၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်မတိုင်မီကတည်းက အငြိမ်းစား ပင်စင်လစာ ခံစားနေသူများကို လာမည့် နှစ် ဇန်နဝါရီလမှ စ၍ လက်ရှိ တာဝန်ထမ်းဆောင်နေသူများ အငြိမ်းစားယူပါက ရရှိမည့် ပင်စင်လစာ အတိုင်း တိုးမြှင့်ခံစားခွင့် ပြုလိုက်ပြီဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်လိုက် သည်။
ယခင်က ပင်စင်ခံစားခွင့်နှင့် ပတ်သက်၍ ရာထူးနှင့် လုပ်သက် တူညီသော်လည်း နောက်ဆုံး ခံစားခဲ့ သည့် လစာအပေါ် မူတည်၍ ခံစားခွင့်ပေးခဲ့ခြင်း ဖြစ်ပြီး၊ ခေတ်ကာလနှင့် ငွေကြေးပမာဏမှာ မတူညီ ဖြစ်နေသဖြင့် ယခုဝန်ထမ်းများအတိုင်း ခံစားခွင့် တိုးမြှင့်ပေးလိုက်ခြင်း ဖြစ်သည်။
စီမံ/ဘဏ္ဍာ ဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးဝင်းထိုက်က “မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အငြိမ်းစားဝန်ထမ်းတွေ အကုန် အသက်ဝင်ပါတယ်။ ဧပြီ ၂၉ ရက်တုန်းက သူ့ရာထူးအလိုက် ထုတ်ပြန်တာ ရှိတယ်။ အဲဒီအပေါ်မှာပဲ အခြေပြုပြီး တွက်ပေးခဲ့တာ ဖြစ်ပါတယ်။ အရင်တုန်းက သူတွေရော၊ အခုယူမယ့်သူတွေရော အဲဒီလိုပဲ တွက်ပေးမှာ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
တိုးမြှင့် ပင်စင် လစာအား အငြိမ်းစားယူခဲ့သော နောက်ဆုံးရာထူးချိန် လစာနှင့် ကိုက်ညီသည့် ၂၀၁၈ ခုနှစ် ဧပြီ ၂၉ ရက်နေ့ပါ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးရုံး၏ အမိန့် ကြေညာစာ အမှတ် (၃၀/ ၂၀၁၈) အရ သတ်မှတ်သော လစာနှုန်းထားများအပေါ်တွင် အခြေပြု၍ ပင်စင်နည်းဥပဒေနှင့်အညီ တွက်ချက် သတ်မှတ်ပေးမည် ဖြစ်သည်ဟု ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ပါရှိသည်။
တိုးမြှင့်ခံစားရမည့် ငွေပမာဏနှင့် ပတ်သက်၍ ဝန်ကြီးဌာန လက်အောက်ရှိ ပင်စင်ဦးစီးဌာနမှ တွက် ချက်ပေးကာ သက်ဆိုင်ရာဘဏ်များသို့ ပေးပို့သွားမည်ဟုလည်း ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးဝင်းထိုက်က ဆိုသည်။
ယခုကဲ့သို့ ပင်စင်လစာ တိုးမြှင့်ခွင့်ကို ဒီဇင်ဘာလ ၁၂ ရက်က ပြုလုပ်သည့် နိုငငံတော်အစိုးရအဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အငြိမ်းစားဝန်ထမ်းများ စားဝတ်နေရေး သက်သာမှုရှိ စေရန်အတွက် ဖြစ်သည်ဟု ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ပါရှိသည်။
၂၀၁၅ ခုနှစ် ဧပြီလကလည်း ပင်စင်ခံစားနေသည့် နိုင်ငံဝန်ထမ်း အငြိမ်းစားများ (တပ်မတော်သား အငြိမ်းစာ အပါအဝင်) အား ခံစားနေဆဲ ပင်စင်လစာအပြင် ကျပ် ၄၅၀၀၀ ထပ်မံတိုးမြှင့် ခံစားခွင့် သတ်မှတ်ပေးခဲ့ဖူးသည်။
အစိုးရအဖွဲ့ ရာထူးအဆင့်အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစားဝန်ထမ်းများ၏ ပင်စင် လစာများကို မည်သည့်အချိန်တွင် အငြိမ်းစားယူသည် ဖြစ်စေ ရာထူးအဆင့်နှင့် လုပ်သက်တူညီပါက တပြေးညီ ခံစားခွင့်ပြုရန် စစ်ကိုင်းတိုင်း မဲဆန္ဒနယ် ၅ မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရဲထွဋ်က ဒီဇင်ဘာလ ၇ ရက်တွင် ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့ဖူးသေး သည်။
ဦးရဲထွဋ်က “ရာထူးတူ၊ လစာတူ၊ လုပ်သက်တူရင် တပြေးညီ ပင်စင်လစာကို ခံစားရမှာဖြစ်တော့ ကောင်းပါတယ်။ အခြေခံလစာပေါ်မှာ၊ လုပ်သက်ပေါ်မှာ မူတည်ပြီး တပြေးညီပေးမှာ ဖြစ်တဲ့အတွက် အလွန်ပင် ကောင်းပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ယခုနှစ် သြဂုတ်လအထိ နိုင်ငံ့ပင်စင် ခံစားနေသူ အငြိမ်းစားဝန်ထမ်း ၈၁၂,၉၆၆ ဦး ရှိပြီး နှစ်စဉ် တိုးတက်နေသည့် ပင်စင်စားဦးရေမှာ ပျမ်းမျှ ၄၀၀၀၀ ခန့် ရှိကာ လက်ရှိ ရှိပြီးသား ပင်စင်စား ၅၀၀၀ ခန့်မှာ အကြောင်း အမျိုးမျိုးကြောင့် ဆက်လက်ပေးစရာ မလိုသည့်အတွက် ပျမ်းမျှ တိုးနှုန်းမှာ ၃၅၀၀၀ ဦးခန့် ရှိသည်ဟု ပင်စင်ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။
ရေတာရှည်မြို့နယ်၊ တောင်နီကျေးရွာမှ အငြိမ်းစား မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နှင်းရည် က “အခု ပင်စင်ရ တာ တလကို တသိန်းပြည့်ဖို့ ထောင်ပဲလျော့တယ်။ ပင်စင်ထုတ်ပြီးရင်လည်း ကုန်ဈေးနှုန်းက မြင့်နေတော့ ဘာမှ မသုံး လိုက်ရပါဘူး။ ထပ်တိုးပေးမယ်ဆိုရင်တော့ အတိုင်းထက် အလွန် ဝမ်းသာတာပေါ့” ဟု ဆိုသည်။
ဆက်စပ်သတင်း
၂၀၁၉ တွင် ပင်စင်လစာများ တိုးပေးရန် ပြင်ဆင်နေဟု ဒုဝန်ကြီး ပြော