တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ၄ လတာ အပစ်ရပ်နယ်မြေသတ်မှတ်ချက်တွင် ရခိုင်ပြည်နယ်ရှိ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်နယ်မြေ မပါဝင်ခြင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ယုံကြည်မှု အားနည်း စေသည်ဟု ရက္ခိုင့်တပ်မတော် (AA) က ပြောသည်။
AA သည် ရခိုင်ပြည်နယ်တွင်းရှိ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော် မြို့နယ် နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် တပ်မတော်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း ၊ တပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။
AA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက အပစ်ရပ်နယ်မြေများတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် မပါဝင်ခြင်းက ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုနှင့် ရိုးသားမှု အားနည်း နေကြောင်း ကို ကွက်ကွက်ကွင်းကွင်း မြင်ရသည် ပြောသည်။
ဦးခိုင်သုခက “ အကြမ်းဖက်အန္တရာယ်ရှိနေလို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ချန်ထားခဲ့တယ်ဆိုရင် တခုရှိတာ မောင်တောမြို့နယ်ကို ချန်ထားပြီး တခြားနေရာတွေ အကုန်လုံး သူတို့ ကြေငြာလို့ ရတာပဲ။ အခုလိုထည့်မကြေငြာတာ သူတို့မှာ နောက်ထပ် ရည်ရွယ်ချက်တွေ ရှိနိုင်တယ်”ဟု ပြောသည်။
အပစ်ရပ်ဒေသများ၌ ရခိုင်ပြည်နယ် မပါဝင်ရခြင်းမှာ ARSA အကြမ်းဖက်သမားများ ရှိနေခြင်းကြောင့် ဖြစ်သည်ဟု ဒီဇင်ဘာလ ၂၁ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင် သမ္မတရုံးပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ပြောသည်။
ဦးဇော်ဌေးက “ ရခိုင်တိုင်းရင်းသားတွေ စဉ်းစားဖို့ လိုတယ်။ သူတို့လိုချင်တာ တန်းတူရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့် လိုချင်တယ်ဆိုရင် ၂၁ ပင်လုံ သဘောတူညီချက်တွေကနေ သွားဖို့ လိုတယ်။ သို့တည်းမဟုတ် နယ်မြေ သိမ်းပိုက်ရေး ဆိုရင်တော့ မလွယ်ပါဘူး”ဟု ပြောသည်။
ဒီဇင်ဘာလ ၂၁ ရက်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ထားသည့် ကြေငြာချက်တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် တြိဂံတိုင်း စစ်ဌာနချုပ်နယ်မြေများရှိ NCA စာချုပ် ရေးထိုးရန် ကျန်နေသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တဖွဲ့ချင်း ညှိနှိုင်း ဆွေးနွေးမည်ဟု ရေးသားထားသည်။
ဆွေးနွေးမှုများ ပြုလုပ်ရန် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်ထိ စစ်ဆင်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံးကို ရပ်ဆိုင်ပေးပါမည်ဟုလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
တပ်မတော်မှ အပစ်ရပ်ထားသည့် ၄ လတာ ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စများကို ဆွေးနွေးရမည် ဖြစ်ပြီး တပ်မတော်မှ သက်ဆိုင်ရာ နယ်မြေအလိုက် တပ်မတော်မှ တိုင်းမှူးများ ပါသည့် ညှိနှိုင်းရေး အဖွဲ့စာရင်းကိုလည်း ကြေငြာထားသည်။
