သတင်း

ငွေတုကြောင့် နစ်နာမှုများ ဖြေရှင်းပေးရန် ဗဟိုဘဏ်နှင့် ဆွေးနွေးနေဟု သမ္မတရုံးပြော

Want create site? Find Free WordPress Themes and plugins.

 

ငွေစက္ကူအတုများကြောင့် ပြည်သူလူထုအတွင်း ထိခိုက်နစ်နာနေမှုများကို ဖြေရှင်းပေးနိုင်ရန် နိုင်ငံ တော်ဗဟိုဘဏ်နှင့် ညှိနှိုင်းဆွေးနွေးနေသည်ဟု နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒီဇင်ဘာလ ၂၁ရက်က ပြောသည်။

နေပြည်တော်ရှိ သမ္မတရုံးတွင် နှစ်ပတ်တကြိမ် ပြုလုပ်သော နိုင်ငံရေး၊ စီးပွားရေးတို့နှင့် ပတ်သက် သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ပြောကြားခဲ့ခြင်းဖြစ်သည်။

လတ်တလောတွင် ကျပ် တသောင်းတန် ငွေစက္ကူအတုများထွက်ပေါ်နေခြင်းကြောင့် ပြည်သူလူထုတွင် ငွေကြေးနစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်နေပြီး ငွေတုသုံးစွဲမိသည့် စင်္ကာပူနိုင်ငံသားစုံတွဲအပါအဝင် အမျိုး သမီးငယ်တဦးနှင့် အမျိုးသားတဦးမှာ ဗဟိုဘဏ်ဥပဒေဖြင့် အမှုဖွင့်ဖမ်းဆီးစစ်ဆေး ခံရလျှက်ရှိသည့် အတွက် ပြည်သူလူထုအတွင်း စိုးရိမ်မှုများ၊ ဝေဖန်မှုများ ရှိနေသည်။

“ဒီတသောင်းအတုတွေနဲ့ ပတ်သက်လို့ နစ်နာမှုတွေ ဘယ်လိ ုပြန်လုပ်ပေးမလဲ ဆိုတော့ အတုနဲ့အစစ် ဖြစ်အောင်လဲပေးဖို့ ဆိုတာက ဗဟိုဘဏ်ရဲ့ ဥပဒေမှာ မပါဘူး။ မပါတော့ ဥပဒေနဲ့အညီ ဘယ်လိုလုပ် ပေးနိုင်မလဲဆိုတာလည်း စဉ်းစားနေတာ ရှိပါတယ်၊ ကျန်တဲ့နစ်နာမှုတွေ ဘယ်လိုရှိမလဲ ဥပဒေနဲ့အညီ ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာကို ဗဟိုဘဏ်နဲ့ ဆွေးနွေးနေ ပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

ဗဟိုဘဏ် ဥပဒေအရ လိုအပ်သော နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန်ညွှန်ကြားချက်များ ထုတ် ပြန်နိုင်သည့် အတွက် ယခုကဲ့သို့ ကျပ်ငွေအတု မကြာခဏတွေ့ရှိနေရသည့်အပေါ် ပြည်သူ နစ်နာမှု မရှိစေရေးအတွက် နိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် အရေးတယူ ဆောင်ရွက်ရန် လိုအပ်နေ ကြောင်း ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးတင်ထွန်းနိုင်က ပြောသည်။

“ဒီကိစ္စနှင့် တိုက်ရိုက်ပတ်သက်နေတဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့် အာဏာကို ကျင့်သုံး ပြီး လိုအပ်တဲ့အမိန့်ကြော်ငြာစာ စည်းမျဉ်းစည်းကမ်း ညွှန်ကြားချက် ထုတ်ပြန်ပြီး အမြန်ဆုံးလုပ်မှသာလျှင် ပြည်သူလူထု စိုးရိမ်ပူပန်မှုနဲ့ လတ်တလောဖြစ်နေတဲ့ကိစ္စတွေကို ဖြေရှင်း ဆောင်ရွက်နိုင်မှာဖြစ်တယ်”ဟု ဦးတင်ထွန်းနိုင်က ပြောသည်။

ငွေတုပြဿနာသည် နိုင်ငံတကာတွင်လည်း ကြုံတွေ့နေရသော ပြဿနာဖြစ်ပြီး မြန်မာငွေစက္ကူသည် အဆင့်မြင့် နည်း ပညာ အသုံးပြု ထုတ်လုပ်ထားသည့်အတွက် အလွန်စိုးရိမ်ရသည့် အခြေအနေ မဟုတ်ကြောင်း၊ တာဝန်ရှိသူများ ထိန်းသိမ်း နိုင်သည့် အခြေအနေတွင်ရှိကြောင်းလည်း ဗဟိုဘဏ် ဒုဥက္ကဌအငြိမ်းစားဖြစ်သူ ကမ္ဘောဇဘဏ်အကြံပေးဦးသန်းလွင်က ဧရာဝတီသို့ ပြောသည်။

“ဘဏ်တွေမှာလည်း အကြီးအကျယ် တွေ့တာလည်း မရှိပါဘူး။ ကွက်ကြားပါတာတော့ ရှိပါတယ်။ အထိတ်တလန့် ဖြစ် လောက်အောင် အဆင့်တော့ မရောက်ပါဘူး။ နိုင်ငံရေး ကစားချင်တဲ့သူတွေ ကြားထဲမှာတော့ မနစ်မွန်းစေချင်ဘူး။ အဲဒီတချက်တော့ ပြောချင်တယ်”ဟု ဦးသန်းလွင်က ဆိုသည်။

