မြန်မာနိုင်ငံသည် တခြား အာရှ နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် မြေမြှုုပ်မိုင်း အသုံးပြုမှု အဆင့် ၃ နေရာတွင် ရှိနေကြောင်း မြေမြှုပ်မိုင်း စောင်ကြည့် လေ့လာရေးအဖွဲ့ Landmine Monitor (LM) က ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ LM က မြန်မာနိုင်ငံ၏ မြေမြှုပ်မိုင်း စောင့်ကြည့် လေ့လာရေး အစီအရင်ခံစာ ထုတ်ပြန်၍ သတင်းစာ ရှင်းလင်းပွဲ ကျင်းပသည်။
သတင်းစာ ရှင်းလင်းပွဲတွင် LM မှ Dr Yeshua Moser Puangsuwan က“တခြားနိုင်ငံနဲ့ ယှဉ်ရင် မြန်မာက ထိခိုက် ဒဏ်ရာ ရတာ မသေးပါဘူး။ ကောက်ယူရရှိတဲ့ စာရင်းအရ လူတော်တော်များများ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ပေမယ့် အသက်ရှင် ကျန်တယ် ဆိုတာ သိရတယ်။ ၂၀၀၇ ခုနှစ်ကနေ ဒီနေ့ထိ ဆက်လက် တည်ရှိနေတဲ့ ကိန်းဂဏန်း ဖြစ်ပါတယ်”ဟု ပြော သည်။
၂၀၀၇ မှ စတင်၍ ၂၀၁၈ ခုနှစ်အထိ မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းကြောင့် ထိခိုက် သေဆုံးမှု ၃၅၃၉ ဦး ရှိပြီး အဆင့် ၃ နေရာ တွင် ရှိနေကြောင်း ယင်း အစီအရင်ခံစာက ဆိုထားသည်။
အာရှနိုင်ငံများတွင် အာဖဂန်နစ္စတန် နိုင်ငံသည် မြေမြှုပ်မိုင်း အသုံးပြုမှု အဆင့် ၁ နေရာတွင်ရှိနေပြီး ပါကစ္စတန် နိုင်ငံမှာ အဆင့် ၂၊ မြန်မာ အဆင့် ၃၊ ကမ္ဘောဒီးယား အဆင့် ၄၊ အိန္ဒိယ အဆင့် ၅၊ ဗီယက်နမ် အဆင့် ၆၊ နီပေါ အဆင့် ၇၊ သီရိ လင်္ကာ အဆင့် ၈၊ ဖိလစ်ပိုင် အဆင့် ၉၊ ထိုင်း အဆင့် ၁၀၊ တရုတ် အဆင့် ၁၁၊ တောင်ကိုရီးယား အဆင့် ၁၂၊ အင်ဒိုနီးရှား အဆင့် ၁၃၊ မွန်ဂိုလီးယား အဆင့် ၁၄၊ ဘင်္ဂလားဒေ့ရှ် အဆင့် ၁၅၊ မလေးရှား အဆင့် ၁၇ တို့ဖြစ်ကြောင်း အစီအရင်ခံစာ၌ ဖော်ပြထား သည်။
မြေမြှပ်မိုင်းကို တပ်မတော် အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အားလုံး အသုံးပြုနေကြကြောင်း၊ တရားဝင် မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်မှာတော့ သုည ရာခိုင်နှုန်းသာ ရှိကြောင်း LM မှ ဒေါက်တာ ယေရွာ မိုဆာ ပန်စူးဝမ်က ဆို သည်။
ထို့ပြင် မြေမြှပ်မိုင်း ထိခိုက်မှု ကြုံတွေ့ ရသူများသည် တောကို အမှီပြုပြီး အသက်မွေးဝမ်းကျောင်း ပြုနေကြရသူများ ဖြစ် ကြောင်းလည်း ဆိုထားသည်။
မြန်မာနိုင်ငံတွင်းရှိ ကရင်၊ ကချင်၊ ချင်း၊ ရခိုင်၊ ကယား၊ မွန်၊ ရှမ်း စသည့် ပြည်နယ်များ၊ တနင်္သာရီ၊ ပဲခူး စသည့် တိုင်းဒေသ ကြီး များတွင် မြေမြှုပ်မိုင်းများ ရှိနေပြီး မြို့နယ်ပေါင်း ၇၈ မြို့နယ်မှ ပြည်သူ လူထုသည် မြေမြှုပ်မိုင်း အန္တရာယ်ကို ရင်ဆိုင် နေကြရသည်ဟု LM ၏ အစီအရင်ခံစာ၌ ပါရှိသည်။
မြန်မာနိုင်ငံသည် မိုင်းအသုံးပြုမှု ပိတ်ပင် တားမြစ်ခြင်းနှင့် ပတ်သက်၍ ၁၉၉၇ ခုနှစ် အိုတဝါ သဘောတူ စာချုပ်၊ ၂၀၀၈ ခုနှစ် ထပ်ဆင့် ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ ဆိုင်ရာ သဘောတူ စာချုပ်များ ဖြစ်သည့် စာချုပ် ၂ ခုလုံးကို သဘောတူ လက်မှတ် ရေးထိုးထားခြင်း မရှိသေးပေ။
အထက်ဖော်ပြပါ တိုင်းနှင့် ပြည်နယ်များ အတွင်း လှုပ်ရှားနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တပ်မတော် ကြား ငြိမ်းချမ်းရေး ဆွေးနွေးလျက်ရှိကာ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA)ကို လက်နက်ကိုင် ၁၀ ဖွဲ့က ပါဝင် လက်မှတ်ရေး ထိုးထားပြီး ကျန် ၁၀ ဖွဲ့ဖြင့် NCA ထိုးနိုင်ရေး အစိုးရ၊ တပ်မတော်ဘက်က ကြိုးပမ်းလျက်ရှိ သည်။
