အစိုးရ၏ ဗဟို ဝန်ထမ်းတက္ကသိုလ်ကို လူမှုကွန်ရက်တွင် ဝေဖန်သောကြောင့် မန္တလေးတိုင်းမှ အဆင့်မြင့် ကျန်းမာရေးအရာရှိတဦးကို အဆင့်မြင့်အရာရှိများ ပါဝင်သောအဖွဲ့တဖွဲ့က စုံစမ်းစစ်ဆေးနေသည်။
မန္တလေးတိုင်း မိုးကုတ်မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန (သွားဖက်ဆိုင်ရာ) အကြီးအကဲ ဒေါက်တာ စိုးသူရဇော်ကို စုံစမ်းစစ်ဆေးနေကြောင်း စုံစမ်းစစ်ဆေးရေး အဖွဲ့အကြီးအကဲက ဒီဇင်ဘာလ ၁၉ ရက်နေ့က ထုတ်ပြန်သည့် တရားဝင် ကြေညာချက်တွင် ဖေါ်ပြထားသည်။ ဒေါက်တာ စိုးသူရဇော်သည် ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ ဖွင့်လှစ်သော အလယ်တန်းအရာရှိများ မတက်မနေရ သင်တန်းသို့ တက်ရောက်ခဲ့သည်။ စုံစမ်းစစ်ဆေးမှုပြုလုပ်ရခြင်းမှာ အကြောင်း ၃ ခုရှိသည်ဟု ဖေါ်ပြထားပြီး ထိုအကြောင်းများမှာ သင်တန်းသားများ လိုက်နာရန် လိုသည့် လုပ်ထုံးလုပ်နည်းများကို ဝေဖန်ခြင်း၊ သင်တန်းနည်းပြများ၏ အမှားကိုထောက်ပြခြင်းနှင့် ထိုသင်တန်းသည် နိုင်ငံဘဏ္ဍာကို ဖြုန်းတီးခြင်း ဖြစ်သည်ဟု ပြောဆိုခြင်းတို့ဖြစ်သည်။
ယခုနှစ်အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် ဒေါက်တာ စိုးသူရဇော်သည် မန္တလေးတိုင်းပြင်ဦးလွင်မြို့အနီး ဇီးပင်ကြီးရှိ ဗဟိုပြည်သူ့ဝန်ထမ်း တက္ကသိုလ်တက်ရောက်စဉ်က အတွေ့အကြုံများကို သူ၏ ဖေ့ဘွတ်စာမျက်နှာတွင် ရေးသားမျှဝေသည်။ ဇီးပင်ကြီး ပြည်သူ့ဝန်ထမ်း သင်တန်းသည် ဝန်ထမ်းများကို အမိန့်နာခံမှု အခြေခံ အထက်အောက် ဆံဆံရေး စိတ်ဓါတ်နှင့် အခြေခံ စစ်သင်တန်းပို့ချသော သင်တန်းဖြစ်သည်ဟု ကျော်ကြားသည်။
ထိုသင်တန်းများကို အငယ်တန်းစာရေးမှ ဒုညွုန်ချုပ်အဆင့်အထိ တက်ရောက်ရန် လိုပြီး ပုံမှန်သင်တန်း၊ အထူး မွမ်းမံသင်တန်း၊ အလယ်အလတ်တန်း ဝန်ထမ်းနှင့် အဆင့်မြင့် သင်တန်းဟူ၍ ပို့ချပေးသည်။ ထို သင်တန်းများကို ပြည်သူ့ဝန်ထမ်းအဖြစ် စတင်လုပ်ကိုင်သည့် ကေဒါများနှင့် ရာထူးတိုးမြှင့်ခံရသူများလည်း တက်ရောက်ရန် လိုသည်။
ဒေါက်တာစိုးသူရဇော်၏ အဆိုအရ သင်တန်းတွင် အစိုးရဌာနများအတွင်း ဘဏ္ဍာရေး စီမံခန့်ခွဲမှု၊ နိုင်ငံရေးသိပ္ပံ၊ ဘောဂဗေဒ၊ အင်္ဂလိပ်စာနှင့် သတင်းနည်းပညာတို့ကို သင်ကြားပေးသည်ဟု သိရသည်။
သင်တန်းကာလအတွင်း နည်းပြသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၏ ငြိမ်းချမ်းရေး အားထုတ်မှုကို ဝေဖန်ပြီး NLD သည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရန် စိတ်ထက်သန်ခြင်း မရှိဟု ပြောသည်။ ထိုနည်းပြကို နောက်ပိုင်းတွင် သင်တန်းသားများက တန်ပြန်မေးခွန်းများမေးကြပြီး ဝေဖန်သည်ဟု ဆိုသည်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရ၏ ၂၀၁၆ ခုနှစ် အာဏာရချိန်မှစပြီး ဦးစားပေးသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြစ်သည်ကို လူအများစုသိကြကြောင်း သင်တန်းသားများက ပြောခဲ့သည်။
