တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးနိုင်ရန် အတွက် စစ်ဆင်ရေးများ ရပ်ဆိုင်းပေးမည်ဟု တပ်မတော်က တရားဝင် ကြေညာလိုက်သည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး က “ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး အတွက် ထုတ်ပြန်ချက်” ဆိုသည့် ခေါင်းစဉ်ဖြင့် ထုတ်ပြန်သော ကြေညာချက်ကို ဒီဇင်ဘာ ၂၁ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော တပ်မတော်နှင့် မြန်မာသတင်းမီဒီယာ ကောင်စီတို့ တွေ့ဆုံပွဲတွင် ကြေညာလိုက်ခြင်းဖြစ်သည်။
ယင်းကြေညာချက်တွင် “တပ်မတော်အနေဖြင့် ယင်းသို့ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်အထိ စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအားလုံးကို ရပ်ဆိုင်း ပေးပါမည်” ဟု ပါရှိသည်။
တပ်မတော်အနေဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် နယ်မြေနှင့် တြိဂံ ဒေသတိုင်း စစ်ဌာနချုပ်နယ်မြေများရှိ NCA လက်မှတ်ရေးထိုးရန် ကျန်ရှိသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် အဖွဲ့တဖွဲ့ချင်းအလိုက် ညှိနှိုင်း ဆွေးနွေးသွားရန် လိုအပ်မည်ဟု ယူဆထားသည်ဟု ဖော်ပြသည်။
မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ဖြစ်သော တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့က အစိုးရနှင့် တရုတ်ပြည်တွင် တွေ့ဆုံသော ဆွေးနွေးပွဲအပြီးတွင် စစ်ရေးရပ်တန့်ပြီး နိုင်ငံရေးနည်းလမ်းမှ ဆွေးနွေးရန် ဒီဇင်ဘာ ၁၂ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့သည်။
ထိုထုတ်ပြန်ချက်အပေါ် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် (Peace Commission) က ကြိုဆိုကြောင်း ချက်ချင်း ထုတ်ပြန်ခဲ့သလို တပ်မတော်ကလည်း လက်တွေ့အကောင်အထည်ဖော်ရန် ရပ်ဆိုင်းလိုက်သည့် သဘောဖြစ်သည်။
ယနေ့ နေပြည်တော်တွင်ပြုလုပ်သည့် စာနယ်စင်းကောင်စီနှင့် တပ်မတော် တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့လည်း တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် တပ်မတော်၏ သဘောထားကြေညာချက်ကို ၎င်းတို့ရှေ့တွင်ပင် တပ်မတော် အရာရှိတဦးက ကြေညာခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မြန်မာနိုင်ငံရဲ့ အရှေ့မြောက်မှာ ရှိနေတဲ့ TNLA အဖွဲ့၊ MNDAA အဖွဲ့၊ AA အဖွဲ့ အဲအဖွဲ့တွေ ကနေပြီးတော့ စစ်ရေးနဲ့ ပတ်သက် ပြီးတော့ စွန့်လွတ်ဖို့ ဆန္ဒရှိတယ်ဆိုတာလည်း ညှိနှိုင်းဖြေရှင်းဖို့ ဆန္ဒရှိတယ်ဆိုတာလည်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုဘဲ နိုင်ငံတော်အပိုင်းကလည်း ဒါကို ဆွေးနွေးတဲ့အခါမှာ ကျနော်တို့ ပြန်လည် သုံးသပ်ပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး တပ်မတော်က ဆုံးဖြတ်ချက် ချထားပါတယ်” ဟု ပြောသည်။
တပ်လှုပ်ရှားမှု ရပ်ဆိုင်းထားသည့် ကာလအတွင်း စစ်ဆင်ရေးနယ်မြေအလိုက် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနနှင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးအပါအဝင် ငြိမ်းချမ်းရေး ဆိုင်ရာများကို ညှိနှိုင်းရန် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးစီးသည့် ကာကွယ်ရေး ညှိနှိုင်း ဆွေးနွေးရေး အဖွဲ့ဖြင့် ဆွေးနွေးမည်ဟုဆိုသည်။
ယင်းအဖွဲ့တွင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဥက္ကဋ္ဌ အဖြစ်ဦးဆောင်ထားပြီး ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း က အတွင်းရေးမှူး အဖြစ် တာဝန်ယူထားကာ အဖွဲ့ဝင်များအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် သက်ဆိုင်ရာ တိုင်းမှူးများ ပါဝင်မည်ဖြစ်သည်။
