ဆေးလိပ်နှင့် အရက် စွဲလမ်းခြင်းထက် စာဖတ်ခြင်းကို စွဲလမ်းသည်က ပိုမို ကောင်းမွန်၍ လူငယ်များ စာဖတ်စေလို ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားသည်။
နေပြည်တော် MICC-2 ခန်းမ၌ ဒီဇင်ဘာလ ၂၀ ရက်တွင် ပြုလုပ်သော စာတတ်သူတိုင်း စာဖတ်ရေး လှုပ်ရှားမှု အခမ်းအနားတွင် ပြောကြားခြင်း ဖြစ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “စာအုပ် မြတ်နိုးတဲ့ သူတွေက စာအုပ် မရှိတဲ့ အခါကျရင် အရင် ကိုယ်ဖတ်ခဲ့တဲ့ စာအုပ်တွေကို ပြန်စဉ်းစားပြီး အားပြန် ယူလို့ ရတယ်။ ဆေးလိပ်သောက်တဲ့ သူက အရင်တုန်း က သောက်ခဲ့တဲ့ ဆေးလိပ်ပေါင်း ထောင်သောင်းကို ပြန်စဉ်းစားပြီး သောက်လို့ တင်းတိမ်မှာ မဟုတ်ဘူး” ဟု ပြော သည်။
၎င်းက ဆက်လက်၍ ဆေးလိပ်၊ အရက် သောက်သုံးခြင်း သည် ပြင်ပမှ အရာများကို အားကိုး၍ မိမိ စိတ်အင်အားကို ရှာဖွေခြင်း ဖြစ်ကြောင်း၊ ယင်းတို့ကြောင့် ငွေကြေး ကုန်ကျပြီး ကျန်းမာရေး ထိခိုက်စေပြီး စာအုပ် စာပေ စွဲလမ်းခြင်းမှာ မိမိအတွက် အကျိုးကျေးဇူး ဖြစ်စေကြောင်း ၎င်းက ဆိုသည်။
“ဟိုး အရင်တုန်းက ဖတ်ခဲ့တဲ့ စာအုပ်ပေါင်းများစွာက ကိုယ်တယောက်တည်း ရှိတဲ့ အချိန်မှာ ကိုယ့်ရဲ့ မြောက်မြားစွာ သော အားပေးမယ့် အဖော်တွေ၊ အဲဒီထဲမှာ ဖတ်ခဲ့ရတဲ့ သိခဲ့ရတဲ့ အတွေးအခေါ်တွေနဲ့ ဘဝကို ဘယ်လို ရင်ဆိုင်ရမလဲ ဆိုတာ အမျိုးမျိုး ကိုယ့်အတွက် အကြံဉာဏ်တွေ ရတယ်။ ကိုယ့်ကို ဘေးကနေ ဒီလို လုပ်လေ၊ ဒီလိုဖြစ်နိုင်တယ် ဆိုပြီး ပြောနေတဲ့ မိတ်ဆွေတွေလိုပဲ။ အဲဒီတော့ စာအုပ်ဖတ်ပါ ဆိုတာ ကိုယ့်အတွက် အကျိုး အများကြီး ရှိတယ်” ဟု အတိုင်ပင် ခံ ပုဂ္ဂိုလ်က ပြောကြားသည်။
စာဖတ်ခြင်းဖြင့် စိတ်ကျေနပ်မှု ရရှိပြီး မိမိသိမြင်နားလည်သည့် ကမ္ဘာကြီးမှာ ပိုမို ကျယ်ဝန်းလာသည့် အတွက် အကျိုးရှိ ကြောင်း၊ ကမ္ဘာကြီးရှိ မတူကွဲပြားသော ယဉ်ကျေးမှု၊ အတွေးအခေါ်၊ ထုံးတမ်း စဉ်လာများကို သိလာရကြောင်း၊ ထို့အ တွက် လူငယ်များကို စာဖတ်စေလိုသည်ဟု အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဆိုသည်။
“ကျမအတွက် စာဖတ်ခြင်းဟာ ကျမရဲ့ ကမ္ဘာကြီး ကျယ်ဝန်းသွား သလိုပဲ၊ ကျမ တဦးတည်းရဲ့ ဦးနှောက် နှလုံးသား အကြောင်း တင်မက အခြားသူများရဲ့ ဦးနှောက် နှလုံးသား အကြောင်းကို နားလည်စေတယ်။ အဲဒီလို ခံစားမှုနဲ့ ကျမ စာဖတ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဆက်လက်ပြီး “နောက်တခုက ကိုယ့်ရဲ့အတွေး