သင်တန်းတွင် နိုင်ငံရေး သိပ္ပံသင်ကြားသောအခါတွင်လည်း သင်တန်း နည်းပြက သင်တန်းသားများအနေဖြင့် ဗုဒ္ဓဘာသာ မဟုတ်သူများနှင့် လက်မထပ်သင့်ကြောင်းနှင့် ဗုဒ္ဓဘာသာ မဟုတ်သူများထံမှ ဈေးမဝယ်သင့်ကြောင်း၊ အထူးသဖြင့် မွတ်ဆလင်များကို ရည်ညွှန်းကြောင်း ပြောပြီး ထိုသူများသည် မြန်မာနိုင်ငံ၏ တလင်တမယားစနစ် ကျင့်သုံးသော ဗုဒ္ဓဘာသာများအတွက် အန္တရာယ်ဖြစ်နိုင်သည်ဟု ပြောကြောင်း ဒေါက်တာ စိုးသူရဇော်က ဖေ့ဘွတ်တွင် ရေးသည်။
ဒေါက်တာစိုးသူရဇော်က ထိုနည်းပြ၏ ပြောကြားချက်များသည် နောက်ခံအမျိုးမျိုး၊ ကိုးကွယ်ယုံကြည်မှု အမျိုးမျိုးနှင့် သင်တန်းသား ၆၀၀ ကျော် တက်နေသော သင်တန်းတွင် ထိရှလွယ်သော ကိစ္စဟု ဝေဖန်သည်။
ထိုသင်တန်း အကြောင်းအရာများသည် အနာဂတ်တွင် အစိုးရ မူဝါဒများကို အကောင်အထည်ဖေါ်မည့် သူများဖြစ်သော ပြည်သူ့ဝန်ထမ်းများကို ဦးနှောက်ဆေးသည်ဟုလည်း ဝေဖန်သည်။
ထိုသင်တန်းသည် နိုင်ငံတော်ဘဏ္ဍာများကို ဖြုန်းတီးနေခြင်းဖြစ်ကြောင်း နောက်ဆုံးတွင်ထောက်ပြပြီး ဝန်ထမ်းများအတွက် အကျိုးရှိ မရှိနှင့် ၎င်းတို့၏ အချိန်ကုန်ခြင်းအတွက် တန် မတန် မေးခွန်းထုတ်လိုက်သည်။
ဧရာဝတီ သတင်းဌာနသည် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဌကို ဆက်သွယ်ခဲ့သော်လည်း ဖြေဆိုရန်ငြင်းပြီး လက်ရှိအခြေအနေတွင် စစ်ဆေးနေဆဲဖြစ်ကြောင်း နှင့် ရလဒ်ကို တရားဝင်ကြေညာမည်ဖြစ်ကြောင်း ပြောသည်။ ဒေါက်တာစိုးသူရဇော်အနေဖြင့် အပြစ်မရှိကြောင်း သက်သေအထောက်အထားဖြင့် စာရေးသားဖြေရှင်းရန် သို့မဟုတ် ဖြေရှင်း ပြောကြားရန် အချိန်အကန့်အသတ်ဖြင့်သာ ရှိတော့ကြောင်းလည်း ဆိုသည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် မန္တလေးမှ ကျန်းမာရေး အကြီးအကဲ၊ နေပြည်တော်နှင့် မိုးကုတ်မှ ကျန်းမာရေး ညွှန်ကြားရေးမှူးများပါဝင်သည်။
ထို စုံစမ်းစစ်ဆေးမှုကို ရှုတ်ချကြောင်းနှင့် ပြည်သူ့ဝန်ထမ်းကို စွပ်စွဲသော စွပ်စွဲချက်များသည် ပြည်သူ့ဝန်ထမ်း ဥပဒေနှင့် လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်ကို ဆန့်ကျင်ကြောင်း မန္တလေး ဆေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖေါ်ပြထားသည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင် ဒေါက်တာ စိုးသူရဇော်ကို မည်သည့် ဖိအားမျှ ထပ်မံမပေးရန်လည်း ကျောင်းသားများသမဂ္ဂက တောင်းဆိုသည်။
ဒီဇင်ဘာလ ၂၁ ရက်နေ့ကကျင်းပသော သတင်းစာရှင်းလင်းပွဲတွင်မူ အစိုးရပြောခွင့်ရသူ ဦးဇော်ဌေးက “အရေးယူတာ နိုင်ငံဝန်ထမ်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့ ညီဖို့လိုတယ်” ဟုပြောသည်။
ထိုစုံစမ်းစစ်ဆေးမှုတွင် အရေးယူမည် မယူမည်ကို ကျန်းမာရေးဝန်ကြီးဌာနက ဆုံးဖြတ်မည်ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ မမှန်ကန်သော ဆုံးဖြတ်ချက် သို့မဟုတ် တိုကြားစရာရှိပါက ဒေါက်တာ စိုးသူရဇော်အနေဖြင့် သမ္မတရုံးထံ တိုင်ကြားနိုင်ကြောင်းလည်း သူပြောသည်။