ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် အတွင်း တပ်မတော်နှင့် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ယနေ့မနက်ပိုင်းက တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သတင်း ရရှိသည်။
TNLA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က “ကွတ်ခိုင်မှာ ကျနော်တို့ တောတွင်း တပ်စခန်း ရှိတယ်။ တပ်မတော် တပ်မ ၉၉ က လှုပ်ရှားပြီး တိုက်ပွဲ ပြန်ဖြစ်ရတာ”ဟု ပြောသည်။
TNLA ၏ သတင်းနှင့် ပြန်ကြားရေး ဌာနကလည်း ယနေ့ မနက်ပိုင်း ၇ နာရီခွဲခန့်တွင် TNLA ၏ တပ်မဟာ (၅) နယ်မြေ၊ ကွတ်ခိုင် မြို့နယ်၊ ရွှေမော် အုပ်စု၊ ရွှေမော်ကျေးရွာ အနီး တိုက်ပွဲ ဖြစ်ကြောင်း သတင်း ထုတ်ပြန် ထားသည်။
သို့သော်လည်း တိုက်ပွဲဖြစ်ပွားရာနေရာတွင် TNLA တပ်စခန်း မရှိကြောင်း တပ်မတော်စစ်သားများ ယမန်နေ့ညက လာရောက် အိပ်သွားပြီး အပြန်တွင် TNLA တပ်ဖွဲ့များ၏ ခြုံခိုတိုက်ခိုက်ခံရခြင်းဖြစ်ဖွယ်ရှိသည်ဟု ရွာခံတချို့က ဧရာဝတီသို့ ပြောသည်။
ရွှေမှော်ကျေးရွာမှ ဒေသခံ တဦးက “ညတုန်းက ရွာနားက တောင်ကုန်းမှာ အစိုးရစစ်သားတွေ လာအိပ်တယ်။ မနက် ၆ နာရီလောက်မှာ အစိုးရတပ်က ရွာနားက ထွက်သွားတယ်။ လမ်းအတိုင်းပဲ။ တမိုင်လောက်အကွာမှာ ပလောင်စစ်သားတွေနဲ့ တိုက်ပွဲဖြစ်တာ”ဟု ပြောသည်။
ဧရာဝတီမှ ရွှေမှော်ကျေးရွာနှင့် နမ့်ဖတ်ကာကျေးရွာအုပ်စုမှ ဒေသခံအချို့ကို မေးမြန်းချက်အရ တိုက်ပွဲဖြစ်ပွား သည့် နေရာတဝိုက်တွင် တပ်မတော်နှင့် TNLA တို့ ဝင်ထွက်သွားလာခြင်းများ ရှိသော်လည်း တပ်စခန်းများ ရှိသည်ကို မသိရှိကြောင်း ပြောသည်။
ရွှေမှော်ကျေးရွာမှ အမျိုးသမီးတဦးကလည်း “ကျမတို့ မနက်က အသံတွေတော့ နည်းနည်း ကြားတယ်။ ရွာကို တော့ ထိခိုက်တာ မရှိပါဘူး။ ခဏကြာတော့ ဘာမှ မကြားရတော့ဘူး။ ဗမာစစ်သားတွေ ဟူဖြတ်ကို သွားတဲ့ အထွက် လမ်းမှာ ဖြစ်တာလို့တော့ ကြားတယ်”ဟု ပြောသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ပဏာမ အပစ်ရပ် စာချုပ် (Bilateral Agreement )နှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ညှိနှိုင်း ဆွေးနွေးရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့ အလယ် ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် တြိဂံတိုင်း စစ်ဌာနချုပ် နယ်မြေများကို ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်ထိ ၄ လတာ ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ကြေညာ ထားသည်။
တပ်မတော်၏ ကြေညာချက် မထုတ်မီ ဒီဇင်ဘာလ ၁၂ ရက်က TNLA ၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မ တော် (MNDAA) နှင့် ရက္ခိုင့် တပ်မတော် (AA) တို့က ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန် စစ်ရေး ဆိုင်ရာ ဆောင်ရွက်မှုများ ကို ၎င်းတို့ဘက်မှ ဦးစွာ ရပ်တန့်ပြီး စစ်ရေး နည်းလမ်းမှ အပ နိုင်ငံရေး နည်းလမ်း အရ ဆောင်ရွက်ရန် ဆန္ဒ ရှိပါသည်ဟု ထုတ်ပြန် ထားသည်။
ကွတ်ခိုင် မြို့နယ်တွင်း ပစ်ခတ် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ တပ်မတော်၏ ပြောရေး ဆိုခွင့် ရှိသူများကို ဧရာဝတီမှ ဆက်သွယ်သော်လည်း မရခဲ့ပေ။
တပ်မတော်မှ TNLA ၏ မဟာမိတ် အဖွဲ့ တဖွဲ့ဖြစ်သည့် AA ကို အပစ်ရပ် စာချုပ် ဆွေးနွေးမည်ဟု ဆိုထားသော်လည်း အပစ်ရပ် နယ်မြေ ထုတ်ပြန်ရာ၌ ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေကို ထည့်သွင်းထားခြင်း မရှိပါ။
တပ်မတော်၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေကို အပစ်ရပ် နယ်မြေ အတွင်း ထည့်မကြေညာခြင်းမှာ ARSA အကြမ်းဖက် အဖွဲ့များ ရှိခြင်းကြောင့်ဟု အကြောင်းပြသော်လည်း မောင်တောမြို့ကို ချန်လှပ်ပြီး AA နှင့် တိုက်ပွဲများ ဖြစ် ပွားနေသည့် ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း စသည့် မြို့နယ် တို့ကို ကြေညာ၍ ရကြောင်း AA က ပြောဆိုထားသည်။
ရခိုင်ပြည်နယ် အတွင်း၌လည်း နိုဝင်ဘာလ နောက်ဆုံးပတ်မှ စခဲ့သည့် တိုက်ပွဲများမှာ ဒီဇင်ဘာလ ၂၃ ရက်ထိ ဖြစ်ပွားနေ ဆဲ ဖြစ်သည်။