ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများတွင် မြန်မာ့ တပ်မတော်က ရက္ခိုင့် တပ်မတော် (AA) ကို တိုက်ခိုက်သည့် စစ် ဆင်ရေးများတွင် ရဟတ်ယာဉ် သုံးစွဲခဲ့ခြင်း မရှိဘဲ အခြားရည်ရွယ်ချက်ဖြင့် သုံးစွဲခြင်းမျိုးသာ ရှိကြောင်း သတင်းရရှိသည်။
လူမှုကွန်ရက် စာမျက်နှာများတွင် တပ်မတော်က AA ကို ရဟတ်ယာဉ်သုံး တိုက်ခိုက်ကြောင်း ဖော်ပြမှုများ ရှိနေ၍ တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) သို့ သမ္မတရုံးက ဆက်သွယ်မေးမြန်းရာ ငြင်းဆိုကြောင်း သမ္မတရုံး၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက သောကြာနေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ဦးဇော်ဌေး က “ဒီနေ့ပဲ ကျနော် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ကို မေးပါတယ်။ မေးတော့ တချို့ လူမှုကွန်ရက်တွေမှာ ဖော်ပြနေတာ ဘာတွေ ရှိလဲဆိုတော့ ရဟတ်ယာဉ်တွေသုံးပြီး တိုက်တယ်တို့ ဘာတို့ ဆိုတာ ကျနော်တို့ ရဟတ်ယာဉ်သုံးလား သူတို့ မသုံးဘူးလို့ ပြောပါ တယ်” ဟု ဧရာဝတီ၏ မေးခွန်းကို ဖြေကြားခဲ့သည်။
ရဟတ်ယဉ်ကို ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် တောက်လျှောက် သုံးစွဲနေသော်လည်း စစ်ဆေးရေးအတွက် ရဟတ်ယာဉ် သုံးစွဲခြင်း မရှိဟု ပြောကြောင်း၊ ထိုသို့ မသုံးစွဲဟု ပြောဆိုခြင်းသည် တပ်မတော်ဘက်မှ ဖြေကြား ချက် ဖြစ်ကြောင်း သမ္မတရုံးမှ သိရသည်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သလူးချောင်းကျေးရွာ အုပ်စုအတွင်း ရက္ခိုင့်တပ်မတော် (AA) နှင့် တပ်မတော်တို့ အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် တပ်မတော်ဘက်မှ ရဟတ်ယာဉ်များ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း ယခုလ ၁၈ ရက်နေ့က ရက္ခိုင့်တပ်မတော် သတင်းနှင့် ပြန်ကြားရေး ဌာနက သတင်းထုတ်ပြန်သည်။
ထို့အတူ ဒေသခံတချို့ကလည်း ၎င်းတို့ကျေးရွာ အထက်မှ တပ်မတော် ရဟတ်ယာဉ်များ ပျံသန်းသွားပြီး သိပ်မကြာမီတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ပြောဆိုမှုများလည်း ရှိသည်။
သို့သော်လည်း ထိုတိုက်ပွဲတွင် ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း တပ်မတော်ဘက်က ပြောလာသည်။
AA နှင့် တပ်မတော်တို့မှာ နိုဝင်ဘာလ ၃၀ ရက်မှ စကာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် မိုင်တိုင်အမှတ် ၆၄ အနီး၊ ဘူးသီးတောင် မြို့ နယ် နဟန်းရွာနှင့် ဝါးနက်ရုံရွာကြား၊ ရသေ့တောင်မြို့နယ် ရေစိုချောင်းအနီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း နှစ်ဖက်စလုံးမှ ထုတ်ပြန်ထားပြီး ယခုနောက်ပိုင်းတွင် နှစ်ဖက်တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ဒုက္ခသည်များ ရှိလာပြီ ဖြစ်သည်။
ရက္ခိုင့်တပ်မတော် (AA) မှာ ယခင်က ကချင်ပြည်နယ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်ရာ လိုင်ဇာတွင် အ ခြေစိုက်ခဲ့သော်လည်း လက်ရှိတွင် ချင်းပြည်နယ် အထက်ပိုင်း၊ မြန်မာ-အိန္ဒိယနယ်စပ်သို့ ဗဟိုဌာနချုပ် ပြောင်းရွှေ့လာပြီးနောက် ယင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် မကြာခဏ ထိတွေ့ကာ တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ပြီး နှစ်ဘက် ထိခိုက် ကျဆုံး မှုများလည်း ရှိခဲ့သည်။
ဒီဇင်ဘာ ၂၁ ရက်နေ့က ထုတ်ပြန်သည့် တပ်မတော်၏ ယာယီ စစ်ဆင်ရေးများ ရပ်ဆိုင်းကြောင်း ကြေညာချက်တွင်လည်း ရခိုင်ပြည်နယ် မပါဝင်ဘဲ တပ်မတော်ကမူ ARSA အကြမ်းဖက်သမားများကြောင့်ဟု အကြောင်းပြခဲ့သည်။
“ARSA ကလည်း နိုင်ငံတော်အနေနဲ့ အကြမ်းဖက် အဖွဲ့အစည်း အဖြစ် ကြေညာထားပြီး ဖြစ်ပါတယ်။ အကြမ်းဖက် အဖွဲ့အစည်း က တော့ တော်ရုံ ခွင့်လွှတ်တာ မရှိပါဘူး။ အကြမ်းဖက် အဖွဲ့အစည်းကတော့ အကြမ်းဖက် အဖွဲ့အစည်းလိုပဲ ဆက်ဆံမှာ ဖြစ်ပါတယ်” ဟု သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက ပြောသည်။
ရခိုင်ပြည်နယ်တွင် ပြဿနာမျိုးစုံဖြင့် ထိလွယ်ရှလွယ်သည့် အခြေအနေမျိုးတွင် AA ပေါ်ပေါက်လာသည့် ရည်ရွယ်ချက်ကို စဉ်းစား ရန် လိုကြောင်း၊ တပ်မတော်က ယာယီ စစ်ဆင်ရေး ရပ်ဆိုင်းကြောင်း ကြေညာချက် ထုတ်ပြီးဖြစ်၍ AA အနေဖြင့် ငြိမ်းချမ်းရေး စ ကားဝိုင်းသို့ လာသင့်ပြီ ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဦးဇော်ဌေး က “ရခိုင်တိုင်းရင်းသားတွေလည်း စဉ်းစားဖို့ လိုတယ်။ သူတို့လိုချင်တာက တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် လိုချင်တယ် ဆိုရင်တော့ ၂၁ ပင်လုံ သဘောတူညီချက်တွေကနေ သွားဖို့ လိုတယ်။ သို့တည်းမဟုတ် နယ်မြေသိမ်းပိုက်ရေး ဆိုရင်တော့ မလွယ် ပါဘူး။ အဓိ က ခံစားရတာ ထွက်ပြေး တိမ်းရှောင်နေတဲ့သူတွေက တကယ်တမ်း ထွက်ပြေးနေတဲ့သူတွေက ဒေသခံ ရခိုင် တိုင်းရင်း သားတွေ ဌာနေ တိုင်းရင်းသားတွေ ဖြစ်နေတဲ့အတွက် ဒီလူတွေရဲ့ အကျိုးစီးပွားကို ကြည့်ဖို့လိုတယ်”ဟု ပြောသည်။