အင်အားကို ခိုင်မာလာအောင်လို့၊ တိုးတက်လာအောင်လို့ စာဖတ် ခြင်းက အများကြီး အထောက်အကူ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ လူငယ်များ အနေဖြင့် စာဖတ်ခြင်းထက် ဂိမ်းကစားခြင်း၊ လူမှုကွန်ရက် အသုံးပြုခြင်း ၊ မိုဘိုင်းဖုန်း အသုံး ပြုခြင်း တို့ကို ပိုမို စိတ်ဝင်စားမှု ရှိနေကြောင်းလည်း ဝေဖန်မှုများလည်း ရှိနေသည်။
လူငယ်များ စာဖတ်လာရန် အတွက် ၎င်းတို့ ဖတ်ချင်လာအောင် စာပေ ကဏ္ဍတွင်လည်း စာအုပ်ကောင်းများ ပေါ်ထွက် လာရန် လိုအပ်နေသည်ဟု ထင်မြင်ကြောင်း စာရေးဆရာ ကျော်ရင်မြင့်က သုံးသပ်သည်။
“ကျနော့် အမြင်က တပိုင်းကတော့ စာအုပ်စာပေ ကလည်း သူတို့ကို ဆွဲဆောင် နိုင်လောက်အောင် သိပ်မကောင်း တာလည်း ပါပါတယ်။ စာရေးတဲ့သူတွေဘက်ကလည်း စာတွေ ပိုကောင်းအောင် ပိုပြီး ဆွဲဆောင်နိုင်အောင် ရေးမယ် ဆိုရင် ဖတ်တဲ့ ဦးရေက ပြန်ပြီး တဖြည်းဖြည်း များလာမှာပါ” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ စာပေ ထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်း အတွင်းရေးမှူး ဦးသိန်းစိုးက စာပေ ထုတ်ဝေသူများ အနေဖြင့် လည်း လူတန်းစား မရွေး စာဖတ်နိုင်အောင် ဈေးနှုန်း သက်သာစွာဖြင့် ရောင်းနိုင်ရန် နည်းမျိုးစုံဖြင့် ဆောင်ရွက်နေ ကြောင်း၊ စာဖတ်လာစေရန်လည်း အားလုံး ဝိုင်းဝန်း လုပ်ဆောင်ရမည် ဖြစ်ပြီး ကလေးများကို ငယ်စဉ်ကပင် လေ့ကျင့် ပျိုးထောင်ပေးရမည် ဖြစ်ကြောင်း ပြောသည်။
“လူငယ်တွေ စာဖတ်အား တက်လာအောင် ဆိုတာက သူတို့ရဲ့ ပတ်ဝန်းကျင်နဲ့လည်း ဆိုင်ပါတယ်။ လေ့လာချင်တဲ့ သူ ကျတော့လည်း ရအောင် လေ့လာတယ်။ အဲဒီလို လေ့လာချင်တဲ့ စိတ်ရှိအောင်က အခြေခံ ကျောင်းတွေကနေ လေ့ ကျင့် ပျိုးထောင်ပေးမှ ဖြစ်လာမှာပါ။ အခု ချက်ချင်းလုပ် ချက်ချင်း တည်ဆောက်လို့တော့ မရနိုင်ပါဘူး” ဟု ဦးသိန်းစိုး က ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် စာဖတ်သူ နည်းနေသော်လည်း စာဖတ်သူများ ရှိနေသေးသောကြောင့် လုပ်ငန်း လည်ပတ်နေ ၍ စာအုပ်စာပေ ကဏ္ဍ လံုံးဝ ကျဆင်းသည်ဟု မဆိုနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က စာဖတ်ခြင်း အလေ့ကို တည်ဆောက်ရန် အတွက် မိဘများက ကလေးများကို ငယ်စဉ်ကတည်းက စာဖတ်ရန် အားပေးခြင်း၊ ဖတ်ပြီးသည့် စာများကို ဆွေးနွေးသည့် စာဖတ်ဝိုင်းများ ပြုလုပ်ခြင်း စသည့် အလေ့အကျင့် တို့ကို ပြုလုပ်ပေးရမည် ဖြစ်ကြောင်းလည်း ပြောကြားသွားသည်။