ပုဂ္ဂလိကဘဏ်များထံမှ အမေရိကန် ဒေါ်လာ ၃၄ သန်း ဝယ်ယူထားသည့် အချက်အလက်များ ပေးရန် ဗဟိုဘဏ်ကို တောင်းထားကြောင်း အမျိုးသားလွှတ်တော် အမြဲတမ်းကော်မတီဖြစ်သည့် ပြည်သူ့ငွေစာရင်းကော်မတီက ယနေ့ တောင်းယူလိုက်သည်။
တဒေါ်လာလျှင် ၁၅၇၀ ကျပ်နှုန်းဖြင့် ပုဂ္ဂလိက ဘဏ်များထံမှ ဝယ်ယူခြင်းနှင့် ကျပ် ၁၀၀၀၀ တန် ငွေစက္ကူအတုများ ထွက်ပေါ်နေသည့် ကိစ္စနှင့် ပတ်သက်၍ ဗဟိုဘဏ် တာဝန်ရှိသူများနှင့် ကော်မတီအဖွဲ့ဝင်များ ဒီဇင်ဘာလ ၂၀ ရက် နေ့လယ်ပိုင်းက တွေ့ဆုံ ဆွေးနွေးစဉ် တောင်းယူခြင်း ဖြစ်သည်။
အဆိုပါ အစည်းအဝေး ပြုလုပ်ရန် ဗဟိုဘဏ် တာဝန်ရှိသူများအား ပြည်သူ့ငွေစာရင်း ကော်မတီက အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ခွင့်ပြုချက်ဖြင့် ဒီဇင်ဘာလ ၁၇ ရက်တွင် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်သူ့ငွေစာရင်း ကော်မတီ အဖွဲ့ဝင် ဦးမျိုးဝင်းက“ကျနော်တို့က အချက်အလက်တွေ တောင်းလိုက်တယ်ဆိုေတော့ ဘယ်သူ့ဆီက ဝယ်ခဲ့တယ်။ ဘယ်အချိန်က ဝယ်ခဲ့တယ်။ ပမာဏ ဘယ်လောက် ဝယ်ခဲ့တယ်။ ဘာကြောင့် ဝယ်တယ်။ အဲ့ဒီအပိုင်းပေါ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကော်မတီအနေနဲ့ အချက်အလက်တွေ တောင်းခံထားတယ်။ အချက် အလက်ပေါ် မူတည်ပြီးတော့ လွှတ်တော်ဘက်က ဆက်လက် ဆောင်ရွက်မယ်။ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ကို တင်ပြရမှာ ဖြစ်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်၊ ၅ ရက်က အမေရိကန် တဒေါ်လာလျှင် ၁၅၁၅ ကျပ် ဝန်းကျင်ဖြင့် ပုဂ္ဂလိက ဘဏ်များ က ပြင်ပမှ ဝယ်ယူနေချိန်တွင် ဗဟိုဘဏ်က ၁၅၇၀ ကျပ်ဖြင့် ပုဂ္ဂလိက ဘဏ်များမှ ဒေါ်လာ ၃၄ သန်းဖိုး ပြန်လည် ဝယ်ယူ သည့် အတွက် ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သည်။
သို့သေ်ာ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ တဦးဖြစ်သူ ဦးစိုးသိန်းက ယင်းသို့ ဝယ်ယူခြင်းသည် ဗဟိုဘဏ်၏ လုပ်ထုံးလုပ်နည်း တရပ်သာ ဖြစ်ပြီး ပြည်တွင်းဘဏ်များ အကျိုးရှိအောင် လုပ်ဆောင်ခြင်း မဟုတ်ကြောင်း ဒီဇင်ဘာလ ၁၀ ရက်က သတင်းစာ ရှင်းလင်းပွဲလုပ်ကာ ငြင်းဆန်ထားသည်။
