တပ်မတော်နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ကြား တိုက်ပွဲများ မဖြစ်ပွားရေး တပ်ပိုင်း ဆိုင်ရာ ကိစ္စများ အပါအဝင် Bilateral ပါ အချက်များအပေါ် အဓိပ္ပာယ် ကောက်ယူမှု လွဲမှားနေခြင်းများအား တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း RCSS က ပြောသည်။
တွေ့ဆုံ ဆွေးနွေးနိုင်ရန်အတွက် RCSS ဘက်က အတွင်းရေးမှူး (၃) ဗိုလ်မှူးကြီး စိုင်းငင်း ဦးဆောင် သော အဖွဲ့ဝင် ၇ ဦးထိ ပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့ကို ဖွဲ့စည်းထားပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ လလယ်ပိုင်း လောက်တွင် ဖြစ်မြောက်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။
RCSS/SSA မှ ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းမိဏ်း က “ဖုန်းနဲ့ပြောဖြစ်တာ လောက်ပဲ။ အဲဒါ ဦးဇော်ဌေးပေါ့နော် PC က ပြောလာတာပါ၊ အတွင်းရေးမှူး (၃) ဆီ ပြောလာ တာတော့ ဇန်နဝါရီ လလယ်လောက် ဖြစ်မယ်လို့တော့ ဆွေးနွေးထားတာ ရှိတာပေါ့နော်”ဟု ပြောသည်။
တွေ့ဆုံ နိုင်ရေးနှင့် ပတ်သက်ပြီး ကက (ကြည်း) ရုံးမှ ဦးကျော်စိုးဝင်းကလည်း ပြောလာခဲ့ကြောင်း၊ တွေ့ဆုံသည့် အခါ တပ်ပိုင်းဆိုင်ရာ ကိစ္စများ၊ Biliteral တွင် နားလည်မှုလွဲနေသော အချက်များအနက် တချက်ချင်းစီကို ပြန် ဆွေးနွေးမည်ဖြစ်သကဲ့သို့ ဆက်ဆံရေးရုံးများကို အဆက်အသွယ် လုပ်ရန်ကိစ္စတို့ကိုလည်း ဆွေးနွေးမည်ဖြစ် ကြောင်း RCSS ဘက်က ပြောသည်။
RCSS/SSA မှ ဒုဗိုလ်မှူးကြီး စိုင်းမိဏ်း က “ကျနော်တို့ ပြင်ဆင်ထားတာတော့၊ အရင်က ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲနဲ့ ပြည်နယ်အဆင့် ဆွေးနွေးပွဲ တွေမှာ ဒီနားလည်မှု ကွဲလွဲနေတဲ့ အချက်တွေအပေါ် တချက်ချင်းစီ ပြန်ပြီးတော့ ဆွေးနွေးဖို့ ရှိတာပေ့ါနော်။ ဒီကြားထဲမှာ တပ်မတော်နဲ့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ တိုက်ပွဲမဖြစ် အောင်၊ ကျနော်တို့ ဘယ်လိုလုပ်မလဲ ညှိနှိုင်း ပြီးတော့ ဆောင်ရွက်ကျဖို့ ရှိပါတယ်၊ ပြီးတော့ တဖက်မှာလည်း ကျနော်တို့ရဲ့ ဆက်ဆံရေးရုံးတွေကို အဓိက ထားပြီး ဆက်သွယ်ဖို့ပေါ့လေ” ပြောသည်။
၎င်းကဆက်၍ “အရင်တုန်းကလည်း ဒီတပ်မတော် ဘက်က ဒီဆက်ဆံရေးရုံးတွေကို ဆက်သွယ် ပြီးမှ ကျနော်တို့ အလုပ်လုပ်တဲ့အခါကျတော့ တိုက်ပွဲတွေ တော်တော် လျှော့ချနိုင်ခဲ့တယ်၊ ဒီနောက်ပိုင်း JMC ဖွဲ့စည်းပြီးတဲ့ နောက်ပိုင်းမှာတော့ ဆက်ဆံရေးရုံးတွေကို သူတို့ အဆက်အသွယ် နည်းတဲ့အတွက်ကြောင့်မလို့ လည်း ကျနော်တို့ ကြားထဲမှာ ရင်ဆိုင်မှုတွေ ပိုမိုပြီး ဖြစ်လာတာကို တွေ့ရတယ်၊ ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
