စစ်ကိုင်းမြို့ ဧမြဇေယျာချောင် ဝိမလာရာမတိုက်မှ ကြမ်းတမ်းစွာ ဖယ်ရှားခံရသည့် သီလရှင်ဆရာကြီး ဒေါ်ကေသာ ဝတီ ဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ကိုင်း မြို့မရဲစခန်းသို့ တိုင်ကြားထားသော်လည်း ယခုအချိန်အထိ အမှုဖွင့်ပေးနိုင်ခြင်း မရှိသေးကြောင်း သီလရှင် ဆရာကြီး၏ မိသားစုဝင်များက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ ရက်က ဒေါ်ကေသာဝတီနှင့် ကျန်းမာရေးမကောင်းသည့် အသက် ၉၀ ကျော်အရွယ် ဖခင်ဖြစ်သူတို့အား ကျောင်းတိုက်ပိုင်ဆိုင်သူဟု ဆိုသော သီလရှင်ဆရာကြီး ဒေါ်သီတလကာမီနှင့် အဖွဲ့က ကျောင်း တိုက် အတွင်းမှ ကြမ်းတမ်းစွာ နှင်ထုတ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
နှင်ထုတ်ခံရသူ ဒေါ်ကေသာဝတီ၏ ညီမဖြစ်သူ သီလရှင်ဆရာကြီး ဒေါ်ကိန္ဒသိင်္ဂီက“အဲဒီနေ့က ထွက်ပေးမှာလား၊ ဆွဲ ထုတ်ရမှာလားလို့ မေးပြီးတော့ သီလရှင်တွေ အုပ်စုလိုက် ဝိုင်းဖွဲ့ပြီး လူမဆန်စွာနဲ့ တိရစ္ဆာန်များ ဆွဲထုတ်သလို အသက် ၉၀ ကျော်ရှိပြီဖြစ်တဲ့ ဆရာလေးတို့ရဲ့အဖေအိုကြီးပါ ဆွဲထုတ်ပြီးတော့ လမ်းဘေးမှာ ချထားခဲ့ကြတာပါ။ ဒါကို သံဃနာယက အဖွဲ့တွေရော၊ ဌာနဆိုင်ရာတွေရောကို တင်ပြခဲ့ပေမယ့်လည်း အခုအချိန်အထိ ဘာမှ ထူးမလာပါဘူး” ဟု ပြောသည်။
ကြမ်းတမ်းစွာ ဆွဲငင်နှင်ထုတ်ခံရမှုအပေါ် အရေးယူပေးရန်အတွက် အခင်းဖြစ်ပြီး နောက်တရက် အောက်တိုဘာလ ၂၆ ရက်တွင် စစ်ကိုင်း မြို့မရဲစခန်းသို့ တိုင်ကြားခဲ့ခြင်း ဖြစ်ကာ ဒီဇင်ဘာလ ၂၃ ရက် ညနေပိုင်းကလည်း သတင်းစာ ရှင်းလင်း ပွဲ တရပ် ပြုလုပ်ထားသေးသည်။
“ကျောင်းကနေ ဆွဲထုတ်ခံရတာကလည်း သက်သက်မဲ့ နိုင့်ထက်စီးနင်း မတရားလုပ်တာမို့ ရာဇဝတ်ကြောင်းအရ သွား ပေမယ့်လည်း အခုအချိန်အထိ အမှုကို ဖွင့်လှစ်ပေးခြင်း မရှိပါဘူး”ဟု နှင်ထုတ်ခံရသူ ဒေါ်ကေသာဝတီ၏ ဦးလေး တော်စပ်သူ ဦးမော်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ဖြစ်စဉ်မှာ ဧမြဇေယျချောင်၊ ဝိမလာရာမကျောင်းတိုက် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ဒေါ်ကေသာဝတီနှင့် လက်ရှိ ကျောင်းတိုက်ပိုင်ဆိုင်သူဟု ဆိုသော ဒေါ်သီတလကာမီတို့ကြား အငြင်းပွားမှုမှ စတင်ခဲ့ခြင်း ဖြစ်သည်။
ကျောင်းတိုက် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်း သံဃမဟာနာကအဖွဲ့က နှင်ထုတ်ခံရသူ ဒေါ်ကေသာဝတီကို အနိုင် ပေးထားသော်လည်း ဒေါ်သီတလကာမီဘက်မှ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ (ဗဟို) သို့ ထပ်မံ တင်ပြ ခဲ့သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော် သံဃမဟာနယက ၄၇ ပါး စုံညီဆုံးဖြတ်ချက်အရ ပိုင်ဆိုင်ကြောင်းစာချုပ် လက်ဝယ် ကိုင်ထားသူ ဒေါ်သီတလကာမီကို အနိုင်ပေးကာ ဒေါ်ကေသာဝတီကိုမူ ကျောင်းတိုက်တွင် ရာသက်ပန် သီတင်းသုံး နေထိုင်ခွင့် ပြုထားသည်။