ဗဟိုဘဏ်သည် ပြည်တွင်း ငွေကြေးလဲလှယ်နှုန်း တည်ငြိမ်ရေးအတွက် ဝယ်ယူခြင်းနှင့် ရောင်းချခြင်းများကို ဝင်ရောက် လုပ်ဆောင်ပေးရသည့် တာဝန်လည်း ရှိသည်ဟု ဆိုသည်။
ဆွေးနွေးမှု အသေးစိတ်နှင့် ပတ်သက်၍မူ ဦးမျိုးဝင်းက“တချို့အချက်အလက်တွေလည်း တောင်းထားတာ ရှိသေး တယ်လေ။ သူတို့ မပေးနိုင်သေးဘူး။ အဲဒီတော့ ကျနော်တို့က သူတို့ လွှတ်တော်ကို ပြန်ပို့ပေးမယ်လို့တော့ ပြောတာ ပေါ့နော်။ ကော်မတီကို ပို့ပြီးရင် Report (အစီရင်ခံစာ) ရေးရမယ်။ လွှတ်တော်ကို တင်ရမယ်။ လွှတ်တော် မတင်ခင် ကျနော်တို့က ပြောလို့ မရပါဘူး”ဟု ဆိုသည်။
လွှတ်တော် အတွင်းရှိ ကော်မတီ အစည်းအဝေး ခန်းမတွင် ပြုလုပ်သည့် အဆိုပါ ဆွေးနွေးပွဲသို့ ကော်မတီအဖွဲ့ဝင်များ အားလုံး တက်ရောက်ကြကာ ဗဟိုဘဏ်ဘက်မှ ဒုဥက္ကဋ္ဌ ဦးစိုးမင်းနှင့် ညွှန်ကြားရေးမှူး၊ ဒုညွှန်ကြားရေးမှူးများ တက်ရောက်သည်။
ပြည်သူ့ငွေစာရင်း အဖွဲ့ဝင် တဦးဖြစ်သူ ဦးသန်းစိုးက“ဒီနေ့ဆွေးနွေးတဲ့ အထဲမှာတော့ ဒေါ်လာ ၃၄ သန်းကို ပုဂ္ဂလိက ဘဏ်တွေကို ရောင်းတာနဲ့ ပတ်သက်ပြီးတော့ ဘာကြောင့်လုပ်ခဲ့လဲပေါ့။ သူတို့ကတော့ လုပ်ထုံးလုပ်နည်း အတိုင်း လုပ်တယ်လို့ ပြောတယ်။ ကျနော်တို့ အဓိကထားပြီး မေးတာကတော့ အခုလိုဖြစ်သွားတဲ့ ပြဿနာပေါ်မှာ ဘာတွေ တာဝန်ယူပြီးတော့၊ ဘာတွေ တာဝန်ခံပေးမလဲပေါ့”ဟု ပြောသည်။
ပြည်သူ့ငွေစာရင်း ကော်မတီက ခေါ်ယူဆွေးနွေးမှုနှင့် ပတ်သက်၍ ကိုယ်တိုင် တက်ရောက်ခဲ့သူ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးမင်းထံ ဧရာဝတီက ဆက်သွယ်ခဲ့ရာ ဖုန်းကိုင်ဖြေဆိုသူ ၎င်း၏ ကိုယ်ရေးအရာရှိက“ကျနော်တို့ အင်တာဗျူးကို ဖုန်းနဲ့ လက်ခံပြောလေ့ မရှိဘူး။ ဒါနဲ့ ပတ်သက်ပြီး အင်တာဗျူးချင်ပါတယ်၊ ဒေါ်လာကိစ္စဆိုလည်း ဒေါ်လာ ကိစ္စ၊ ငွေစက္ကူ ကိစ္စဆိုလည်း ငွေစက္ကူ ကိစ္စ စာတင်ပြီး မေးလို့ ရပါတယ်”ဟု ဖြေကြားသည်။