တပ်မတော်ကတော့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဧပြီ ၃၀ ရက်အထိ စစ်တိုင်းဌာနချုပ် နယ်မြေ (၅) နေရာကို စစ်ဆင်ရေးများ ရပ်ဆိုင်းကြောင်းနှင့် တဆက်တည်းမှာပင် NCA လက်မှတ်ရေးထိုး ပြီးဖြစ်သော တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နှင့်လည်း NCA သဘောတူစာချုပ်ပါ အချက်အလတ်များ အတိုင်း ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပြီး လိုအပ်ပါက ညှိနှိုင်းဆွေးနွေးရေးအဖွဲ့မှ တဖွဲ့ချင်း အလိုက် ဆွေးနွေးပေးမည်ဟု ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်က ကြေညာခဲ့သည်။
တပ်မတော်က “တပ်လှုပ်ရှားမှု ရပ်ဆိုင်းထားသည့် ကာလအတွင်း စစ်ဆင်ရေးနယ်မြေအလိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)နှင့် ပစ် ခတ် တိုက်ခိုက် မှု ရပ်စဲရေး အပါအဝင် ငြိမ်းချမ်းေ်ရးဆိုင်ရာများကို ညှိနှိုင်းဆွေးနွေးသွားရန်ဖြစ်ပြီး လိုအပ်ပါက တပ်မတော် အနေ ဖြင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးစီးသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိ ကြီးများနှင့် သက်ဆိုင်ရာ နယ်မြေအလိုက် တိုင်းမှူးများ ပါဝင်သော ညှိနှိုင်းဆွးနွေးရေးအဖွဲ့ဖြင့် ဆွေးနွေးပေး သွားမည်ဖြစ်ပါသည်” ဟု ထုတ်ပြန်ထားသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က တာဝန်ယူထားပြီး အတွင်း ရေးမှူးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းက တာဝန်ယူထားကာ အဖွဲ့ဝင်များအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် သက်ဆိုင်ရာ တိုင်းမှူးများ ပါဝင်ကြသည်။
RCSS က တပ်မတော်က စစ်ဆင်ရေးများ ရပ်ဆိုင်းကြောင်း ကြေညာခြင်းနှင့် တွေ့ဆုံ ဆွေးနွေး နိုင်ရေး လမ်းဖွင့်ပေးသည့်အပေါ် ကြိုဆို ထောက်ခံကြောင်း ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်က ထုတ်ပြန်ခဲ့သလို တပ်မတော်နှင့် ၎င်းတို့အကြား ဆွေးနွေးရန်အတွက်လည်း ပြင်ဆင်ထားသည်။
RCSS ဘက်က ဆွေးနွေးရေး အဖွဲ့တွင် အတွင်းရေးမှူး (၃) ဖြစ်သူ ဗိုလ်မှူးကြီး စိုင်းငင်းက ဦးဆောင်မည် ဖြစ်ပြီး ဒုဗိုလ်မှူးကြီး စိုင်းမိဏ်း၊ ဆက်ဆံရေးရုံးများ တာဝန်ခံ ဒုဗိုလ်မှူးကြီး စိုင်းဦး၊ ဗိုလ်မှူး စိုင်းခမ်းစံ၊ ဗိုလ်မှူး တင်ပီတို့ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း RCSS ဘက်က ပြောသည်။
RCSS သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး NCA ထိုးပြီးနောက်ပိုင်း ၂၀၁၈ ခုနှစ်အတွင်းထိ တပ်မတော်နှင့် RCSS ကြား တိုက်ပွဲ (၈၀) ကြိမ်ထိ ဖြစ်ပွားထားကြောင်း သိရသည်။
ထို့နောက် RCSS သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့် အစည်းအဝေးများကို တက်ရောက်နေမှုအား ယာယီရပ်ဆိုင်းကြောင်း ၂၀၁၈ ခုနှစ်၊နိုဝင်ဘာလက ကြေညာထား ခြင်းကြောင့် JMC ကိစ္စရပ်များကို ဖြေရှင်းမရပဲ ဖြစ်နေသလို JMC အစည်းအဝေးများ မလုပ်နိုင်ပဲ ဖြစ်နေကြောင်း JMC အဖွဲ့ဝင်များထံက သိရသည်။