တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) မှ နှစ်ဘက်ကိုယ်စားလှယ် များသည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ပါ ပြဌာန်းချက်များနှင့် ပတ်သက်သော ၎င်းတို့၏ သဘာထားများကို ဆက်လက်ဆုပ်ကိုင်ထားပါက တခုတည်းသော တပ်မတော် ထူထောင်ရေးပြဿနာသည် ယခုပြုလုပ်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အခက်အခဲတခုအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်သည်ဟု ငြိမ်းချမ်းရေးလေ့လာသူများနှင့် ပါဝင်ပတ်သက်သူများက ပြောသည်။
“တခုတည်းသော တပ်မတော်ထားရှိရေးဆိုတာ သဘောတရားအရ ေ၀ဝါးနေတယ်။ ဒါကြောင့် ဒီပြဿနာကို ဆွေးနွေးတဲ့အခါ အခြေခံစည်းကမ်းချက်တွေပေါ်လာတယ်” ဟု ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက မြန်မာငြိမ်းချမ်းရေးနှင့် လုံခြုံရေးဌာန (MIPS) ကထုတ်ဝေသည့် ‘ ခွဲမထွက်ရေး၊ တခုတည်းသော တပ်မတော်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်’ အမည်ရှိ စာအုပ် ဖြန့်ချိပွဲတွင် ပြောသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
EAOs တို့သည် တခုတည်းသော တပ်မတော်ထားရှိရေးအတွက် အပြည့်အ၀ သဘောမတူမီ ဖွဲ့စည်းတည်ဆောက်ပုံ၊ တာဝန်ဝတ္တရားများ စသည်တို့အပါအဝင် တခုတည်းသော တပ်မတော်ဖြစ်လာစေမည့် စည်းကမ်းချက်များကို သတ်မှတ်ထားခြင်း ဖြစ်သည်ဟု ၎င်းကပြောသည်။ တပ်မတော်ကမူ အဆိုပြုထားသော တခုတည်းသော တပ်မတော်၏ စည်းကမ်းသတ်မှတ်ချက်မထားဘဲ အခြေခံမူများကိုသာ သဘောတူရန် EAOs များကို တိုက်တွန်းထားသည်။
လုံခြုံရေးကဏ္ဍနှင့် ပတ်သက်သော ပြဿနာများသည် ကနဦးအဆင့်ကို ကျော်လွှာနိုင်ခြင်း မရှိသေး သောကြောင့် တခုတည်းသော တပ်မတော်ဖွဲ့စည်းရေး ပြဿနာသည်လည်း အခြားဆွေးနွေးမှုများ၏ နောက်တွင်ကျန်နေရစ်သည်။ ထိုပြဿနာနှင့်အတူ တွဲနေသော ခွဲမထွက်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပေါ် ဘုံနားလည်မှုရရေး ချမှတ်နိုင်ခြင်း မရှိသေးဘဲ ဆွေးနွေးပွဲများ တုံ့ဆိုင်းနေသည်မှာ နှစ်နှစ်နီးပါးရှိပြီဖြစ်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရက ခွဲမထွက်ရေး၊ တခုတည်းသော တပ်မတော် ဖွဲ့စည်းရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် တို့ပါဝင်သော ဆက်စပ်သဘောတူညီချက်များကို အပြင်းအထန် ကန့်ကွက်ခြင်း မရှိသော်လည်း တပ်မတော်နှင့် EAOs များအကြား တခုတည်းသော တပ်မတော်နှင့် ပတ်သက်သည့် ဘုံနားလည်မှု ရရှိခြင်း မရှိသေးပေ။
ထိုပြဿနာနှင့် ပတ်သက်သော တပ်မတော်၏ မပြောင်းလဲသည့် သဘောထားသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နှောင့်နှေးစေကြောင်းနှင့် စေ့စပ်ညှိနှိုင်းသူများအကြား အဖြေရှာရန် ကျယ်ပြန့်စွာ ဆွေးနွေးသင့်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာပြောသည်။
