက်နီမော် ကျေးရွာအုပ်စုတွင် ကမန်လူမျိုး လူဦးရေ ၂၀၀ ကျော်သာရှိပြီး ယင်းကျေးရွာနေ ဘင်္ဂါလီများအား ကမန်လူမျိုးအဖြစ် လူဦးရေ ၃၀၀၀ ကျော်အထိ မှတ်ပုံတင် ထုတ်ပေးနေကြောင်းနှင့် အဆိုပါကိစ္စအား စစ်ဆေး အရေးယူပေးရန် ကျောက်နီမော် ဒေသခံ ရခိုင်နှင့် ကမန်လူမျိုးများ၊ ပါတီအဖွဲ့အစည်းများက ရန်ကုန်မြို့တွင် သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
ကမန် အမျိုးသား တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးတင်ဝင်းလှိုင်က “ကျောက်နီမော် အုပ်စုက ဘင်္ဂါလီစကားပဲ ပြောတာဗျ။ ဘင်္ဂါလီယဉ်ကျေးမှုနဲ့ နေတယ်။ ရခိုင်စကားတောင် ကောင်းကောင်း မွန်မွန် လိပ်ပတ်လည်အောင် မပြောနိုင်တဲ့ လူအစုအဖွဲ့ တခုကို လဝက မှတ်တမ်းတွေ အရလည်း ပြောခဲ့ပြီးပြီ။ ကျနော်တို့ ကမန်လူမျိုးတွေ မဟုတ်ဘူးလို့။ သူတို့ကိုယ်တိုင်ကလည်း ကမန်လို ပြောမနေဘူး။ ဒါကြောင့် ကျောက်နီမော် ကိစ္စပြီးရင်တော့ ပိုပြီး ရှုပ်ထွေးသွားလိမ့်မယ်” ဟု ဆိုသည်။
သို့သော် ၂၁ ဦးသာလျှင် ကမန် မဟုတ်သူများဖြစ်ပြီး ကျန်သူများမှာ ကမန်များဖြစ်ကြောင်းကို တာဝန်ယူကြောင်းနှင့် အစိုးရအဖွဲ့တွင် မှတ်တမ်းအချက်အလက်များရှိကာ လွှတ်တော်ဥက္ကဋ္ဌ ခွင့်ပြုချက်ဖြင့် လာရောက် ကြည့်ရှုနိုင်ကြောင်း လွှတ်တော်အစည်းအဝေးအတွင်း ဝန်ကြီးက တုံ့ပြန် ရှင်းလင်းထားသည်။
ဝန်ကြီး ဦးသိန်းဆွေက “၂၁ ဦးကတော့ ရုံးချုပ်မှာ ရှိတဲ့ အထောက်အထားတွေနဲ့ တိုက်ဆိုင်စစ်ဆေး တဲ့အခါမှာ တချို့ သော ဖခင်ဘက်က ဘေးတွေ၊ အမိဘက်က ဘိုးတွေ၊ အဲဒီကိစ္စတွေမှာ ဘင်္ဂါလီ နွယ်နေတာ ပါတယ်။ တချို့က အိန္ဒိယနွယ်နေတာ ပါတယ်” ဟု သတင်းထောက်များကို ရှင်းပြသည်။
၎င်းက ဆက်လက်ပြီး “အဲဒီထဲမှာမှ ကိုယ့်ရဲ့ စိတ်ဆန္ဒနဲ့ လာဘ်ပေးလာဘ်ယူ လုပ်ပြီးတော့မှ ပေးခဲ့ တယ်ဆိုရင်လည်း အရေးယူသွားမှာ ဖြစ်ပါတယ်။ ဒီလို ပွင့်ပွင့်လင်းလင်း ရှင်းလင်းချပြပြီးတော့မှ ဆောင်ရွက်တဲ့အတွက် တိုင်းရင်းသား ပြည်သူအားလုံး စိတ်ထဲမှာ မယုံသကာင်္စိတ်တွေ လျော့နည်းသွားမယ်လို့ ထင်ပါတယ်” ဟု ဆိုသည်။
စစ်ဆေးတွေ့ရှိခဲ့သည့် ၂၁ ဦးကို ပြန်လည်စိစစ်မှု လုပ်ဆောင်သွားမည်ဖြစ်ကာ နိုင်ငံသားမှန်ကန်ပါက ကမန်အစား ကမန်/ဘင်္ဂါလီ၊ အိန္ဒိယ/ကမန် စသည်ဖြင့် အသိအမှတ်ပြုကတ်များ ပြောင်းလဲ ထုတ်ပေးသွားမည်ဟုလည်း သိရသည်။
ကမန် ရပ်မိရပ်ဖများ အတည်ပြုချက်၊ ကမန်လူမျိုး စိစစ်ရေးကော်မတီဗဟို၏ စိစစ်ချက်များအရ မြန်မာတနိုင်ငံလုံးတွင် ကမန်တိုင်းရင်းသားဦးရေ ၄၀၀၀၀ ကျော်ရှိသည်ဟု ကမန်အမျိုးသားတိုးတက်ရေးပါတီက ထုတ်ပြန်ပြောဆိုထားသည်။
ဆက်စပ်သတင်း
ကမန် မှတ်ပုံတင် အမှားအယွင်း ဖြစ်ပေါ်က တာဝန်ယူမည်ဟု လဝက ဝန်ကြီး ပြော
ကမန် မှတ်ပုံတင် ထုတ်ပေးနေမှု စစ်ဆေးမည်ဟု ဝန်ကြီးပြော
ကမန် အိမ်ထောင်စု ၅၀ ကျော် ရန်ကုန်သို့ ပို့ဆောင်မှု ကြံ့ခိုင်ရေးအမတ် ကန့်ကွက်