ရိုက်တာသတင်းထောက်နှစ်ဦး ထောင်ချောက်ဆင် ဖမ်းဆီးခံရသည့်ကိစ္စကို ပြန်လည်စိစစ်ပေးရန် အပါအဝင် သတင်း မီဒီယာများ ကြုံတွေ့နေရသည့် အခက်အခဲများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များက တင်ပြခဲ့ကြောင်း သိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အသစ်ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ ဒီဇင်ဘာလ ၂၁ ရက်က နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၌ တွေဆုံခဲ့စဉ် တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းမီဒီယာကောင်စီဝင် တွဲဘက်အတွင်းရေးမှူး ၂ ဦးသာလွန်ဇောင်းထက် က “ရဲတပ်ဖွဲ့ကနေ ရိုက်တာ သတင်းထောက် နှစ်ယောက်ကို ထောင်ချောက်ဆင် ဖမ်းတယ်ဆိုတာကို စိစစ်ပေးဖို့ စုံစမ်းပေးဖို့ ဖော်ထုတ်ပေးဖို့ အရေးယူပေးဖို့ ဆိုပြီး တင်ပြပါတယ်” ဟု ပြောသည်။
အဆိုပါတင်ပြချက်အပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ယင်းကိစ္စသည်လက်ရှိတွင် တရားရုံးတွင် စစ်ဆေး အရေးယူနေသော ကိစ္စဖြစ်၍ ဆောင်ရွက်ပေး၍ မရဟု အကြောင်း ပြန်ကြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်း က “သူတင်ပြတဲ့အခါ ကာကွယ်ရေးဦးစီးချုပ်က ရိုက်တာ ကိစ္စ ကတော့ တရားရုံးရောက်နေတဲ့ကိစ္စဖြစ်တဲ့အတွက် သူ့အနေနဲ့ ဘာမှ ဆောင်ရွက်ပေးလို့ မရဘူးဆိုတဲ့ သဘောမျိုး ပြောတာပေါ့နော်” ဟု ဆိုသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ရိုက်တာသတင်းထောက်များကိစ္စအပြင် ပဋိပက္ခဖြစ်ပွားရာဒေသများကို သတင်းသွားရောက် ရယူနိုင်ရေးနှင့် လုံခြုံရေးဆောင်ရွက်ပေးရန်၊ တပ်မတော်နှင် သတင်းမီဒီယာများအကြား နားလည်မှုယုံကြည်မှုကောင်းမွန်ရေး၊ သတင်းအချက်အလက်များရယူရာတွင် တပ်မတော်ဘက်မှ လွယ်ကူလျှင်မြန်စွာ ဆောင်ရွက်ပေးရေး၊ Contact Person များထားရှိပေးရန်တို့ကို တင်ပြခဲ့သည်ဟု မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီက သတင်းထုတ်ပြန်သည်။
သို့ရာတွင် တပ်မတော်အနေဖြင့် သတင်းမီဒီယာများက တောင်းဆိုသည့် မီဒီယာများ၏ သတင်းရယူခွင့်ကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ပေးမည်ဟုလည်း ကတိပြုပြောကြားခဲ့ကြောင်းလည်း ကောင်စီဝင်များထံမှ သိရသည်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင် က “ဒီနေ့တွေ့ဆုံပွဲက အောင်မြင်တဲ့ တွေ့ဆုံပွဲဖြစ်တယ်လို့ ပြောလိုပါတယ်။ မီဒီယာတွေရဲ့ သတင်းရယူမှုတွေ၊ ပြည်နယ်တိုင်းတွေမှာရှိတဲ့ နယ်လုံဝန်ကြီးတွေဆီက သတင်းပြောပိုင်ခွင့်တွေ ပြောဖို့အတွက်ကို တပ်ချုပ်ကြီးက စီစဉ်ပေးမယ်လို့ ပြောပါတယ်” ဟု ပြောသည်။
ဦးကျော်စွာမင်းက “သတင်းစာရှင်းလင်းပွဲတွေကို တပ်မတော်အနေနဲ့ အစိုးရပိုင်းက ညွန်ချုပ် ဦးဇော်ဌေး လုပ်ပေးနေသလို သတင်းစာ ရှင်းလင်းပွဲ လုပ်ပေးဖို့ တောင်းဆိုခဲ့တယ်။ နောက်တခါ သတင်းသမားတွေနဲ့ တပ်မတော် ရင်းနှီးမှုပိုရအောင် အလုပ်ရုံဆွေးနွေးပွဲတွေကို ဆောင်ရွက်ပေးဖို့တောင်းဆိုတယ်။ အဲဒီအတွက် ဆောင်ရွက်ပေးဖို့ ကတိပြုတာရှိတယ်” ဟု ပြောသည်။
ထို့အပြင် သတင်းစာများရပ်တည်ရန် ခက်ခဲနေမှုအတွက် တပ်မတော်က ကြော်ငြာထည့်သွင်းပေးခြင်းတို့ဖြင့် ကူညီမည်ဟု ကတိပြုခဲ့ကြောင်း သိရသည်။
“ပုဂ္ဂလိက မီဒီယာတွေ ခက်ခဲနေတာကို တင်ပြတဲ့အခါမှာ သတင်းစာတွေအတွက် ကြော်ငြာတွေကိုလည်း တပ်မတော်ဘက်က ထည့်ပေးမယ် ကူညီပံ့ပိုးပေးမယ်လို့ ပြောတာတွေရှိပါတယ်” ဟု ဦးကျော်စွာမင်းက ပြောသည်။
တွေ့ဆုံပွဲ၌ သတင်းသမားများအား မတရားအသင်း ပုဒ်မ ၁၇ (၁)၊ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေတို့ဖြင့် တရားစွဲ အရေးယူနေခြင်းသည် တပ်မတော်၏ ပုံရိပ်နှင့် နိုင်ငံတော်ပုံရိပ် ထိခိုက်စေသည့်အတွက် နောင်တွင် ပြဿနာဖြစ်ပွားပါက သတင်းမီဒီယာ ဥပဒေဖြင့် အရေးယူဆောင်ရွက်ရန် တင်ပြခဲ့ကြောင်းလည်း ဦးသာလွန်ဇောင်းထက်က ပြောသည်။
၎င်းက “နောက်ပိုင်းမှာ သတင်းမီဒီယာဥပဒေနဲ့ပဲ အရေးယူဖို့ သတင်းမီဒီယာကောင်စီကနေတဆင့်ပဲ သတင်းသမားတွေနဲ့ ပတ်သက်ပြီး အရေးယူတာတွေလုပ်ဖို့ တင်ပြတယ်” ဟု ဆိုသည်
ယခုတွေ့ဆုံမှုသည် သတင်းမီဒီယာနှင့် တပ်မတော်အကြား အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှု တို့ကို ပိုမိုကောင်းမွန်အောင်ဆောင်ရွက်နိုင်ခဲ့ပြီး အောင်မြင်သော တွေ့ဆုံမှုဖြစ်ခဲ့သည်ဟု မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့သည် ၂၀၁၆ ခုနှစ် တွင် တကြိမ်၊ ၂၀၁၈ ခုနှစ် ဇွန်လတွင်တကြိမ်တွေ့ဆုံခဲ့ပြီး ယခုအကြိမ်နှင့်ဆိုပါက တတိယအကြိမ်ဖြစ်သည်။