MIPS ကထုတ်ဝေသော စာအုပ်တွင်မူ ထို ဆက်စပ်သဘောတူညီချက်များနှင့် အကျပ်အတည်းကို ကျော်လွှားနိုင်ရေးအတွက် ဖြေရှင်းချက်များနှင့် အကြံပြုချက်များကို ဖော်ပြထားသည်။ ဇူလိုင်လက ကျင်းပသော တတိယအကြိမ် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံ တွင် မည်သည့်သဘောတူညီချက် မျှ မရခဲ့သောကြောင့် ထိုပြဿနာများကို အာရုံစိုက်ရန်လိုသည်ဟု ၎င်းတို့ ယူဆကြသည်ဟု MIPS မှ သုတေသီ တဦးဖြစ်သူ ဆလိုင်းငွန်ကျုံးလျန်၏ အဆိုအရသိရသည်။
အထက်ပါစာအုပ်တွင် ဒီမိုကရေစီနိုင်ငံအများအပြားမှ ဥပမာများနှင့် ခွဲထွက်ရေး၊ တခုတည်းသော တပ်မတော်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ပတ်သက်သော ထိုနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များ ပါဝင်သည်။
ထိုစာအုပ်တွင် တခုတည်းသော တပ်မတော်နှင့် ပတ်သက်သည့် အရေးပါသော အကြံပြုချက် ၃ ခုကို မီးမောင်းထိုးပြထားသည်။ ထိုအကြံပြုချက်များတွင် ပြည်ထောင်စု၏ နယ်မြေတည်တံ့ခိုင်မြဲရေးကို ကာကွယ်သည့် တခုတည်းသော တပ်မတော်ထားရှိရန် သဘောတူညီမှုရယူရေး၊ နယ်စပ်နှင့် ထိစပ်သော ပြည်နယ်နှင့် တိုင်းများတွင် တရားဥပဒေ စိုးမိုးရေးကို တာဝန်ယူမည့် လက်နက်ကိုင်တပ်ဖွဲ့ နှင့် ပြည်နယ်လက်နက်ကိုင် ရဲတပ်ဖွဲ့ ဖွဲ့စည်းရေးတို့ပါဝင်သည်။ ထိုတပ်ဖွဲ့နှင့် ပြည်နယ်လက်နက်ကိုင် ရဲတပ်ဖွဲ့သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လက်အောက်တွင်ရှိရမည်ဟု ထိုစာအုပ်က အကြံပြုထားပြီး၊ ပြည်နယ်လက်နက်ကိုင်ရဲတပ်ဖွဲ့သည် လက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မသက်ဆိုင်သော သီးခြားအဖွဲ့အစည်းဖြစ်သင့်သည်ဟုလည်း ဆိုသည်။
ထိုအကြံပြုချက်ကြောင့် လေ့လာသူများအကြား ရှုပ်ထွေးမှုများဖြစ်စေခဲ့သည်။ ၎င်းတို့က လက်ရှိ မြန်မာနိုင်ငံတွင် ရှိနေပြီး ဖြစ်သော နယ်ခြားစောင့်တပ်များနှင့် ပြည်သူ့စစ်အဖွဲ့များသည် အကြံပြုချက်ပါအဖွဲ့များနှင့် အလားတူနေသည်ဟု ရှုမြင်ကြသည်။
EAOs များကို နယ်ခြားစောင့်တပ်များအဖြစ် ဖွဲ့စည်းရန် တပ်မတော်၏ ၂၀၀၉ ခုနှစ်က ဖိအားပေးမှုကြောင့် တိုက်ပွဲများပြန်လည်ဖြစ်ပေါ်လာခဲ့ဖူးသည်။ အထူးသဖြင့် တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြားတွင် တိုက်ပွဲများဖြစ်လာခဲ့သည်။
သို့သော် ထိုစာအုပ်ပါ အကြံပြုချက်များသည် နယ်ခြားစောင့်တပ်များနှင့် မသက်ဆိုင်ကြောင်း ဆလိုင်းငွန်ကျုံးလျှံက ဧရာဝတီ သတင်းဌာနသို့ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ပြောကြားခဲ့သည်။ လာမည့် ၆ လအတွင်း ထုတ်ဝေမည့် စာအုပ်တွင် တခုတည်းသော တပ်မတော်နှင့်ပတ်သက်သည့် လေ့လာမှု အသေးစိတ်များနှင့် အခြားအကြံပြုချက်များ ပါဝင်မည်ဟုလည်း ၎င်းကဆိုသည်။