သတင်း

ပအို့ဝ် ဒေသခံ ၅၀၀၀ ကျော် RCSS ကို ဆန္ဒပြ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့၌ ပအို့ဝ် တိုင်းရင်းသား ဒေသခံ ၅၀၀၀ ကျော် ရှမ်းပြည် ပြန်လည် ထူထောင် ရေး ကောင်စီ (RCSS/SSA)ကို ယနေ့ နံနက်ပိုင်းက ဆန္ဒပြကြကြောင်း သိရသည်။

တောင်ကြီးမြို့တွင် ဒီဇင်ဘာ ၂၁ ရက် နံနက် ၉ နာရီမှ နေ့လယ်ပိုင်း အထိ ပအို့ဝ် အဖွဲ့အစည်းပေါင်း၂၄ ဖွဲ့နှင့် ပအို့ဝ် လူမျိုးများ နေထိုင်ကြသည့် ဒေသများက လူဦးရေ ၅၀၀၀ ကျော်သည် ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်မြို့နယ် နမ်းဟူး (ဆိုင်းငင်း) ကျေးရွာ၌ RCSS နှင့်ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ၅ ဦးသေပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့မှု အပေါ် ကန့်ကွက် ဆန္ဒပြကြခြင်း ဖြစ်ကြောင်း ဆန္ဒပြရာတွင် ပါဝင်သူများက ပြောသည်။

အဆိုပါ ဆန္ဒပြပွဲတွင် RCSS အလိုမရှိ၊ စစ်ရာဇဝတ် ကျူးလွန်သူ အလိုမရှိ၊ လူသတ်မှု အလိုမရှိ၊ ရပ်ရွာ တည်ငြိမ်ရေး အမြန် ပေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး တို့အရေး စသည့် စာတန်းပါ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒပြကြကြောင်း သိရသည်။

ဆန္ဒပြရာတွင် ပါဝင်သော ခွန်သောမတ်စ်က“အထူးသဖြင့် RCSS က သတ်လို့ သေသွားတဲ့ ရွာသား ၅ ဦး အတွက် ဆန္ဒ ထုတ်ဖော်ရခြင်း ဖြစ်တယ်။ အဖွဲ့အစည်းကတော့ အရင် ထုတ်ပြန် ကြေညာချက်ထဲမှာ ရှိထားတဲ့ ၂၄ ဖွဲ့နဲ့ ဒေသ အစုံ၊ ခရိုင် လေးခုက ပြည်သူ လူထုတွေ တက်လာပြီးတော့မှ ပူးပေါင်း ပါဝင် သဘောထားတွေ ပေးကြတာ ဖြစ်တယ်။ တောင်ကြီးမြို့ အတွင်း လူအချက်အချာကျတဲ့ စင်တာတွေမှာ လှည့်လည်ပြီးတော့ ဆန္ဒပြတာပါ”ဟု ပြောသည်။

ယင်းသို့ ဆန္ဒပြမှုနှင့် ပတ်သက်၍ RCSS ဘက်က ဤလုပ်ရပ်သည် ရုန်းရင်းဆန်ခတ် ဖြစ်စဉ် အမှန်အား မျက်ကွယ် ပြုပြီး နောက်ကွယ်က အဖွဲ့အစည်း တချို့၏ နိုင်ငံရေး အမြတ်ထုတ်လိုမှု အတွက် စေခိုင်း ရည်ရွယ် ပြုလုပ်သည်ဟု မြင်ကြောင်း ဒီဇင်ဘာ ၂၁ ရက်၌ပင် ထုတ်ပြန် ကြေညာသည်။

ထုတ်ပြန်ချက်၌ ဖြစ်စဉ် အမှန်အား လျစ်လျူရှုပြီး မဟုတ်မမှန် လုပ်ကြံ စွပ်စွဲချက်များနှင့် နောက်ကွယ် အဖွဲ့ အစည်း တချို့က သွေးထိုးမြှောက်ပင့် ခိုင်းစေမှုဖြင့် ဒေသခံ ပအို့ဝ် အမည်ခံ လူတစု၏ ဆန္ဒပြခြင်းကို ပြင်းပြင်း ထန်ထန် ကန့်ကွက် သည်ဟု ဆိုထားသည်။