တွေ့ဆုံဆွေးနွေးမှုအတွင်း ကျပ် ၁၀၀၀၀ တန်အတုများ ထွက်နေသည့် ကိစ္စနှင့် ပတ်သက်၍ ဗဟိုဘဏ်ဘက်မှ မည်သို့ လုပ်ဆောင်သွားရန်နှင့် ပတ်သက်၍လည်း ဆွေးနွေးမှုများ လုပ်ခဲ့သည်ဟု သိရသည်။
ပြည်သူ့ငွေစာရင်း ကော်မတီ ဥက္ကဋ္ဌ ဦးစောသန်းထွဋ်က“ငွေတုနဲ့ ထိန်းသိမ်း ခံထားရတဲ့ ကိစ္စကိုလည်း ဘယ်လို ကူညီ ပေးနိုင်မလဲပေါ့။ တတ်နိုင်ရင်တော့ မြန်မြန်လေးလေး အာမခံရအောင် လုပ်ပေးဖို့ ပြောတယ်။ အဲဒီအပေါ်မှာ ဗဟို ဘဏ် ဘက်က သူတို့ဥပဒေမှာတော့ ရှင်းရှင်းလင်းလင်း ပြောထားပါတယ်တဲ့။ မသိလို့ သုံးမိတဲ့အပေါ်မှာတော့ အပြစ် လို့ ယူလို့ ယူစရာမရှိပါဘူးတဲ့။ ဒါပေမယ့် တရားရေး မဏ္ဍိုင်ဘက်က တရားသူကြီးရဲ့ ဆင်ခြင်တုံတရား အပေါ်မှာပဲ မူတည်ပါတယ် တဲ့”ဟု ဆွေးနွေးခဲ့မှုအပေါ် ပြန်လည် ရှင်းပြသည်။
ကော်မတီအဖွဲ့ဝင် ဦးမျိုးဝင်းကလည်း“တသောင်းတန် အတုကိစ္စနဲ့ ပတ်သက်ပြီးတော့ ဗဟိုဘဏ်က ဘယ်လို ဆက် လက် ဆောင်ရွက်မယ်။ ပြီးခဲ့တဲ့ နှစ်က ငွေအတုတွေ ထွက်ခဲ့တယ်။ ငွေအတုတွေ ထွက်ခဲ့တဲ့အတွက်ကြောင့် ဒီအတိုင်း လွှတ်ထားမယ် ဆိုရင် ဒီကနေ ဘယ်လို ပြည်သူကို အသိပညာပေးမလဲ။ တချို့ စင်ကာပူက ကိစ္စမျိုးတွေ မသိဘဲနဲ့ ခံရတဲ့ ဒီလိုမျိုးကိစ္စတွေကို ကျနော်တို့ ဘယ်လိုမျိုး လုပ်နိုင်မလဲ။ ဥပဒေ အပိုင်းလား၊ ဗဟိုဘဏ် အပိုင်းလား၊ တရားရေး အပိုင်း လား။ ဘယ်အပိုင်းမှာ ဖြစ်နေလဲ ဆိုတာကို ခွဲခြားစိတ်ဖြာဖို့ လိုပါတယ်”ဟု ပြောသည်။
ယခုနှစ်အတွင်း ကျပ် ၁၀၀၀၀ အတုကိစ္စ ဖမ်းဆီးခံရမှုများလာပြီး လူထုကြား စိုးရိမ်မှုများရှိနေကာ တချို့နေရာဒေသ များ တွင် ၁၀၀၀၀ ကျပ်တန်ဖြင့် ငွေပေးချေခြင်းကို လက်မခံခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ဆက်စပ် ဖတ်ရှုရန် –
ဗဟိုဘဏ် ဒေါ်လာများ ပြန်ဝယ်ခြင်းမှာ ငွေလဲနှုန်း တည်ငြိမ်းရေး အတွက်ဟု ဆို
ငွေစက္ကူအတု ပြုလုပ်သူကို သက်ဆိုင်ရာနိုင်ငံနှင့် ပူးပေါင်း၍ အရေးယူမည်
သထုံတွင် ကျပ် သိန်း ၁၂၀၀ ကျော် တန်ဖိုးရှိ ၁ သောင်းတန် အတုများဖမ်းမိ