ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သလူချောင်ကျေးရွာအုပ်စု၊ ပညာဝ ကျေးရွာအနီးတွင် လက်နက်ကြီး ကျရောက် ပေါက်ကွဲ သဖြင့် ဒေသခံ ခမီတိုင်းရင်းသား ၄၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရသည်။
ကျောက်တော်မြို့နယ် ယိုးချောင်းဖျား ပညာဝ ကျေးရွာ၏ အနောက်ဘက်လယ်ကွင်းနှင့် သံပုရာ ခင်းတွင် ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေ ၅ ကျော် အချိန်က လက်နက်ကြီး ၂ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီးနောက် ထွက်ပြေးလာခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ပညာဝကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေကျော်စိန် က “ရွာနဲ့ နီးနီးလေးမှာပဲ လက်နက်ကြီး ကျလာပါတယ်။ ကိုက် ၁၀၊ ၂၀ အကွာ လောက်ပဲကွာမယ်။ ရွာအနောက်က လယ်ကွင်းမှာ ၁ လုံးကျတယ်။ သံပုရာခင်း မှာတလုံး ကျတယ်။ ရွာမှာ နေလို့မရဲတော့ဘူး။ နောက်ထပ်ကျ လာမှာကို ကြောက်နေရပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ခမီတိုင်းရင်းသားများ နေထိုင်ရာ ပညာဝ ကျေးရွာအနီးသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲသော သဖြင့် ယမန့်နေ့ နံနက်ပိုင်းကနေ ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့အထိ ရွာသူရွာသာများသည် ကန်စောက်ကျေးရွာအနီးရှိ တောင်မင်း ကုလား ကျေးရွာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ကျေးရွာသာများက ဆိုသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးအဖြေ ရှာရန် ဒီဇင်ဘာလ ၂၁ ရက်ကနေ ဧပြီလ ၃၀ ရက်နေ့အထိ စစ်ဆင်ရေးများကို ရပ်တန့်ရန် ပြည်သူများ ထံသို့ ဒီဇင်ဘာလ ၂၁ ရက်နေ့ ရက်စွဲဖြင့် ကတိပေးထုတ်ပြန် ထားသည်။
သလူချောင်းကျေးရွာနှင့် ပညာဝကျေးရွာအတွင်းတည်ရှိသည့် မြာတောင်ဟုခေါ်သည့် တောင်ကုန်းပေါ်ကနေတွင် တပ်မတော်က တပ်စွဲထားပြီး ထိုနေရာမှနေ ဒီဇင်ဘာလ ၂၂ ရက်နေ့ အထိ လက်နက်ကြီး ပစ်ခတ်သံများကို ကြားနေရကြောင်းလည်း ကျေးရွာသားများကဆိုသည်။
ဒေသခံကျေးရွာသာများ၏ ပြောပြချက်အရ အဆိုပါ မြာတောင်ပေါ်ကနေ တပ်မတော်မှ ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်းတွင် လက်နက်ကြီး ၈ လုံးနှင့် ညနေပိုင်း ၅ ကျော်လောက်တွင် လက်နက်ကြီး ၂ ချက် ပစ်ခတ်သံများကို ကြားရပြီး ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့က နံနက်ပိုင်းကလည်း လက်နက်ကြီး ၆ ချက်တိတိ ပစ်ခတ်နေဆဲ ဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။
တပ်မတော်က တပ်စွဲထားသည့် ထို မြာတောင်၏ ချောင်းတဖက်ကမ်းတွင် တည်ရှိသော ချင်းမဝန်တောင်းကျေးရွာမှာ နီးစပ်ရာ သလူချောင်းကျေးရွာနှင့် ကန်စောက်ကျေးရွာများသို့ ရွာလုံးကျွတ် ထွက်ပြေးနေရသည်။
ယင်းအပြင် ဒီဇင်ဘာလ ၁၈ ရက်နေ့က တပ်မတော်က ရဟတ်ယာဉ် သုံးစွဲတိုက်ခိုက်မှုများကြောင့် ပတ်ဝန်းကျင်တွင် နေထိုင်ကြသည့် ရခိုင်၊ ခမီ ၊ မြို တိုင်းရင်းသား ကျေးရွာသားများမှာလည်း အထူး စိုးရိမ်ထိန့်လှန့်မှုများ ဖြစ်ပွားနေကြသည်။
ကျောက်တော်မြို့နယ် ယိုးချောင်းဖျားဒေသတွင် လက်ရှိ စစ်ဘေးဒုက္ခသည်များ အရေအတွက်မှာ လူပေါင်း ၅၀၀ ကျော်အထိ တိုးလာပြီ ဖြစ်ပြီး ၎င်းတို့မှာ င/စရိုင်းကိုင်း ၊ သလူချောင်း ၊ တောင်မင်း ကုလား ၊ ကန်စောက် စသည့် ကျေးရွာများတွင် ဝင်ရောက် ခိုလှုံနေရကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၁ ရက်နေက င / စရိုင်းကိုင်းကျေးရွာရှိ စစ်ဘေးရှောင်များသို့ ကယ်ဆယ်ရေး ပစ္စည်းများ သွားရောက်ပေးခဲ့သူ ရခိုင်အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က လည်း လက်နက်ကြီး ပစ်ခတ်သံများကို ၎င်းကိုယ်တိုင် ကြားခဲ့ရကြောင်းပြောသည်။
လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင် က “ကျနော်တို့ မရောက်ခင် မနက်ပိုင်းက လက်နက်ကြီး ၈ လုံး ပစ်တယ်လို့ ပြောတယ်။ ကျနော်တို့ ရှိနေတုန်းမှာ လက်နက်ကြီး ၂ လုံးပစ်တယ်။ အဲဒါကတော့ အသေအချာပဲ။ ဘယ်ကနေ ဘယ်ကို ပစ်တာကိုတော့မသိဘူး။ ပေါက်ကွဲ ထွက်သံတွေကို ကြားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းအပြင် စက်လှေဖြင့် တရွာနှင့်တရွာ သွားလာကြသည့် စက်လှေများကိုလည်း သူလူ ချောင်းကျေးရွာနှင့် ပညာဝ ကျေးရွကြား ချောင်းဘေးတနေရာကနေ တပ်မတော်က စက်လှေ တစီးချင်းကို ခေါ်ယူ စစ်ဆေးနေသည်။
ဒေသခံ ရွာသာများ သွားလာနေကြသည့် စက်လှေ ၊ လောင်း ၊ သဗ္မာန်များ အပါအဝင် ယင်း ဒေသသို့သွားရောက်သည့် ကယ်ဆယ်ရေး စက်လှေများကိုလည်း ရခိုင်ပြည်နယ် အစိုးရနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးတို့က ထောက်ခံချက်များ ပါမပါစသည့်ဖြင့် သလူချောင်းကျေးရွာနှင့် ပညာဝ ကျေးရွာကြားတွင် တပ်စွဲထားသည့် တော်မတော်သားများက ခေါ်ယူ စစ်ဆေးနေသည်ကိုတွေ့မြင်ခဲ့ရသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်အား ဧရာဝတီမှ ဆက်သွယ်ခဲ့ရာ ဖုန်းကိုင်သော်လည်း တုန့်ပြန် ဖြေကြားမှု မရှိခဲ့ပေ။
လက်ရှိအချိန်တွင် တောတောင်ကိုမှီခိုပြီး လုပ်စားနေသော ဒေသခံ ကျေးရွာသာများသည် တချို့က ဆွေမျိုးသားချင်း ရှိရာ တခြားသော မြို့နယ်များသို့ ထွက်ပြေး တိမ်းရှောင်နေကြရသလို တချို့ကလည်း စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။
လက်ရှိအချိန်အထိ ထိုယိုးချောင်းဖျားဒေသတွင်နေထိုင်ကြသည့် ကျေးရွာသာများသည် နီးစပ်ရာဆွေမျိုးများ ရှိရာသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး စပါးခင်းတချို့နှင့် ကျွဲ ၊နွားများကို စောင့်ကြပ် ကြည့်ရှုရန် အမျိုးသားတချို့ကသာ ကျေးရွာတွင် အစောင့် ကျန်ရစ် ခဲ့ကြကြောင်း သိရသည်။
ကျောက်တော်မြို့နယ် ယိုးချောင်းဖျား ပညာကြီကျေးရွာနှင့် ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဖျား မောင်နှမ ကျေးရွာကြားတို့တွင် ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ တပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ရှိကြောင်း ရက္ခိုင့်တပ်မတော် AA က သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သော နိုဝင်ဘာလ ၃၀ ရက်နေ့မှ စတင်ကာ မြန်မာ- ဘင်္ဂလားနယ်စပ် မိုင်တိုင်အမှတ် ၆၄ အနီး ၊ ဘူသီးတောင်မြို့နယ် ၊နဟန်းရွာနှင့် ဝါးနက်ရုံကြား ၊ ရသေ့တောင်မြို့နယ် ရေစိုးချောင်း အနီးတို့တွင် တိုက်ပွဲကြီး တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့ကြောင်းလည်း တပ်မတော်နှင့် AA တို့က အသီးသီး သတင်း ထုတ်ပြန်ခဲ့ကြသည်။
ရက္ခိုင့်တပ်မတော် (AA) နှင့် မဟာမိတ်များဖြစ်သည့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့က ငြိမ်းချမ်းရေးအတွက် စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းကာ နိုင်ငံရေးနည်းလမ်းဖြင့် လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ဒီဇင်ဘာလ ၁၂ ရက်က ထုတ်ပြန်သေးသည်။
အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်ဘက်ကလည်း ယင်းထုတ်ပြန်ချက်အပေါ် ကြိုဆိုထောက်ခံ ကြောင်းနှင့် နှစ်ဦးနှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (Bilateral Ceasefire Agreement) ရရှိရေးနှင့် နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးနိုင်ရေးကိစ္စအား ဆက်လက်ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်မည်ဟု ယင်းနေ့တွင်ပင် ကြေညာချက် ထုတ်ထားသည်။