ထို့နောက် ဒီဇင်ဘာ ၂၂ ရက်တွင်လည်း ထိုင်းနိုင်ငံ ချင်းမိုင် နှင့် တောင်ကြီးမြို့တို့၌ လွိုင်လင် ပဋိပက္ခ အပေါ် RCSS မှ သတင်းစာ ရှင်းလင်းပွဲ တရပ် လုပ်သွားမည်ဟု ဆိုထားသည်။

RCSS/SSA ပြောခွင့်ရ ပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းမိဏ်းက“ဒီအချက်နဲ့ ပတ်သက်ပြီးတော့ အခု လောလောဆယ်တော့ ကျနော်တို့ မှတ်ချက် မပေးလိုသေးပါဘူး။ ကျနော်တို့အနေနဲ့ သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့လည်း ရှိပါတယ်။ ကျနော် တို့ သဘောထား ထုတ်ပြန် ကြေညာချက်နဲ့ ပတ်သက်ပြီးလည်း ထုတ်ထားတာ ရှိပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

လွိုင်လင် မြို့နယ် တောင်နောက် ကျေးရွာ အုပ်စု နမ်းဟူး (ဆိုင်းငင်း) ကျေးရွာ၌ ဒီဇင်ဘာ ၁၁ ရက်က ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးခွန် ထွက်ဗိန်း အပါအဝင် နမ်းဟူးရွာ သူကြီး ဦးခွန်ထွန်းဦးတို့နှင့် ရပ်မိရပ်ဖများကို ဖမ်းဆီးသွားရာ ရွာသားများက လိုက်လံ၍ ပြန်လွှတ်ပေးရန် တောင်းဆိုစဉ် သဘောတူညီချက် ရပြီးနောက် အငြင်းပွားကာ သေနတ် နှင့် ပစ်ခတ်မှုကြောင့် ၅ ဦး သေဆုံး၍ ၃ ဦး ဒဏ်ရာ ရရှိမှု ဖြစ်ပွားခဲ့သည်။

ထိုသေဆုံးသူမှုတွင် နမ်းဟူး ရွာသူကြီး ဦးခွန်ထွန်းဦး၊ ရပ်မိရပ်ဖ ဦးခွန်တမူတို့ အပါအဝင် ဦးခွန်တဆန်း၊ ဦးခွန်တဝင်း၊ ဦးခွန်တခဲတို့ ဖြစ်ပြီး ဒဏ်ရာ ရသူများမှာ တောင်နောက် ကျေးရွာ အုပ်စုမှ စာရေး ဦးဇော်အောင်၊ ဦးခွန်မြင့်အောင်(ခ) တာလောဝ်နှင့် ဥတ္တရတို့ ဖြစ်ကြောင်း၊ ထိုသူများသည် အရပ်သားများ ဖြစ်ကြောင်း ပအို့ဝ် အဖွဲ့ အစည်းများက ပြောဆို ကြပြီး အရေးယူပေးရန် အစိုးရသို့ တောင်းဆိုနေကြသည်။

သို့သော် RCSS ဘက်ကမူ မိမိတို့ တပ်ဖွဲ့ဝင် ၉ ဦး ဖြတ်သန်းသွားစဉ် ကိုရင်လေး တပ်ဖွဲ့ဝင်များက (ထမ့်ဆန်းဂူက တပ်ဖွဲ့) ဓားဖြင့် ဝင်ခုတ်၍ သေနတ်လုကြရာမှ သေနတ်ကျည် ထွက်သွား၍ ၅ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိသွား ကြောင်း၊ မိမိတို့ တပ်ဖွဲ့ ဝင် ၂ ဦးလည်း ဓားခုတ်ခံရ၍ ပြီးခဲ့သည့် ရက်ပိုင်းက ဓားခုတ်ခံရသူ ၂ ဦးအနက် တဦး သေဆုံး သွားကြောင်း ပြောဆိုထားသည်။

လွိုင်လင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ရှမ်းနှင့် ပအို့ဝ်ကြား လူမျိုးရေး ပဋိပက္ခ အသွင် ဆောင်လာမည် ကို ရှမ်းပြည်နယ် အတွင်းရှိ လူထုက စိုးရိမ်နေကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading