ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) သည် ရှမ်းပြည်မြောက်ပိုင်း ၎င်းတို့ထိန်းချုပ်ဒေသရှိ ဘုရားကျောင်းများ ပိတ်ထားရန် အမိန့်ထုတ်ခဲ့ပြီး လအတန်ကြာတွင် ထိုဘုရားကျောင်းများ ဖွင့်လှစ်ခွင့် ပြန်လည်ပေးအပ်တော့မည်ဖြစ်ကြောင်း ပြောဆိုသည်။
၀ ဗဟို အာဏာပိုင်များသည် ထို ဘုရားကျောင်းများ ပြန်လည် ဖွင့်လှစ်ခွင့် ပြုရန် ဆုံးဖြတ်သည်ဟု ရှမ်းပြည်မြောက်ပိုင်း လားရှိုးတွင် အခြေစိုက်သော UWSA ပြောခွင့်ရသူ ဦးညီရန်းက ဧရာဝတီ သတင်းဌာနကို ပြောသည်။
“အာဏာပိုင်တွေက လားဟူနဲ့ ကချင် ဘုရားကျောင်းတွေ ပြန်ဖွင့်ခွင့်ပေးမယ်။ ဒီဆုံးဖြတ်ချက်ကို ဝခေါင်းဆောင်တွေရဲ့ မကြာသေးခင်က အစည်းအဝေးမှာမှ ချမှတ်လိုက်တာ” ဟု ဦး ညီရမ်းပြောသည်။
UWSA သည် လားဟူနှင် ကချင်များ စီမံသည့် ခရစ်ယာန် ဘုရားကျောင်း ၁၀၀ ခန့်ကို သြဂုတ်နှင့် စက်တင်ဘာလများတွင် ပိတ်ခဲ့သည်။ ထိုဘုရားကျောင်းများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြီးစီးကြောင်းနှင့် ၎င်းတို့ကိုပြန်လည်ဖွင့်လှစ်ခွင့်ပေးရန် အသင့်ဖြစ်နေကြောင်း ဦးညီရန်းပြောသည်။
UWSA က ခွင့်ပြုလျှင် ၎င်းတို့အဖွဲ့သည် ၀ ဒေသသို့ ပြန်လည်သွားရောက်မည်ဟု လားဟူ နှစ်ခြင်း အသင်းတော် (LBC) အထွေထွေ အတွင်းရေးမှူး သိက္ခာတော်ရ ဆရာတော် လာဇရု ကပြောသည်။
“ သူတို့ခွင့်ပြုရင်တော့ ပြန်ဖို့အသင့်ပဲ။ ကျနော်တို့ လုပ်တာက ရိုးရှင်း ပါတယ်။ ဘုရားစာသင်မယ် ကျောင်းဖွင့်မယ်” ဟု ဆရာတော်က မိန့်သည်။
UWSA ဘုရားကျောင်းအဖွဲ့ဝင်များကို ဖမ်းဆီးမောင်းထုတ်သောကြောင့် ဘုရားကျောင်းများကို ပိတ်ထားဆဲဖြစ်ကြောင်းနှင့် LBC မှ မည်သူမျှ ဝဒေသတွင် မနေနိုင်သေးကြောင်း သူပြောသည်။
၎င်းတို့အဖွဲ့အနေဖြင့် ဝဒေသတွင် မည်ကဲ့သို့သော လုပ်ထုံးလုပ်နည်းများချမှတ်ရန် ရည်ရွယ်သည်ကို မေးမြန်းလိုကြောင်း ဝဒေသတွင် လုပ်ကိုင်ဖူးသော လားရှိုး အခြေစိုက် ဘုန်းတော်ကြီး ဖိလစ် ဇဟောင် က BBC မြန်မာပိုင်းသို့ ပြောသည်။
“ကျနော်တို့ကို အဲဒီမှာ ပြန်လုပ်ခွင့်ပေးရင် ပြန်သွားမယ်။ ဒါပေမယ့် သူတို့ဒေသတွင်းမှာ ဘာသာရေးလုပ်ငန်းလုပ်သူတွေအတွက် စနစ်ကျတဲ့ ဥပဒေရှိလား သူတို့ကို မေးရမယ်။ သူတို့ရဲ့ ဥပဒေကို မမေးရင် ကျနော်တို့ဘုရားကျောင်းတွေ ထပ်ပိတ်ခံရနိုင်တယ်” ဟု ဖိလစ် ဇဟောင် ပြောသည်။
ပြန်လည်ဖွင့်လှစ်ခွင့်ပေးမည့် ဘုရားကျောင်များအတွက် UWSA တွင် မည်သို့သော ကန့်သတ်ချက်များရှိသည်ကို မည်သူမျှ မသိသေးပေ။ ထိုကြေညာချက်ကို UWSA က ဒီဇင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော်လည်း တရုတ်ဘာသာဖြင့်သာ ထုတ်ပြန်ခဲ့ကြောင်း ဦးညီရန်းကပြောသည်။ သို့သော် ထိုကြေညာချက်ကို ဧရာဝတီ သတင်းဌာနက ကြည့်ရှုခွင့်တောင်းသောအခါ ခွင့်မပြုပါ။
စက်တင်ဘာလ အစောပိုင်းတွင် UWSA သည် LBC နှင့် ကချင်နှစ်ချင်းအသင်းတော် (KBC) တို့မှ ခရစ်ယာန် ဘာသာရေးခေါင်းဆောင် ၂၀၀ ခန့်ကို ဖမ်းဆီးပြီး ဘုရားကျောင်း ၁၀၀ ကျော်ကို ပိတ်ခဲ့သည်။
လားဟူနှင့် ကချင် ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များကို ထိန်းသိမ်းရခြင်းမှာ ၎င်းတိုအနက် အစွန်းရောက်အချို့သည် ၎င်းတို့လူမျိူးအတွင်းတွင်သာမက ၀ လူမျိုးများအကြားတွင်ပင် စည်းရုံးသိမ်းသွင်းပြီး စည်းလုံးညီညွတ်မှုကို ထိခိုက်စေသောကြောင့် ဖြစ်သည်ဟု ဦးညီရန်းက စက်တင်ဘာလတွင် မီဒီယာများကို ပြောကြားခဲ့သည်။
UWSA သည် ၀ လူမျိုးစုများကို အနာဂတ်တွင် ဘာသာရေးခေါင်းဆောင်များအဖြစ် မြင်င်လိုကြောင်း သြဂုတ်လက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖေါ်ပြထားသည်။ ထိုကြေညာချက်ကြောင့် လားဟူနှင့် ကချင်များသည် ၎င်းတို့၏ အနာဂတ် ခရစ်ယာန်အသိုင်းအသိုင်းများအတွက် စိတ်ပူခဲ့ကြသည်။