အစိုးရ၏ တရားဝင်ခွင့်ပြုချက်ဖြင့် တရုတ်နိုင်ငံသို့ နွားတင်ပို့နေသည့် သဇင်နန်းထိုက်ကုမ္ပဏီမှ နွားကား ၂ စီးကို ကချင်လွတ် လပ်ရေး တပ်မတော် (KIA) က တားဆီးကာ ကားသမားအား ပြန်ပေးဆွဲခေါ်ဆောင်သွားသည်ဟု ကျွဲ၊ နွားတင်ပို့ရေး လုပ်ဆောင်နေသည့် သဇင်နန်းထိုက်ကုမ္ပဏီပိုင်ရှင် ဦးရွှေမင်းက ပြောသည်။
သဇင်နန်းထိုက်ကုမ္ပဏီက နွားအကောင် ၁၀၀ အား ကားတစီးလျှင် အကောင် ၂၀ နှုန်းတင်၍ ကားငါးစီးဖြင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရန် သွားရောက်စဉ် ရှမ်းပြည်နယ်၊ ကွက်ခိုင်မြို့နယ် ရှုခင်းသာကုန်း အတက်တွင် တားမြစ်ခံရကာ ကားသမားတဦး ပြန်ပေးဆွဲခံရခြင်း ဖြစ်သည်။
သဇင်နန်းထိုက် ကုမ္ပဏီပိုင်ရှင် ဦးရွှေမင်း က “ဒီနေ့မနက်ပိုင်းက ကွတ်ခိုင် ကတ္တားကျော်ပြီးကတည်းက ကား ၅ စီးလုံး အတူတူ ထွက်လာတယ်။ ရှုခင်းသာအတက်လောက် ရောက်တဲ့အချိန်မှာ ခြုံထဲကနေ သေနတ်တွေနဲ့ ပြေးထွက်လာပြီး နောက်ဆုံးက ကား ၂ စီးကို တားပြီးတော့ ကားသမား တယောက်ကို ခေါ်ပြီး တောထဲကို ဝင်သွားတယ်၊ ကားတွေကတော့ လမ်းပေါ်မှာပဲ ရပ်ထားခဲ့ရတယ်” ဟု ဧရာဝတီကို ပြောသည်။
၎င်းက ဆက်လက်ပြီး “ကချင်အဖွဲ့ KIA ကလို့ သူတို့ ကိုယ်တိုင်ပြောသွားပါတယ်။ သိန်း၂၀၀ တောင်းတယ်၊ ညှိလို့ကို မရဘူး။ အခု ကျနော်တို့ လက်ထဲကို ပိုက်ဆံရောက်တာနဲ့ ဆက်သွယ်ပေးဖို့ ပြောထားပါတယ်။ လက်ရှိက လူခေါ်သွားတဲ့ နေရာမှာပဲ နွားကား ၂ စီး ရပ်ထားရတယ်။ ၃ စီးကတော့ ၁၀၅ မိုင်ကို ရောက်သွားပါပြီ” ဟု ဆိုသည်။
အဆိုပါ ကား ၅ စီးမှာ တရားဝင်ခွင့်ပြုချက်ဖြင့် တရုတ်နိုင်ငံ တင်ပို့ရန်အတွက် ဒီဇင်ဘာလ ၁၉ ရက်က ဒီပဲယင်းမြို့မှ မောင်းနှင်လာခြင်း ဖြစ်သည်။
ကွတ်ခိုင်မြို့နယ်အတွင်း KIA အပါအဝင် အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများလည်း လှုပ်ရှားမှု ရှိနေသည့်အပြင် ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အောက်ခြေမြေပြင်သတင်းများ တက်မလာသဖြင့် အတည်ပြုပေးရန် ခက်ခဲကြောင်း KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။
၎င်းက “ဟုတ်ချင်လည်း ဟုတ်မှာပါ။ ကျနော်ကတော့ ဟုတ်တယ်လို့ အတည်ပြုပေးလို့တော့ မရဘူး ခင်ဗျ။ ကျနော်တို့စီမှာ ဘာမှ ခိုင်မာတဲ့သတင်းတွေ မရှိသေးဘူး” ဟု ဧရာဝတီကို ပြောသည်။
