ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ရက္ခိုင့်တပ်မတော် (AA) နှင့် တပ်မတော်တို့ တိုက်ပွဲများကြောင့် ဒေသခံ စစ်ဘေးရှောင် ဦးရေ ၇၀၀ ကျော်အထိ ရှိလာကြောင်း သတင်း ရရှိသည်။
ဒီဇင်ဘာလ ၁၈ ရက်က ဖြစ်ပွားသည့် နှစ်ဖက်တိုက်ပွဲကြောင့် ကျောက်တော်မြို့နယ်၊ သလူးချောင်း ကျေးရွာအုပ်စု၊ ပညာ၀ ကျေးရွာအနီး နှစ်ဘက် တိုက်ပွဲများကြောင့် ရွာခံ မြိုတိုင်းရင်းသား ၁၈၀ ကျော် ရွာလုံးကျွတ် ထွက်ပြေးခဲ့ရ ကြောင်း သိရသည်။
ကျောက်တော် မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က“ကျနော် အခု စစ်ဘေးရှောင် ရွာ တွေကို သွားကြည့်နေပါတယ်။ လောလောဆယ် သိရတာက ပညာကြီးရွာက ရွာသား ၁၀၀ ကျော် င/ စရိုင်းကိုင်း ရွာ ကို ရောက်နေတယ်လို့ သိရပါတယ်။ နောက်ပြီးတော့ ချင်းမဝန်တောင်က လူ ၈၀ ကလည်း သလူးချောင်းကို ထွက်ပြေး လာကြ တယ်လို့ ပြောပါတယ်”ဟု ဧရာဝတီကို ပြောသည်။
ပညာဝရွာ အနောက်မြောက်ဘက်တွင် ဖြစ်ပွားသည့် နှစ်ဖက်တိုက်ပွဲ အတွင်း တပ်မတော်ဘက်က ရဟတ်ယာဉ် ၂ စီး အသုံးပြု တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
သလူးချောင်း ကျေးရွာနေ ဦးမောင်နီက“သေနတ်သံတွေတော့ မကြာခဏ ကြားနေရပါသေးတယ်။ မနေ့ကဆို ပညာ ကြီး ရွာက တရွာလုံး င/ စရိုင်းကိုင်းကို ပြေးလာကြတယ်။ လူ ၁၀၀ ကျော်လောက် ပါမယ်။ ကျနော်တို့ ရွာကိုတော့ ချင်းမဝန်တောင် ရွာက လူ ၈၀ လောက် ရောက်နေပါတယ်”ဟု ပြောပြသည်။
လက်ရှိအချိန် ယင်းဒေသတွင် တိုက်ပွဲများ ရပ်တန့်ခြင်း မရှိသေးဘဲ လက်နက်ကြီး၊ လက်နက်ငယ်အသံများ ကြားနေရ ကြောင်း၊ ပတ်ဝန်းကျင် ရွာများဖြစ်သည့် သလူးချောင်း၊ ပညာဝ၊ င/စရိုင်းကိုင်း၊ လေကွိ၊ ကျွန်းသာယာ၊ ပါချေ၊ ခရုမော်၊ လမုကိုင်း၊ ခမောင်း၊ ကင်ပိ၊ သိန်းချောင်း၊ င/စွေ စသည့် ကျေးရွာဒေသခံများမှာလည်း ၎င်းတို့၏ လယ်ယာမြေများ သို့ ပင် မသွားရဲဘဲ ဖြစ်နေကြကြောင်းလည်း ဆိုသည်။
အလားတူ ပုဏ္ဏားကျွန်းမြို့နယ် မီးကျောင်းခုတ်ကျေးရွာနှင့် အဝကျေးရွာတို့မှ ခမီတိုင်းရင်းသား ၂၀၀ ကျော်မှာလည်း တိုက်ပွဲများကြောင့် စိုင်းဒင် ကျေးရွာသို့ ဒီဇင်ဘာလ ၁၇ ရက်က ထွက်ပြေး ရောက်ရှိနေကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက“စိုင်းဒင် ကျေးရွာကို တိုက်ပွဲဖြစ်လို့ ပြေးလာကြတာတော့ တဖြည်းဖြည်း များလာတယ်။ သူတို့အတွက် စားရေး သောက်ရေး ကတော့ ဌာနဆိုင်ရာတွေ ရော၊ လူမှု အဖွဲ့အစည်းတွေက ကူညီပံ့ပိုမှုတွေ ပေးထားပါတယ်။ ဒါပေမယ့် လောလောဆယ် အတွက်ပဲ အဆင်ပြေ မယ်။ ရွာက လူတွေက မသွားရဲ မလာရဲ၊ အပြင်တောင် မထွက်ရဲကြတော့ဘူး ဆိုတော့ နောက်အခက်အခဲတွေ အများ ကြီး ရှိလာမယ်”ဟု ဧရာဝတီကို ပြောသည်။
ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းက“သူတို့အတွက် ကျနော်တို့ ရိက္ခာ တပတ်စာ ထောက်ပံ့ ပေး ထား ပါတယ်။ ဒီနေ့လည်း နိုင်ငံတကာ INGO အဖွဲ့အစည်းတွေနဲ့ သွားရောက် အကူအညီပေးဖို့ ညှိနှိုင်း ဆောင် ရွက် နေပါတယ်”ဟု ဆိုသည်။
ဒီဇင်ဘာလ ၉ ရက်နှင့် ၁၃ ရက်ကလည်း ပုဏ္ဏားကျွန်း မြို့နယ် ကျောက်ဆည်တောင် ကျေးရွာမှ ၂၃၄ ဦး၊ သပြု ချောင်း ကျေးရွာမှ ၅၆ ဦး၊ ဖက်ဝန်းကျေးရွာမှ ၄၂ ဦး၊ စုစုပေါင်း ၃၃၂ ဦးမှာလည်း ယင်းမြို့နယ်အတွင်းရှိ သင်ပုန်းတန်း ကျေးရွာသို့ စစ်ဘေးရှောင်အဖြစ် ရောက်ရှိနေသည်။
ထွက်ပြေးလာသည့် စစ်ဘေးရှောင် များနေသည့်အတွက် ကျေးရွာဘုန်းတော်ကြီးကျောင်းအပြင် ကျေးရွာအနီး ချောင်း ကမ်းဘေး မြေကွက်လပ်တွင် နေရာချထား ပေးရသည်ဟု သိရသည်။
သင်ပုန်းတန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက“သေနတ်သံတွေကတော့ အထက်ပိုင်းဘက်တွေက ကြားနေရ တုန်းဗျ။ ဘယ်လို ဆက်ဖြစ်မလဲတော့ မသိဘူး ။ အခု ကျနော်တို့ ရွာကို ထွက်ပြေးလာတဲ့ အရေအတွက်ကတော့ ၃၀၀ ကျော် ရှိနေပြီ။ စားရေးသောက်ရေးကတော့ လောလောဆယ် အဆင်ပြေတယ်”ဟု ပြောသည်။
AA က ၎င်း၏ မဟာမိတ် အဖွဲ့များဖြစ်သည့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့နှင့်အတူ ငြိမ်းချမ်းရေးအတွက် စစ်ရေး ရပ်ဆိုင်း ကာ နိုင်ငံရေးနည်းလမ်းဖြင့် လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်က ထုတ်ပြန် ထားသည်။
ယင်းထုတ်ပြန်ချက် အပေါ် ကြိုဆိုကြောင်းနှင့် နှစ်ဦးနှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (Bilateral Ceasefire Agreement) ရရှိရေးနှင့် နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးနိုင်ရေး ကိစ္စအား ဆက်လက်ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်မည်ဟု ငြိမ်းချမ်းရေး ကော်မရှင် (PC) ဘက်ကလည်း ထိုနေ့တွင် ထုတ်ပြန်သည်။
သို့သော် ယင်းထုတ်ပြန်ချက် ထုတ်ပြန်ပြီး နောက်ပိုင်း AA နှင့် တပ်မတော်ကြား ရက်ဆက်ဆိုသလို တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်မှုများ ရှိနေကြောင်း AA ဘက် ထုတ်ပြန်သည်။
ယခုတိုက်ပွဲများနှင့် ပတ်သက်၍ တပ်မတော် ဘက်က ထုတ်ပြန်ချက်ကို မတွေ့ရှိရသေးပေ။
ဆက်စပ် ဖတ်ရှုရန် –
AA ကို တပ်မတော်က လေယာဉ်သုံး တိုက်ခိုက်ဟု ဆို
ပုဏ္ဏားကျွန်း၌ မြို တိုင်းရင်းသား စစ်ရှောင် ၃၀၀ ကျော်အထိ ရှိလာ
စစ်ရေးရပ်ပြီး နိုင်ငံရေးလမ်းဖြင့်သွားရန် မဟာမိတ် ၃ ဖွဲ့ သဘောထားကြေညာ
တပ်မတော်နှင့် AA တိုက်ပွဲကြောင့် ဒေသသခံများ ရွာလုံးကျွတ် တိမ်းရှောင်ရ