လက်ရှိတွင် ငွေအတုကြောင့် ဖမ်းဆီးခံရသောဖြစ်စဉ်များကြောင့် ဈေးဝယ်ရာ၌ ကျပ်ငွေ တသောင်း တန်ကို လက်မခံသည့် ဖြစ်စဉ်များလည်း ဈေးကွက်အတွင်းရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းက မြန်မာနိုင်ငံသို့ လာရောက်သည့် စင်္ကာပူနိုင်ငံသားစုံတွဲနှင့် အိမ်အကူလုပ်ရာမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်လာသည့် အမျိုးသမီးငယ်တဦးမှာ ၁သောင်းတန် ငွေစက္ကူအတုများသုံးစွဲမိသည့်အတွက် ရဲတပ်ဖွဲ့က ဗဟိုဘဏ် ဥပဒေ ၁၀၅၊ ၁၀၆ တို့ဖြင့် အမှုဖွင့်ဖမ်း ဆီးစစ်ဆေးခဲ့သည်။

ထို့အပြင် ဒီဇင်ဘာလ ၁၈ရက်က ကားဖိုးပေးချေရန်အတွက် ဘဏ်မှ ငွေလွှဲရာတွင် ငွေစက္ကူအတုများ ပါရှိနေမှုကြောင့် မြိတ်မြို့မှ အမျိုးသား ၁ဦးမှာ ယင်းပုဒ်မများဖြင့် အမှုဖွင့်ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ထို့အပြင် ငွေပမာဏနည်းပါးသော်လည်း ငွေတုများလက်ဝယ်သို့ ရောက်ရှိလာမှုကြောင့် ဆုံးရှုံးနစ်နာ များရှိနေသည်ဟု ဆိုကာ လူမှုကွန်ယက်တွင် ဝေဖန်မှုများမြင့်တက်နေလျှက်ရှိသည်။

သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ငွေအတုပြုလုပ် ဖြန့်ဝေသူနှင့် အတုမှန်းသိလျှက် သုံးစွဲ သူများသည် ပြစ်မှု မြောက်သည့်အတွက် ၎င်းတို့ကို အရေးယူမည်ဖြစ်ပြီး အရောင်းအဝယ်ပြုလုပ်ရာမှ မသိရှိဘဲ ငွေတု ရလာသူများကို အရေးယူမည်မဟုတ်ဟု ဆိုသည်။

လက်ရှိတွင် ငွေအတုနှင့်ပတ်သက်၍ အမှုဖွင့်အရေးယူနေခြင်းမှာ အတုပြုလုပ်သူများကို ဖော်ထုတ် အရေးယူနိုင်ရန် အတွက်ဖြစ်ကြောင်းလည်း ဦးဇော်ဌေးက ဆိုသည်။

“တချို့ ရွှေဝယ်တယ် ဆန်ဝယ်တယ်။ ဖုန်းဝယ်တယ်။ ဖုန်းဝယ်တဲ့ဆိုင်မှာ ဖြစ်သွားတဲ့ ပြဿနာ၊ နောက်ထပ်လည်း ထပ်ဝယ ်ယူမှုတွေရှိတယ်ဆိုတဲ့ သတင်းပေးပို့ချက် ကျနော်တို့က ရတယ်။ ရတော့ ပြည်သူလူထုကိုယ်တိုင်ကလည်း ဒီတသောင်းတန် နဲ့ ပတ်သက်လို့ ကျနော်တို့က အရေးယူတာသည် နံပါတ် ၁ အတုလုပ်တဲ့သူကို ကျနော်တို့က ဖော်ထုတ်အရေးယူဖို့ ဖြစ်ပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

လက်ရှိတွင် ငွေအတုပြုလုပ်သူများကို ဖမ်းဆီးနိုင်ခြင်း မရှိသေးဘဲ လက်ဝယ်တွေ့ရှိသူများကိုသာ အမှုဖွင့်အရေးယူထား သည်ကို တွေ့ရသည့်အတွက် ငွေအတုပြုလုပ် ဖြန့်ဖြူးသူများကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်ရန် လိုအပ်နေကြောင်း လည်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားထား သည်။

လက်ရှိတွင် ငွေစက္ကူအတုများ မည်သည့်နေရာမှ ထွက်ရှိသည်ကို သိရှိထားပြီး အဓိက ငွေအတုပြု လုပ်သူကို ဖော်ထုတ် ဖမ်းဆီးနိုင်ရန် လုပ်ဆောင်နေသည်ဟု သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောကြားထားသည်။

ဆက်စပ်ဖတ်ရှု့ရန်

မြန်မာငွေစက္ကူအတုကြောင့် ငွေလဲလှယ်ရေးလုပ်ငန်းများကို စင်ကာပူရဲက ရှာဖွေစစ်ဆေးနေ

တသောင်းတန်အတုကိစ္စ အမြန်ဖော်ထုတ်ပေးရန် အဖမ်းခံရသူ၏ မိခင်တောင်းဆို

 ငွေစက္ကူအတု ပြုလုပ်သူကို သက်ဆိုင်ရာနိုင်ငံနှင့် ပူးပေါင်း၍ အရေးယူမည်

ငွေတုသုံးစွဲမှုဖြင့် ဖမ်းထားသည့် နော်သောသွဲ့ထူးအပေါ် ပြစ်ဒဏ်ကြီးပုဒ်မပယ်ဖျက်

Did you find apk for android? You can find new Free Android Games and apps.
Loading