ယခင်က ကျွဲ၊ နွားအရှင် တင်ပို့မှုကို အစိုးရက ကန့်သတ်ထားသည့်အတွက် လက်နက်ကိုင်အဖွဲ့များအား ဆက်ကြေး ပေးကာ မှောင်ခိုတင်ပို့မှုများ ရှိခဲ့သည့်အတွက် အစိုးရက တင်ပို့မည်ဆိုပါက အသက် ၅ နှစ်အထက် ကျွဲ၊ နွား ဖြစ်ပြီး အထီးဖြစ်ပါက သင်းကွပ်ပြီး တင်ပို့နိုင်ကြောင်း သတ်မှတ်ချက်ဖြင့် ၂၀၁၇ ခုနှစ် အောက်တိုဘာလမှစ၍ တရားဝင် ခွင့်ပြုပေးထားခြင်း ဖြစ်သည်။
သို့သော် အစိုးရ တရားဝင်ခွင့်ပြုချက် ရယူကာ ကျွဲ၊ နွားတင်ပို့များ လုပ်ဆောင်လာသော်လည်း လက်နက်ကိုင် အဖွဲ့အစည်း များက ယခင်အတိုင်း ဆက်ကြေးကောက်၊ ပြန်ပေးဆွဲ၊ ပစ်ခတ်မှုများ မကြာခဏ ပြုလုပ်လျက် ရှိကြောင်း သိရသည်။
တရုတ်ပြည်သို့ နွားများ တင်ပို့နေသည့် ရဲသူဟိန်းနွားမွေးမြူရေးကုမ္ပဏီမှ ဦးသောင်းခိုင် က “ကျနော်တို့က ပေးဆောင်ရမယ့်အခွန်တွေ တရားဝင် ပေးဆောင်ပြီးမှ ထွက်လာတယ်။ အောက်ပိုင်းမှာလည်း နွားပွဲဈေးကြောင့် အခက်အခဲဖြစ်၊ အပေါ်ရောက်တော့လည်း လက်နက်ကိုင်အဖွဲ့အစည်းက ငွေတောင်းနဲ့ တော်တော်ကို အဆင်မပြေ ဖြစ်နေရတယ်။ တလောကဆိုရင် နွားကားကို ပစ်တယ်။ နောက် နွားကားကို တောထဲခေါ်သွားပြီး ငွေပေးမှ ပြန်လွှတ် ပေးတယ်။ ဒါတွေကို အစိုးရအနေနဲ့ ဝင်ရောက်ပြီး ဖြေရှင်းပေးသင့်ပါပြီ” ဟု ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်ကလည်း ကျွဲ၊ နွားတင်ပို့သည့် ကုမ္ပဏီတခုပိုင် နွား ၁၈ ကောင်ပါ ၁၂ ဘီးကားကို ကျောက်မဲမြို့နယ်၊ လုံဝယ်ကျေးရွာအနီး၊ ပြည်ထောင်စုလမ်းမပေါ်တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တခုက ပစ်ခတ်ခဲ့ရာ ယာဉ်မောင်းနှင့် နွားထိန်းအဖြစ် ပါလာသူ နှစ်ဦး ဒဏ်ရာရရှိပြီး ယာဉ်ပေါ်ပါ နွားလေးကောင် သေနတ်ကျည်ထိကာ တကောင် သေဆုံးခဲ့သည်။
ထို့ပြင် ဒီဇင်ဘာလဆန်းပိုင်းကလည်း ခင်ဦးမြို့နယ်မှ နွားတင်ပို့ရေး ကုမ္ပဏီတခုပိုင် ကားအား ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က တားဆီးကာ ကားသမားအပါအဝင် လူ ၇ ဦးကို ပြန်ပေးဆွဲခဲ့သည့်အတွက် ကျပ်သိန်း ၁၃၀ ဖြင့် ပြန်လည် ရွေးယူခဲ့ရပြီး ဖမ်းဆီးခေါ်ဆောင်သည့် အဖွဲ့ကိုလည်း ကျပ် ၆ သိန်း ပေးခဲ့ရသည်ဟု သိရသည်။