NCA စာချုပ်ထဲတွင် မြေမြှုပ်မိုင်းများ ရှင်းလင်းရန် ပါရှိသကဲ့သို့ NCA စာချုပ်မှ အကောင်အထည် ဖော်ဆောင် ရွက်နေရ သည့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ(JMC)၏ လုပ်ငန်းစဉ်ထဲတွင်လည်း မိုင်းရှင်း လင်းရေး ကိစ္စများ ပါဝင်သော်လည်း ယနေ့ချိန်ထိ NCA ထိုးထားသည့် လက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့ နှင့် တပ်မတော်ကြား မှာပင် မြေမြှုပ်မိုင်း ဖယ်ရှား ရှင်းလင်းရေး အတွက် ပူးပေါင်း ဆောင်ရွက်နိုင်ခြင်း မရှိသေးဘဲ ဆက်လက် အသုံးပြုနေကြဆဲ ပင် ဖြစ်ကြောင်း သိရသည်။
NCA ထိုးထားသည့် ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)မှ ဒုဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက လက်ရှိတွင် နိုင်ငံ ရေး အရ ညှိနှိုင်း ဆွေးနွေးမှုများ လုပ်နေရသော အခြေအနေ ဖြစ်သကဲ့သို့ တိုက်ပွဲများလည်း ပြန်လည် ဖြစ်ပွားနေခြင်း ကြောင့် လုပ်ငန်း ဖော်ဆောင်ရန် မလုပ်နိုင်ဘဲ ဖြစ်နေကြောင်း ဆိုသည်။
“အဲဒီ မြေမြှပ်မိုင်း ရှင်းလင်းရေးကတော့ ကျနော်တို့ အဖွဲ့တွေထဲမှာ မိုင်းကိစ္စနဲ့ ပတ်သက်ရင် ပူးပေါင်း ဆောင်ရွက်မယ်။ ကျနော်တို့ PNLO ဆိုရင် ပြည်ထောင်စု သဘောတူ စာချုပ် ချုပ်တဲ့ ကာလတုန်းက ပူးပေါင်း ဆောင်ရွက်မယ်ဆိုပြီး သဘောတူထားတာ ရှိတယ်။ သို့သော် လက်တွေ့မှာတော့ အဲဒါတွေက လုပ်မယ်လို့ ပြောသော်လည်း ကျနော်သိသ လောက်တော့ လက်တွေ့ ကျကျ ဘာမှ ပူးပေါင်း ဆောင်ရွက်မှုတော့ မရှိသေးဘူး။ JMC တို့ ဘာတို့မှာလည်း ဆွေးနွေးကြ တယ်လို့တော့ သိရတယ်။ ဒါပေမယ့် အဲဒီကိစ္စတွေကတော့ ထင်ထင်ရှားရှား သိသိသာသာ ဆောင်ရွက်တာ တွေတော့ မတွေ့ရဘူး” ဟု ၎င်းက ပြောသည်။
ထို့ပြင် NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တဖွဲ့မှ အမည်မဖော်လိုသူ တဦးကလည်း NCA ထိုးပြီး ကတည်းက ယုံကြည်မှု တဖြည်းဖြည်း တက်လာခြင်း မဟုတ်ဘဲ ပိုယုတ်လျော့သွားခြင်းကြောင့် မြေမြှုပ်မိုင်း ရှင်း လင်းရေး ကိစ္စ အပေါ် နှစ်ဖက် စလုံးမှ မဆွေးနွေးနိုင်ကြသေးဟု ဆိုထားသည်။
လက်ရှိ၌ NCA ကို ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)၊ မွန်ပြည်သစ် ပါတီ(NMSP)၊ လားဟူ ဒီမိုရက်တစ် အစည်းအရုံး (LDU)တို့က လက်မှတ် ထိုးထားကြသည်။
“ဝ”ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(NDAA)၊ ရှမ်း ပြည် တိုးတက်ရေး ပါတီ(SSPP/SSA)၊ ကချင် လွတ်လပ်ရေး တပ်မတော်(KIA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက် ရေး တပ်မတော်(TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(MNDAA)၊ ရက္ခိုင့် တပ်မတော်(AA)၊ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ္ပလန်(NSCN-K)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါ တီ(KNPP)၊ ရခိုင် အမျိုး သား ကောင်စီ(ANC)တို့ NCA ထိုးနိုင်ရေး အစိုးရ၊ တပ်မတော်က ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။