တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးများ အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းများ ရာထူးတိုးခြင်း၊ နေရာရွှေ့ပြောင်းခြင်းများ လုပ်ဆောင်ရာတွင် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်း ဝန်ကြီးချုပ်ထံ ကြိုတင်ညှိနှိုင်းပြီးမှ လုပ်ဆောင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးဌာနများထံ အကြောင်းကြားထားသည်။
ဝန်ထမ်းအပြောင်းအရွေ့များ လုပ်ဆောင်ရာတွင် ပြည်နယ်၊ တိုင်းအစိုးရအဖွဲ့၏ သဘောထား တောင်းခံခြင်း မရှိသည့်အတွက် ဒေသဖွံ့ဖြိုးရေးရေးလုပ်ငန်းများ၊ အရေးကြီးဆောင်ရွက်ရမည့် ဝန်ကြီးချုပ် လမ်းညွှန်မှာကြားထားသော ကိစ္စရပ်များ နှောင့်နှေးကြန့်ကြာခြင်း၊ ချိတ်ဆက်မမိခြင်းနှင့် အဆင်မပြေမှုများ မကြာခဏ ကြုံတွေ့ရနေသည့်အတွက် ဖြစ်သည်ဟု ဒီဇင်ဘာလ ၁၄ ရက်က ပေးပို့သည့် ယင်းအကြောင်းကြားစာတွင် ပါရှိသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက “ကိုယ့်တိုင်းအတွင်းမှာ အုပ်ချုပ်ရေးယန္တရား ပိုကောင်းလာအောင် ကြီးကြပ်ဖို့ သဘောပါပဲ။ ရုတ်တရက် ပြောင်းသွားတဲ့အခါ ကျနော်တို့မှာ အလုပ်လုပ်ရတာ အခက်အခဲတွေရှိတယ်” ဟု ဧရာဝတီကို ပြောသည်။
လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် အစိုးရ၏ မူဝါဒများ အကောင်အထည်ဖော်ရာတွင် ဌာနဆိုင်ရာ ဝန်ထမ်းများ လိုက်နာဆောင်ရွက်မှု အားနည်းခြင်းအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြေ ပြောဆိုမှုများ ရှိသည့်အပြင် လူထုကြားတွင်လည်း ဝေဖန်မှုများ ရှိသည်။
ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးများ၏ တရားဥပဒေစိုးမိုးရေး ဆိုင်ရာ ဆောင်ရွက်ချက်များ၊ ဌာနတွင်း အဂတိလိုက်စားမှုများ၊ မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေးကိစ္စရပ်များ အပါအဝင် နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ပြုလုပ်သည့် စီမံကိန်းအရည်အသွေးအပေါ် ကြီးကြပ်အကဲဖြတ်သည့် ဌာနဆိုင်ရာများနှင့် ပတ်သက်၍ ဝေဖန်မှုများ ဆက်တိုက်ဖြစ်ပေါ်လျက် ရှိသည်။
ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက “ကျနော်တို့ဘက်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၆ အရ ဆွေးနွေးတာ၊ ကြီးကြပ်တာ လုပ်ရမယ့်အတွက် စိစစ်ကြီးကြပ်ပေးတဲ့ သဘောပါပဲ။ ကောင်းမွန်တဲ့ အစိုးရယန္တရားဖြစ်လာဖို့ ဝိုင်းဝန်းတဲ့ သဘောာပါပဲ။ သူတို့ရဲ့ စွမ်းဆောင်ရည်ကိုလည်း သဘောထားမှတ်ချက်ပေးလို့ ရတာပေါ့” ဟု ဆိုသည်။
ပြည်ထောင်စုအစိုးရ အကြောင်းကြားစာတွင် ယင်းညွှန်ကြားချက်သည် နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ သမ္မတရုံး၊ နိုင်ငံတော် အတိုင်ပင်ခံရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့ မပါကြောင်း ဖော်ပြထားသည်။
ညွှန်ကြားချက်နှင့် ပတ်သက်၍ ဒေသတွင်း အုပ်ချုပ်ရေးယန္တရားအား ကိုင်တွယ်စီမံရသည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အတွင်းဝန်များထံ ဧရာဝတီက သဘောထားမှတ်ချက်တောင်းခံရန် ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။
နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ လက်ထောက်အတွင်းဝန် ဦးစိုင်းထွန်းညိုကမူ “ကျနော်တို့အနေနဲ့တော့ ဘာမှ ပြဿနာ မရှိပါဘူး။ ဌာနက ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်တဲ့နေရာမှာ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အဓိက ပူးပေါင်း လုပ်ဆောင်ရတဲ့ အတွက် ခဏခဏ ပြောင်းရွေ့တာတွေလည်း လုပ်လေ့မရှိပါဘူး။ တဦးနဲ့ တဦး ရင်းနှီးနားလည်မှုလည်း လိုတယ်လေ” ဟု မှတ်ချက်ပြုသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ ညွှန်ကြားချက်မှာ ဌာနဆိုင်ရာ ဝန်ထမ်းကိစ္စများအား ပြည်ထောင်စုအဆင့်မှ တိုက်ရိုက်ကိုင်တွယ် နေရာမှ တိုင်းနှင့် ပြည်နယ်အဆင့် ဝန်ကြီးချုပ်များထံ ဝင်ရောက်ကိုင်တွယ် မှတ်ချက်ပေးခွင့်အာဏာ ခွဲဝေပေးလိုက်ခြင်း ဖြစ်သည်ဟုလည်း ယူဆမှုများ ရှိသည်။
သို့သော် နိုင်ငံ့ဝန်ထမ်း ဥပဒေနှင့် နည်းဥပဒေအရ ဝန်ထမ်းများ ရာထူးတိုးခြင်း၊ ပြောင်းရွှေ့ခြင်းကိစ္စများအား သက်ဆိုင်ရာ ဌာနအကြီးအကဲကသာ ဆုံးဖြတ်ရမည်ဖြစ်ပြီး ဝန်ကြီးချုပ်များက ဝင်ရောက်ပါဝင်ပတ်သက်ပါက ဥပဒေအား ကျော်လွန်သလို ဖြစ်နေမည် ဖြစ်ကာ ဌာနဆိုင်ရာများဘက်မှ လိုက်နာနိုင်မှု ရှိ၊ မရှိမှာ မေးခွန်းထုတ်နေစရာ ဖြစ်သည်ဟု သုံးသပ်မှုများလည်း ရှိသည်။
ဥပဒေဆိုင်ရာ အကြံပေးတဦးဖြစ်သူ ဦးခင်အောင်မြင့်က “နိုင်ငံ့ဝန်ထမ်းဥပဒေမှာ ဌာနအလိုက် ဘယ်လိုလုပ်ရမယ်ဆိုတာ အတိအကျ ပြဋ္ဌာန်းထားပြီးသား။ ဥပဒေကိုကျော်ပြီး လုပ်သလိုဆိုရင်တော့ မကောင်းဘူး။ ဆရာမွေး၊ တပည့်မွေးတွေ ဖြစ်လာရင် ဝန်ထမ်းလောကမှာ ပြဿနာက ပိုကြီးသွားနိုင်တယ်” ဟု ရှင်းပြသည်။
၎င်းက ဆက်လက်ပြီး ယင်းကဲ့သို့ ညွှန်ကြားချက် ထုတ်ခြင်းထက် ဥပဒေတွင် သွားရောက်ပြင်ဆင်ခြင်းမျိုးမှာ ပိုမို သင့်လျော်ကြောင်းလည်း အကြံပြု ပြောဆိုသည်။
ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်နှင့် တိုင်းအုပ်ချုပ်ရေးမှူး(ငြိမ်း) ဦးကျော်စန်းကမူ “ဥပဒေနဲ့ ညီ မညီဆိုတဲ့ကိစ္စတွေက ပြန်လည်သုံးသပ်ရမယ့် ကိစ္စတခုပါ။ ဌာနဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့တော့ တိုင်း/ပြည်နယ် အစိုးရရဲ့ စီမံမှုကိုနာခံဖို့တော့ လိုတာပေါ့” ဟု ဆိုသည်။
ဌာနဆိုင်ရာ ဝန်ထမ်းရေးရာကိစ္စများအား ဗဟိုအဆင့်မှသာ ကိုင်တွယ် ဆုံးဖြတ်နေသည့်အတွက် အချို့သော ဝန်ထမ်းများမှာ တိုင်းနှင့် ပြည်နယ် အစိုးရအပေါ် လေးစားလိုက်နာမှု အားနည်းမှုများ တွေ့ရှိနေရပြီး ယခု ညွှန်ကြားချက်အရ ဗဟိုနှင့် တိုင်း/ပြည်နယ်အစိုးရအကြား ဟန်ချက်ညီ လုပ်ဆောင်နိုင်ပါက အကောင်းဘက် ဦးတည်လာနိုင်မည်ဟုလည်း ၎င်းက ယူဆထားသည်။