ပြည်ပ နိုင်ငံအချို့၏ လွှတ်တော်များက မြန်မာနိုင်ငံအပေါ် ခိုင်မာသည့် အချက်အလက်များ၊ မမှန်ကန်သည့် ဝါဒဖြန့်မှုများအပေါ် ဆွေးနွေးခြင်း၊ ၎င်းတို့ အစိုးရအား တိုက်တွန်းခြင်းများ ဆောင်ရွက်နေမှုအပေါ် နိုင်ငံ့လွှတ်တော်အနေဖြင့် ရေငုံနှုတ်ပိတ် မနေဘဲ တုံ့ပြန်သင့်ကြောင်း တပ်မတော်သားဘက်မှ တိုက်တွန်းလိုက်သည်။
ဒီဇင်ဘာလ ၂၀ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်၏ နိုင်ငံတကာ ဆက်ဆံရေးကော်မတီက တင်သွင်းထားသည့် အစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးစဉ် တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ဇော်ထွန်းဦးက ဆွေးနွေးတိုက်တွန်းခြင်း ဖြစ်သည်။
၎င်းက “မိမိတို့ လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကေ်ာမတီမှတဆင့် ထိုကိစ္စများအပေါ် အမြဲတမ်း စောင့်ကြည့် လေ့လာသုံးသပ်လျက် နိုင်ငံတော် အကျိုးစီးပွားအတွက် လိုအပ်ပါက ပြန်လည်ရှင်းလင်းခြင်းများ၊ ကန့်ကွက်ခြင်းများ ပြန်လည် ပြုလုပ်သင့်ပါတယ်” ဟု ပြောသည်။
မြန်မာ့တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မွတ်စလင်များကို ပစ်မှတ်ထား စစ်ဆေင်ရေး ဆင်နွှဲခဲ့ပြီး အရပ်သား၊ ကလေးငယ်များနှင့် အမျိုးသမီးများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် အဓမ္မ ပြုကျင့်မှုများ ရှိခဲ့သည်ဟုဆိုကာ လူမျိုးတုန်း သတ်ဖြတ်မှု ဖြစ်ကြောင်း အမေရိကန် အောက်လွှတ်တော်၌ မကြာသေးမီ ရက်ပိုင်းအတွင်းက မဲခွဲဆုံးဖြတ် သတ်မှတ်ထားသည်။
ကမ္ဘာ့နိုင်ငံများ၏ ဆောင်ရွက်ဆုံးဖြတ်ချက်များသည် မြန်မာနိုင်ငံအပေါ် သက်ရောက်မှု ရှိပါက သုံးသပ်ချက်များ၊ အကြံပြုချက်များ၊ တိုက်တွန်းချက်များ ပြုစုကာ အရေးကြီးပါက လွှတ်တော်သို့ တင်ပြသင့်ကြောင်းလည်း ဒုဗိုလ်မှူးကြီး ဇော်ထွန်းဦးက အကြံပြုထားသည်။
တပ်မတော်သားကိုယ်စားလှယ် တဦးဖြစ်သူ ဗိုလ်မှူးကြီး ကျော်စိုးလွင်ကလည်း နိုင်ငံသည် လွတ်လပ်၍ ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသော်လည်း အင်အားကြီးနိုင်ငံအချို့ကမူ မိမိတို့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုများ ရှိနေသည်ဟု လွှတ်တော်၌ ဆွေးနွေးသည်။
“ဝင်ရောက်စွက်ဖက်မှုများ ရှိလာတဲ့အခါတိုင်းမှာ တပြေးညီ ပြန်လည်သုံးသပ်ပြီး လေ့လာတွေ့ရှိချက်များကို လွှတ်တော်သို့ အခါအားလျော်စွာ ရှင်းလင်းတင်ပြသင့်ပါတယ်” ဟု ၎င်းက ဆိုသည်။
ကော်မတီက တင်သွင်းသည့် အစီရင်ခံစာတွင် ရခိုင်အရေးကြောင့် အမေရိကန်၊ ဥရောပသမဂ္ဂ (EU) အပါအဝင် အနောက်နိုင်ငံများ၊ အစ္စလာမ် နိုင်ငံအချို့နှင့် ဆက်ဆံရေး အေးစက်မှုများ ရှိလာကြောင်း၊ ယင်းနိုင်ငံများက နိုင်ငံအပေါ် ဖိအားပေးကာ အရေးယူပိတ်ဆို့မှုများ ပြုလုပ်ရန်အထိ ကြိုးစားလာကြောင်း ဖော်ပြပါရှိသည်။
နိုင်ငံတကာ ဆက်ဆံရေးကော်မတီ အဖွဲ့ဝင် ဒေါ်ပြုံးကေသီနိုင်က “လွှတ်တော်ထဲမှာ ရှိတဲ့သူတွေ အားလုံးသိအောင် မတင်ပြနိုင်တာမျိုးလည်း ပါသလို သူတို့ (တပ်မတော်) ရဲ့ အကြံဉာဏ်ကိုလည်း အပြုသဘော မြင်ပါတယ်။ နိုင်ငံမှာ ဖြစ်နေတဲ့ကိစ္စတွေအပေါ်မှာ ကိုယ်တိုင်လည်း ကျကျနန သိပြီးတော့ ဘယ်လိုရပ်တည်ခြင်းက နိုင်ငံရဲ့ အကျပ်အတည်းကနေ လွတ်မြောက်စေမလဲဆိုတာကို နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ တွေ့တဲ့အခါ Strategic (မဟာဗျူဟာမြောက်) တုံ့ပြန်နိုင်ရင် သဘာ၀ ပိုကျတယ်လို့ မြင်တယ်” ဟု ဆိုသည်။
တပ်မတော်သား ကိုယ်စားလှယ်၏ ဆွေးနွေးချက်မှာ မှန်ကန်ကြောင်းနှင့် လွှတ်တော်ဘက်မှလည်း ယင်းသို့ လုပ်ဆောင်သင့်ကြောင်း သုံးသပ်မှုများ ရှိသည်။
နိုင်ငံရေးလေ့လာသူ တဦးဖြစ်သည့် ဦးမောင်မောင်စိုးက “တပ်နဲ့ နိုင်ငံတကာ ဆက်ဆံရေးက တိုက်ရိုက် မရှိဘူး။ နိုင်ငံတကာ သံတမန်တွေနဲ့ ဘာတွေက အစိုးရ၊ လွှတ်တော်တို့က တိုက်ရိုက်ရှိတာကိုး။ တပ်အနေနဲ့ ဆက်ဆံမှုက စစ်သံမှူးတွေနဲ့ပဲ ရှိတော့ သူတို့နဲ့တော့ အဲဒီကနေလည်း လုပ်သင့်တာပေါ့” ဟု ဧရာဝတီကို ပြောသည်။
ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီကို လွှတ်တော်ကိုယ်စားလှယ် ၁၉ ဦးဖြင့် ဖွဲ့စည်းထားကာ နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ လုပ်ငန်းမား ဖွံ့ဖြိုးတိုးတက်စေရေး ကူညီဆောင်ရွက်ရန်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းသင်းဆက်ဆံရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးမူများကို ထိန်းညှိကူညီ ဆောင်ရွက်ရန် တာဝန်ရှိသည်။