တဆက်တည်းမှာပင် NCA လက်မှတ်ရေးထိုးပြီး ဖြစ်သော တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နှင့်လည်း NCA သဘောတူ စာချုပ်ပါ အချက်အလတ်များအတိုင်း ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ပြီး လိုအပ်ပါက ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ တဖွဲ့ချင်း အလိုက် ဆွေးနွေးပေးမည်ဖြစ်ကြောင်း ထည့်သွင်း ဖော်ပြထားသည်။
ယင်းသို့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးသည့်နည်းတူ တဖက် တွင်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အားလုံးအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်အနက်မှ သဘောတူစာချုပ်များအတိုင်း ကတိတည်ရန်၊ ငြိမ်းချမ်းရေး သဘောတူညီချက်များ အပေါ် အမြတ်မထုတ်ရန်၊ ဒေသခံ ပြည်သူများအပေါ် ဝန်ထုတ်ဝန်ပိုးမဖြစ်စေရန်၊ နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများကို လိုက်နာရန် စသည့် အချက် ၄ ချက်ကို အလေး အနက်ထား လိုက်နာရန် လိုအပ်မည်ဟုလည်း တပ်မတော်က ဆိုသည်။
အလားတူ NCA လက်မှတ်ရေးထိုးပြီးနှင့် လက်မှတ်ရေးထိုးရန် ကြိုးပမ်းဆဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က NCA သဘောတူ စာချုပ် လက်မှတ်ရေးထိုးခြင်း (၃) နှစ်မြောက် နှစ်ပတ်လည်နေ့ သီးသန့်တွေ့ဆုံပွဲ အခမ်းအနား၌ ပြောကြားခဲ့ပြီးဖြစ်သည့် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် တပ်မတော်၏ သန္နိဌာန်ကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဟုဆိုသည်။
တပ်မတော်၏ သန္နိဌာန်မှာ “၂၀၂၀ ပြည့်နှစ်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြီးမြောက်စေရေး သန္နိဌာန် ချထားကြောင်းနှင့် တပ်မတော်အနေဖြင့် သန္နိဌာန်အတိုင်း ဖြစ်မြောက်အောင် ဆောင်ရွက်ပြီး တိုင်းရင်းသား ပြည်သူလူထု လိုလားတောင့်တနေသည့် ထာဝရငြိမ်းချမ်းရေးကို ပြည်သူ့လက်သို့ အရောက် အပ်နှင်းမည်” ဆိုသည့် အချက်ဖြစ်သည်။
ယင်းသန္နိဌာန်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကလည်း ကတိကဝတ်ပြုပြီးနောက် လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းရေးနှင့် ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး သတ်မှတ် လုပ်ငန်းစဉ်များ အတိုင်း ပြီးမြောက်အောင်မြင်သည်အထိ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ထပ်လောင်းဖော်ပြထားသည်။
တပ်မတော်၏ စစ်ဆင်ရေးများ ရပ်ဆိုင်းခြင်း ထုတ်ပြန်ချက်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သဘောထား ထုတ်ပြန် ချက်သည် အပြုသဘောဆောင်သည့် ထုတ်ပြန်ချက်ဖြစ်သည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အထောက်အကူပြုစေသည်ဟု NCA ထိုးထားသည့် လက်နက်ကိုင်အဖွဲ့ကြီး တဖွဲ့က မှတ်ချက်ပြုသည်။
လက်ရှိ၌ NCA ကို ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)၊ မွန်ပြည်သစ် ပါတီ(NMSP)၊ လားဟူ ဒီမိုရက်တစ် အစည်းအရုံး (LDU) တို့က လက်မှတ် ထိုးထားကြသည်။
“ဝ”ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(NDAA)၊ ရှမ်း ပြည် တိုးတက်ရေး ပါတီ(SSPP/SSA)၊ ကချင် လွတ်လပ်ရေး တပ်မတော်(KIA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက် ရေး တပ်မတော်(TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(MNDAA)၊ ရက္ခိုင့် တပ်မတော်(AA)၊ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ္ပလန်(NSCN-K)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါ တီ(KNPP)၊ ရခိုင် အမျိုး သား ကောင်စီ(ANC)တို့ NCA ထိုးနိုင်ရေး အစိုးရ၊ တပ်မတော်က ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန် – စစ်ရေးရပ်ပြီး နိုင်ငံရေးလမ်းဖြင့်သွားရန် မဟာမိတ် ၃ ဖွဲ့ သဘောထားကြေညာ