ကျပ်တသောင်းတန် ငွေတုများကိုင်ဆောင်သုံးစွဲခဲ့သည်ဟုဆိုကာ ဖမ်းဆီးထားသည့် နော်သောသွဲ့ထူးအပေါ် ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅ ဖြင့်သာ အမှုစွဲတင်ရန် ဥပဒေရုံးက အကြံပြုခဲ့ပြီး ပုဒ်မ ၁၀၆ အားပယ်ဖျက်လိုက် ကြောင်း မှုခင်းရဲတပ်ဖွဲ့ (CID) အမှုစစ်အရာရှိက ဧရာဝတီသို့ပြောသည်။
ပုဒ်မ ၁၀၆ သည် ငွေတုပြုလုပ်ခြင်း၊ ငွေတုအား ပြည်ပသို့တင်ပို့ခြင်း၊ ပြည်ပမှတင်သွင်းခြင်းပြုလုပ်လျှင် အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်မှ အများဆုံးနှစ် ၂၀ အထိ ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။
CID အမှုစစ်အရာရှိတဦး က “ကျနော်တို့ ဥပဒေအကြံတောင်း တင်ပြတဲ့အခါ ပုဒ်မ ၁၀၅ နဲ့ပဲစွဲဖို့ အကြံပြုတယ်၊ အဲ့ဒီအတိုင်းပဲ တရားရုံးတင်ရတာပေါ့၊ နောက်ဆက်တွဲ ဖော်ထုတ်ရရှိတဲ့အမှုတွဲ အားလုံးလဲ တရားရုံးတင်ပြထား ပါတယ်” ဟုပြောသည်။
နော်သောသွဲ့ထူးအား ယနေ့ ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ဒိုက်ဦးမြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့ခြင်းဖြစ်ပြီး ရှေ့နေဖြစ်သူမှ အာမခံလျှောက်ထားခဲ့သော်လည်း အာမခံပေးနိုင်သည့် အခွင့်အာဏာရှိသူ တရားသူကြီး မရှိသေးသည့်အတွက် ဆုံးဖြတ်နိုင်ခဲ့ခြင်းမရှိကြောင်း အမှုအားကူညီဆောင်ရွက်နေသည့် ဒိုက်ဦးမြို့နယ်၊ အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသူရဇော်က ပြောသည်။
ဦးသူရဇော် က “အရင်တရားသူကြီးက ရာထူးတိုးနဲ့ပြောင်းသွားတာ၊ သူ့နေရာအစားထိုးခန့်မယ့် တရားသူကြီး က ရောက်မလာသေးဘူး၊ အခုက တွဲဖက်တရားသူကြီးပဲရှိတယ်၊ အဲ့ဒါကြောင့် ဒီနေ့အာမခံလျှောက်တာ အမိန့်မချဖြစ်ဘူး၊ နောက်အပတ်တွေကျရင်တော့ အခြေအနေကောင်းမှာပါ” ဟု ပြောသည်။
လက်ရှိတွင် နော်သောသွဲ့ထူးအား ဒိုက်ဦးမြို့မရဲစခန်းအချုပ်ခန်းတွင် ဆက်လက်ချုပ်နှောင်ထားပြီး လာမည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့ကို ရုံးချိန်းပြန်လည် ချိန်းဆိုထားကြောင်း သိရသည်။
နော်သောသွဲ့ထူးအနေဖြင့် ကျန်းမာရေးကောင်းမွန်နေကြောင်း ယနေ့ရုံးထုတ်တွင် သွားရောက်တွေ့ဆုံခဲ့သည့် မိခင်ဖြစ်သူ ဒေါ်သီသီခိုင်က ပြောကြားခဲ့ပြီး သမီးဖြစ်သူ စိတ်အားမငယ်ရေးအတွက် အားပေးစကားသာ ပြောကြားခဲ့ကြောင်းဆိုသည်။
ဒေါ်သီသီခိုင် က “မနေ့က ဖုန်းဆက်တော့ ပဲခူးကိုခေါ်သွားမယ်ထင်ပြီး ကြောက်နေတာသူက၊ ဖုန်းပြောရင်နဲ့ ငိုရတာပေါ့၊ တရားသူကြီးမရှိလို့ဆိုလား နောက်လ ၁၀ ရက်နေ့လောက်မှ အာမခံရမယ်လို့လဲ ပြောသံကြားတယ်” ဟု သမီးဖြစ်သူ အခြေအနေကို ရှင်းပြသည်။
အသက် ၂၅ နှစ်အရွယ် နော်သောသွဲ့ထူးအနေဖြင့် ဒီဇင်ဘာ ၆ ရက်နေ့တွင် တသောင်းကျပ်တန်ငွေတု ၁၅၄ ရွက် လက်ဝယ်တွေ့ရှိမှုဖြင့် ဒိုက်ဦးမြို့မရဲစခန်းက ဖမ်းဆီးခဲ့ပြီး ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် ကနဦးအမှုဖွင့်ကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
စင်္ကာပူနိုင်ငံတွင် အိမ်အကူလုပ်ကိုင်ခဲ့သည့် နော်သောသွဲ့ထူးသည် အိမ်ရှင်အမျိုးသမီးမှ လုပ်အားခ စင်္ကာပူ ဒေါ်လာ ၃၁၂၃.၃၉ အား စင်္ကာပူရှိငွေလဲကောင်တာတခုတွင် မြန်မာငွေဖြင့်လှဲလှယ်ပေးသည့် ငွေကျပ် ၂၉ သိန်း ၆ သောင်းအား ယူဆောင်ကာ ဒီဇင်ဘာ ၂ ရက်နေ့တွင် ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။
၎င်းငွေများဖြင့် နော်သောသွဲ့ထူးတို့မိသားစုမှ သုံးစွဲမှုများပြုလုပ်ခဲ့ရာတွင် ဖုန်းဆိုင်မှ ငွေတုများဖြစ်သည်ဟု ပြောပြသည့် အခါမှသာ အတုများဖြစ်နေသည်ကို သိရခြင်းဖြစ်ပြီး တာဝန်ရှိသူများထံ အပ်နှံရန် လုပ်ဆောင်စဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း မိသားစုက ထုတ်ဖော်ပြောကြားထားသည်။
၂၀၁၃ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့က ပြဌာန်းခဲ့သည့် ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅ သည် ငွေစက္ကူအတုအား သိလျှက်နှင့်သုံးစွဲမှုကို ကျူးလွန်လျှင် ငွေဒဏ်ဖြစ်စေ၊ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန် – တသောင်းတန်အတုကိစ္စ အမြန်ဖော်ထုတ်ပေးရန် အဖမ်းခံရသူ၏ မိခင်တောင်းဆို