KIA အဖွဲ့ကို ကျပ်သိန်း ၁၃၀ ပေးခဲ့ရသူ ကျွဲ၊ နွားတင်ပို့ရေးကုမ္ပဏီ ပိုင်ရှင်တဦး က “သူတို့ရဲ့ အခွန်ကြေလက်မှတ် ဆိုပြီး အဲဒီအပေါ်မှာ ကျနော်ပေးခဲ့ရတဲ့ သိန်း ၁၃၀ ဆိုပြီး ရေးပေးလိုက်တာပါ။ နေရပ်လိပ်စာအပါ အပြည့်အစုံကို ပြောရတယ်။ ပြီးတော့ သူတို့ရဲ့ စာအုပ်အဖြုထဲမှာပါ လက်မှတ်ထိုးပေးခဲ့ရတယ်။ အဓိကကတော့ ကျနော်တို့ ကျွဲ၊ နွားကုမ္ပဏီက သူတို့လက်နက်ကိုင်အဖွဲ့ကို ၁ နှစ်စာ အခွန်ကြေ ပေးသွင်းပါတယ်ပေါ့ဗျာ။ သူတို့က အဲဒီလိုပေးဆောင်တယ် ဆိုတာကို ပန်းရောင်စာရွက်လေးပဲ ပြန်ပေးပါတယ်” ဟု ပြောသည်။
၎င်းက ဆက်လက်ပြီး “တပ်မတော်နဲ့ ရဲဘက်ကိုတော့ ဘာကြေးမှ မပေးရပါဘူး။ အခု ကျနော်တို့ပေးနေရတာက SSA (SSPP) ကို ပေးရတယ်၊ RCSS လည်း ပေးရတယ်၊ TNLA ကိုလည်း ပေးရတယ်၊ KIA ကိုလည်း ပေးရတယ်။ အဲဒီလိုပေးရတာ ဘယ်အဖွဲ့ဆိုတာကို သူတို့က ပြောလို့သာ သိရတာပါ။ ဘယ်အဖွဲ့ကဆိုတာကို ကျနော်တို့ အနေနဲ့ မခွဲတတ်ပါဘူး။ အမှန်တကယ် လက်တွေ့ကတော့ ပေးခဲ့ရပါတယ်” ဟု ဆိုသည်။
ထိုသို့ လက်နက်ကိုင်အဖွဲ့များက ပြန်ပေးဆွဲခြင်း၊ ဆက်ကြေးကောက်ခြင်းများ ပြုလုပ်နေသော်လည်း ကျွဲ၊ နွားတင်ပို့ရေး ကုမ္ပဏီများအပြင် ယာဉ်မောင်းများ၊ နွားမွေးတောင်သူများမှာ သက်ဆိုင်ရာသို့ အကူအညီတောင်းခံခြင်း မပြုလုပ်ရဲဘဲ ဖြစ်နေကြောင်း လုပ်ငန်းရှင်များက ဆိုသည်။
ဦးရွှေမင်း က “ကျနော်တို့အနေနဲ့ အခုလိုဖြစ်စဉ်အပေါ်မှာ သက်ဆိုင်ရာကိုလည်း အကူအညီမတောင်းရဲပါဘူး။ ကားသမား က သူတို့ ခေါ်ထားတာတယ်။ ပိုက်ဆံပေးမှ ပြန်လွှတ်ပေးမယ်လို့လည်း ပြောထားတယ်လေ။ လက်နက်ကိုင် အဖွဲ့ ဖြစ်နေတာကြောင့် ကျနော်တို့က ထိန်းထိန်းသိမ်းသိမ်း၊ ချိန်ချိန်ဆဆ လုပ်နေရတာပါ” ဟု ဧရာဝတီကို ပြောသည်။
ပြည်ပသို့ ကျွဲ၊ နွား အရှင် တရားဝင် တင်ပို့ခွင့်ပြုပြီးနောက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်အထိ ကျွဲ ၂၈,၆၃၂ ကောင်နှင့် နွား ၁၈၆,၇၀၁ ကောင် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကျော် ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကိန်းဂဏန်းများအရ သိရသည်။
မြန်မာနိုင်ငံတွင် ကျွဲကောင်ရေ ၁၈ သိန်းနှင့် နွားကောင်ရေ ၉၃ သိန်းရှိကြောင်း ၂၀၁၈ ခုနှစ် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်း စီမံကိန်း အကောင်အထည်ဖော်မှု ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။