ထို့ပြင် တပ်မတော်က သဘောတူစာချုပ်များအတိုင်း ကတိတည်ရန်၊ ငြိမ်းချမ်းရေး သဘောတူညီချက်များ အပေါ် အမြတ်မထုတ်ရန်၊ ဒေသခံပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်၊ နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများကို လိုက်နာရန် ဟူသည့် အချက် ၄ ချက်ကိုလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက အလေးအနက်ထား လိုက်နာရန် လိုအပ်မည်ဟု ထုတ်ပြန်ထားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ကြေငြာချက်မှာ ငြိမ်းချမ်းရေးအတွက် အပြောင်းအလဲတခု၊ တိုးတတ်မှု တခုဟု AA ဘက်မှ မြင်သော်လည်း အပစ်ရပ်ဒေသတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပါဝင်ခြင်းမှာ လူထု အတွက် စိုးရိမ်စရာ ဖြစ်ပြီး မြေပြင်တွင်လည်း ဖြတ်လေးဖြတ်စစ်ဆင်ရေးကို တပ်မတော်က လုပ်ဆောင်နေဆဲ ဖြစ်သည်ဟု ဦးခိုင်သုခက ပြောသည်။
“တကယ်စစ်ဆင်ရေး ရပ်တန့်မယ်ဆိုရင် ပိတ်ဆို့မှုတွေကိုပါ တပါတည်း ရုတ်သိမ်းဖို့ လိုတယ်။ မဟုတ်ရင်တော့ ရှေ့တန်းမှာရှိနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ အချင်းချင်း အပစ်အခတ်တွေ ရပ်ဖို့ ဆိုတာ လက်တွေ့ကျမှာ မဟုတ်ဘူး”ဟုလည်း ဦးခိုင်သုခက ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်နှင့် ပတ်သတ်၍ AA ၏ မဟာမိတ်များ ဖြစ်သည့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည်တိုးတတ်ရေးပါတီ (SSPP) တို့ကလည်း ထုတ်ပြန်ချက်များ ထုတ်ခဲ့ပြီး ထိုထဲတွင် တပ်မတော်အနေဖြင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ကြေငြာပေးရန် လိုလားကြောင်း ပါရှိသည်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးထားသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ကလည်း တပ်မတော်၏ ထုတ်ပြန်ချက်မှာ အပေါင်းလက္ခာဏာဆောင်သော်လည်း ပဋိပက္ခဖြစ်ပွားနေသည့် နယ်မြေအချို့ကို ချန်လှပ်ထားသည်ကို သတိပြုမိကြောင်း ၎င်းတို့ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ဒီဇင်ဘာလအတွင်း တပ်မတော်နှင့် AA တို့ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ကျောက်တော်မြို့နယ်ရှိ ကျေးရွာများမှ ဒေသခံ ၁၈၀ ကျော်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာများမှ ၅၀၀ ရပ်ရွာများကို စွန့်ခွာကာ လုံခြုံသည့် နီးစပ်ရာ မြို့ရွာများတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်ဒုက္ခသည် စုစုပေါင်း ၇၀၀ ကျော် ရှိလာပြီ ဖြစ်သည်။
တပ်မတော်နှင့် AA တို့အကြား စစ်ရေးတင်းမာမှုအရှိန် မြင့်တတ်နေဆဲ ဖြစ်သည့် ဘူးသီးတောင်မြို့နယ်တွင် ဒီဇင်ဘာလ ၁၈ ရက်က ခရိုင်အုပ်ချုပ်ရေးမှူး အမိန့်စာများ လိုက်ကပ်ခဲ့ပြီး ထိုထဲတွင် မြို့နယ်တွင်း နေထိုင် သူများ မိမိတို့ အိမ်ထောင်စုဇယားနှင့် အိမ်ထောင်စုဇယားပါ မိသားစုဝင်များ၏ ဓါတ်ပုံများကို အိမ်ရှေ့ ထရံများတွင် ကပ်ထားကြရန်ဟု ပါရှိသည်။
ဧရာဝတီမှ ဘူးသီးတောင်မြို့နယ်တွင်း နေထိုင်သူများကို ဆက်သွယ်မေးမြန်းရာ ခရိုင်အုပ်ချုပ်ရေးမှူး၏ အမိန့်စာ ကြောင့် ၎င်းတို့ မိသားစုဝင်များကို AA နှင့် ပတ်သတ်သည်ဟုဆိုကာ မသင်္ကာမှုဖြင့် စွပ်စွဲခံရမည်ကို စိုးရိမ်မိကြောင်း၊ အိမ်ရှေ့တွင် အိမ်ထောင်စုဇယားနှင့် ဓါတ်ပုံများ ကပ်ခိုင်းသည်ကို မနှစ်သက်ကြောင်း ပြောဆိုကြသည်။
AA ဘက်ကလည်း ဒီဇင်ဘာလ ၂၁ ရက်က ဘူးသီးတောင်မြို့နယ်၊ နွားရုံတောင်ကျေးရွာ၊ ရဲတပ်ဖွဲ့မှ စခန်းမှူး ဒုရဲအုပ် ချစ်ရှားအောင်အပါအဝင် ၃ ဦးကို ကျည်ဆံတတောင့်နှင့် စာတစောင်ပေးပို့ထားပြီး စာထဲတွင် AA ဘက်မှ အကောင် အထည်ဖော်နေသည့် အလုပ်များကို အနှောင့်အယှက်ပေးပါက လက်တုံ့ပြန်မည်ဟု သတိပေးကြောင်း ရေးသား ထားသည်။