နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီအမတ်ဖြစ်သူ ဦးအောင်သောင်းရွှေမှာ ဒေါက်တာ အေးမောင်သား ဖြစ်သူ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးတင်မောင်ဝင်းအတွက် မဲဆွယ်ပေးခဲ့သည့်အတွက် အရေးယူသွားမည်ဟု ရခိုင်အမျိုးသားပါတီ (ANP) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဖေသန်းက ပြောသည်။
ဦးဖေသန်း က “သူ (ဦးအောင်သောင်းရွှေ) က ရသေ့တောင်ကြားဖြတ်ရွေးကောက်ပွဲမှာ တဖက်ပါတီက သွားပြီး မဲဆွယ်တယ်။ ဒါကြောင့် ပါတီက လာမယ့် CEC (ဗဟိုအလုပ်အမှုဆောင် ကော်မတီ) အစည်းအဝေးမှာ တခုခု ဆုံးဖြတ်ပါလိမ့်မယ်။ ပါတီက ထုတ်ချင်လည်း ထုတ်မှာပေ့ါ။ ဒါမှမဟုတ် ပါတီစည်းကမ်းအရ အရေးယူရင်လည်း ယူမှာပေါ့” ဟု ဒီဇင်ဘာလ ၁၉ ရက်တွင် သတင်းထောက်များအား ပြောသည်။
အစည်းအဝေးကိုမူ မည့်သည့်အချိန်တွင် လုပ်သွားမည် ဖြစ်ကြောင်းကိုမူ တိကျစွာ ပြောဆိုခြင်း မရှိဘဲ မကြာမီ လုပ်ဆောင်မည်ဟုသာ ဆိုထားသည်။
ဦးအောင်သောင်းရွှေသည် ပါတီကိုယ်စားပြု ရွေးချယ်ခံထားရသူ ဖြစ်ကာ ယင်းသို့ လုပ်ဆောင်ချင်ပါက ပါတီမှ ထွက်ပြီးသာလျှင် ဆောင်ရွက်သင့်ကြောင်း ANP ဘက်က သဘောထား ရှိသည်။
ဦးဖေသန်းက “ပါတီဝင်တယောက်ဟာ အဲဒီပါတီကို ကြိုက်လို့ မဲပေးလိုက်တဲ့ ပြည်သူအပေါ်မှာလည်း သစ္စာရှိဖို့ လိုတယ်။ သူ့အနေနဲ့ ANP ပါတီက ဝင်လို့ အနိုင်ရခဲ့တာ ဖြစ်တယ်။ တခြားပါတီကဝင်ရင် အနိုင်ရမှာ မဟုတ်ဘူး။ ပြည်သူတွေက ဒီနေ့မှာ လူပုဂ္ဂိုလ်ထက် ပါတီကို အဓိကထားပြီး မဲပေးကြတာဆိုတော့ အဲဒီပါတီအပေါ်မှာ သစ္စာရှိဖို့ လိုပါတယ်” ဟု ပြောသည်။
ဦးအောင်သောင်းရွှေသည် ANP ပါတီ ဗဟိုကော်မတီ အဖွဲ့ဝင် တဦးဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါတီကိုယ်စားပြု ရွေးချယ်ခံရကာ ဒေါက်တာအေးမောင်မှာ လက်ရှိအချိန်အထိ ပါတီဝင်အဖြစ် ရှိနေဆဲ ဖြစ်သည့်အတွက် ၎င်း၏ ဦးဆောင်မှုကိုသာ ခံယူမည်ဖြစ်ကြောင်း တုံ့ပြန်လိုက်သည်။
ပါတီဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာအေးမောင်မှာ ပါတီက တရားဝင် နုတ်ထွက်ခွင့် စာတင်ထားသော်လည်း ပါတီဘက်မူ ယခုအချိန်အထိ ဆုံးဖြတ်ချက် တစုံတရာ ချမှတ်ပေးခြင်း မရှိသေးပေ။
ဦးအောင်သောင်းရွှေက “ဒေါက်တာအေးမောင်ကို ထောက်ခံလို့ ပါတီကို သစ္စာဖောက်တယ်ဆိုတာ မဖြစ်ဘူး။ ဒါက လမ်းညွှန်မှုကို ခံယူတာပဲ ရှိတယ်။ ဆိုတော့ ဒါကိုတော့ မြင်ချင်သလို မြင်လို့ရတယ်။ အထူးသဖြင့် ဒေါက်တာ အေးမောင်ရဲ့လမ်းညွှန်မှုအတိုင်း ခံယူဖို့ရှိပါတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရသေ့တောင်မဲဆန္ဒနယ် (၂) (ပြည်နယ်လွှတ်တော်) တွင် ANP ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းအဖြစ် ဦးဦးလှမြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးတင်မောင်ဝင်းက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိထားသည်။
ဒေါက်တာအေးမောင်မှာ လက်ရှိတွင် နိုင်ငံတော် ပုန်ကန်မှု၊ အစိုးရအား အကြည်ညိုပျက်စေမှုတို့ဖြင့် စစ်တွေခရိုင် တရားရုံးတွင် အချုပ်နှင့် တရားရင်ဆိုင်နေရဆဲ ဖြစ်ကာ ၎င်းထပ်မံ တည်ထောင်မည့် ရခိုင်ဦးဆောင်ပါတီကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့် ပြုထားသည်။
ရခိုင့်နိုင်ငံရေးအတွင် ပါတီများ ကွဲထွက်ကုန်ခြင်းမှာ ဂိုဏ်းဂဏဆန်ခြင်းနှင့် ခေါင်းဆောင်မှု ပြဿများကြောင့် ဖြစ်ပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲအပြီးတွင် ပြည်နယ်၌ ရခိုင်တိုင်းရင်းသားများ ဦးဆောင်သည့် ပြည်နယ် အစိုးရ ဖွဲ့စည်းရေးမှာ မဖြစ်နိုင်တော့ကြောင်း သုံးသပ်မှုများ ရှိသည်။
ရခိုင် သယံဇာတနှင့် သဘာဝကွန်ရက် ခေါင်းဆောင်တဦး ဖြစ်သူ ဦးထွန်းကြည် က “ဖေ့ဘုတ်စ်ပေါ်မှာလည်း တိုက်ခိုက် နေကြတာ ရှိတယ်။ တချို့ဆိုရင် အချင်းချင်းတောင် စကားမပြောနိုင်တာတွေ ရှိတယ်။ အဲဒီလောက်ထိ ကွဲကွာခြင်းကတော့ ဒီမိုကရေစီ စနစ်အရ ကွဲကွာခြင်းက ပြောစရာမရှိဘူးဆိုပေမယ့် ရခိုင်အမျိုးသား အကျိုးစီးပွား အတွက်ကတော့ အဆင်မပြေဘူး” ဟု ပြောသည်။