ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ၄ လသားအရွယ် ကလေးတဦးအပါအဝင် မိသားစု ၄ ဦးကို တပြိုင်တည်း သတ်ဖြတ်ခဲ့သော လူသတ်တရားခံများကို ပြည်သူများ၏ သတင်းပေးမှုမှတဆင့် ကရင်ပြည်နယ်တွင် ဖမ်းဆီးနိုင်လိုက်ပြီ ဖြစ်ကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
လေးလောင်းပြိုင်လူသတ်မှုနှင့် ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့က အလိုရှိနေသည့် အသက် ၂၉ နှစ်အရွယ် ကိုဆွေနှင့် အသက် ၂၈ နှစ်အရွယ် ဇော်ဇော် တို့ ၂ ဦးကို ဒီဇင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့နယ် လှာကာကျေးရွာအုပ်စု၊ ဖားပုကျေးရွာတွင် ဖမ်းဆီးရမိခြင်းဖြစ်သည်။
ကရင်ပြည်နယ်ရဲတပ်ဖွဲ့ ရဲအရာရှိတဦး က “ပြည်သူတွေဘက်က အဆင့်ဆင့်သတင်းပေးမှုကနေ မနေ့ညနေပိုင်းက ကျနော်တို့ မြိုင်ကလေး ရဲကင်းစခန်းမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ အတူ သွားဖမ်းလိုက်တာ။ ညကတော့ စစ်ဆေးမှုတွေပြုလုပ်ပြီးပါပြီ။ ဒီနေ့ မြဝတီကတဆင့် ထိုင်းကို လွှဲပေးမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
ထိုင်းရဲက အလိုရှိနေသည့် ကိုဆွေနှင့် ဇော်ဇော်တို့ကို ဖမ်းမိခဲ့သော ဖားပုရွာသည် ကိုဆွေ၏ ဇနီးဖြစ်သူ မထွန်းမေ ဆွေမျိုးများနေထိုင်သည့် ကျေးရွာဖြစ်ပြီး အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ဆွေမျိုးနီးစပ်သူများထဲကပင် တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ဖားပုရွာတွင် ဖမ်းဆီးရမိသည့် ကိုဆွေနှင့် ဇော်ဇော်တို့သည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နှင့် မင်းပြား မြို့နယ် တို့တွင် နေထိုင်သည့် ရခိုင်တိုင်းရင်းသားများ ဖြစ်ပြီး အသတ်ခံရသူ ဦးဂတုံးမိသားစု နေထိုင်သည့် နေအိမ်နှင့် ခြံဝန်းတခုတည်း နေထိုင်ပြီး ကျပန်းအလုပ် လုပ်ကိုင်သူများဖြစ်သည်။
၎င်းတို့ ၂ ဦးသည် ကိုဆွေ၏ ဇနီးဖြစ်သူ မထွန်းမေနှင့် တအိမ်တည်းနေထိုင်ကြသူများဖြစ်ပြီး အခင်းမဖြစ်ပွားမီ ဒီဇင်ဘာ ၁၅ ရက်နေ့ ညက အရက်သောက် စကားများရာမှ အိမ်နီးချင်း ဦးဂတုံးမိသားစုနှင့် စကားများခဲ့ပြီး သန်းခေါင်ယံ အကျော်တွင် သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုကြောင်းသိရသည်။
အသတ်ခံခဲ့ရသည့် အသက် ၄၇ နှစ်အရွယ် ဦးဂတုံး၊ အသက် ၄၅ နှစ်အရွယ်ဇနီးနှင့် အသက် ၄ နှစ်အရွယ်၊ အသက် ၄ လသားအရွယ် သား ၂ ဦးတို့ဖြစ်သည်။ ဦးဂတုံးတို့ ဇနီးမောင်နှံသည် ကြံခုတ်၊ နွားကျောင်း အပါအဝင် ကျပန်း အလုပ်များကို လုပ်ကိုင်သူများဖြစ်ကြသည်။
“စစ်ချက်အရတော့ သတ်တဲ့ကောင်တွေက မူးနေတာ။ သူတို့ အဲဒီနေ့ညက အရက်သောက်ရာက အိမ်နီးချင်း ဂတုံးမိသားစုနဲ့ စကားများပြီး ည ၁ နာရီကျော်လောက်မှာ အိမ်ပေါ်တက် ပြီးတုတ်နဲ့ ရိုက်သတ်လိုက်တာပေါ့။ ၄ လအရွယ်ကလေးကိုတော့ ခြေထောက်နဲ့ နင်းပြီးသတ်လိုက်တာလို့ပြောတယ်” ဟု ရဲအရာရှိက ပြောသည်။
အသက်ခံရသူ ၄ ဦးအနက်မှ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးမှာ ယခင်အိမ်ထောင်နှင့် အသက် ၁၀ နှစ်၊ ၁၃ နှစ်နှင့် ၁၉ နှစ်အရွယ် သမီး သုံးဦးရှိပြီး အခင်းဖြစ်ပွားသည့်အချိန်တွင် ထိုကလေး ၃ ဦးသည် နေအိမ်တွင် ရှိမနေသဖြင့် လွတ်မြောက်ခဲ့သည်ဟု ဆိုသည်။
ကိုဆွေ၊ ဇော်ဇော်နှင့် မထွန်းမေတို့ သုံးဦးသည် လူသတ်မှုဖြစ်ပွားခဲ့သည့် ညတွင်ပင် ၎င်းတို့နေထိုင်သည့် အခင်းဖြစ်ပွားရာ နေအိမ်အနီး အိမ်မှ ထွက်သွားခဲ့ကြပြီး ထိုင်းရဲတပ်ဖွဲ့ကလည်း ၄ လောင်းပြိုင်လူသတ်မှု သံသယသရားခံများ အဖြစ်နှင့် အပူတပြင်း ရှာဖွေခဲ့သည်။
ဒေါ်ထွန်းမေကိုမူ ထိုင်းရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၈ ရက်နေ့တွင် မဲဆောက်မြို့ပြင်တွင် ဖမ်းဆီးရမိခဲ့သည်ဟု အဆိုပါ ၄ လောင်းပြိုင်လူသတ်မှုတွင် မဲဆောက်မြို့နယ် ရဲတပ်ဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်နေသည့် ပြည်သူ့ စေတနာ့ ဝန်ထမ်းအသင်း (People Volunteer’s Association – PVA) ဒု ဥက္ကဋ္ဌ ဦးဇေယျာက ဧရာဝတီကို ပြောသည်။
ဖမ်းဆီးရမိထားသည့် ကိုဆွေနှင့် ဇော်ဇော်တို့နှစ်ဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထိုင်းရဲတပ်ဖွဲ့ထံသို့ မြဝတီမြို့မှ တဆင့် လွှဲပြောင်း ပေးအပ်ရန် ယနေ့ ထွက်ခွာသွားပြီဖြစ်ကြောင်းလည်း သိရသည်။
ဆက်စပ်ဖတ်ရှုရန် – မဲဆောက်တွင် မြန်မာ မိသားစု ၄ လောင်းပြိုင် အသတ်ခံရ