သို့သော် ဒေါ်ကေသာဝတီ သီတင်းသုံးနေထိုင်သည့် ကျောင်းဆောင်အမိုး မိုးယိုသည့်အတွက် ပြင်ဆင်ရာ ကျောင်း တိုက် စည်းကမ်း မလိုက်နာဟု ဆိုသည့် စွပ်စွဲပြောဆိုချက်ဖြင့် ဒေါ်ကေသာဝတီနှင့်အတူ အတူနေထိုင်သည့် အသက် ၉၀ ကျော် ဖခင်တို့အား ဒေါ်သီတလကာမီနှင့် သီလရှင်တစုက ကြမ်းတမ်းစွာ ဆွဲခေါ် နှင်ထုတ်ခဲ့ခြင်း ဖြစ်သည်။
ဒေါ်ကေသာဝတီက“ဆရာလေးကို ဒီကျောင်းကနေ ဝိုင်းပြီးဆွဲထုတ်တာက ကျောင်းစည်းကမ်းကို ဖောက်ဖျက်တယ် ဆိုပြီး ဆွဲထုတ်ခဲ့ကြတာပါ၊ ကျောင်းစည်းကမ်း ဖောက်ဖျက်တယ် ဆိုတာကလည်း လက်ရှိနေတဲ့ ကျောင်းလေးက အမိုး မလုံတာကြောင့် မိုးကာ တက်ပြီး မိုးခိုင်းတာကို ကျောင်းစည်းကမ်း ဖောက်ဖျက်တယ်လို့ စွပ်စွဲပြောဆိုခဲ့ကြတာပါ”ဟု ပြောဆိုသည်။
သာသနာ့ဝန်ထမ်းနှင့် သက်ဆိုင်သည့် မှုခင်းကိစ္စရပ်များတွင် သာသနာရေးဆိုင်ရာ ဌာနများ ချိတ်ဆက် လုပ်ကိုင်ရ သည့် အတွက် အမှု ဖွင့်မပေးရသေးခြင်း ဖြစ်ကြောင်း စစ်ကိုင်းမြို့မ ရဲစခန်းမှူးက ပြောသည်။
စခန်းမှူး ဒုရဲမှူး ကျော်ထွန်းနိုင်က“ကျနော်တို့က အမှုမဖွင့်ပေးတာ မဟုတ်ပါဘူး။ ဘုန်းကြီးတို့၊ သီလရှင်တို့ ကိစ္စဆိုရင် မြို့နယ် သံဃနာယကတို့၊ မြို့နယ် သာသနာရေးတို့၊ ခရိုင် သာသနာရေးတို့က ဖြေရှင်းပြီး လူချွတ်ပေးပြီးတော့မှ ကျနော် တို့က အရေးယူလို့ ရမယ်ဆိုပြီး ညွှန်ကြားချက် ရှိနေပါတယ်။ အဲဒါကြောင့် ကျနော်တို့အနေနဲ့ ခရိုင် သာသနာ ရေး ဦးစီးဌာနကို တင်ပြပေးထားပါတယ်”ဟု ဧရာဝတီကို ပြောသည်။
စစ်ကိုင်းခရိုင် သာသနာရေး ဦးစီးဌာနသို့ ဧရာဝတီက ဆက်သွယ်ခဲ့ရာ ခရိုင်သာသနာရေး ဦးစီးမှူး ဦးမြင့်ဇော်က “ကျနော် တို့ဆီကို ရဲတပ်ဖွဲ့ကနေ အကူအညီ တောင်းခံလာလို့ တိုင်းကို ဆက်လက်တင်ပြပြီး လမ်းညွှန်မှု ခံယူထားပါ တယ်၊ ဘာဆက်လုပ်ပါဆိုပြီး ညွှန်ကြားလာတာမျိုး မရှိသေးပါဘူး။ အဲဒီကိစ္စကို ဘယ်လို ဆုံးဖြတ်ပေးမလဲ ဆိုတာကို ကျနော်တို့ ပြောလို့မရပါဘူး။ ကျနော်တို့အနေနဲ့က အထက်က လမ်းညွှန်မှုကို ခံယူပြီးမှ လုပ်ဆောင်ရတာပါ။ ဘာမှ ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး။ အဓိက ဖြေရှင်းတာက သံဃနာယက အဆင့်ဆင့်ကနေ တာဝန်ယူ ဆက်လက် ဆောင်ရွက် မှာ ပါ”ဟု ပြောဆိုသည်။
နှင်ထုတ်ခံရသူ ဒေါ်ကေသာဝတီမှာ ဧမြဇေယျာချောင်တွင် အသက် ၁၈ နှစ်ကတည်းက ယခင်ကျောင်းထိုင် သီလရှင် ဆရာကြီး ဒေါ်ဝိမလဉာဏီနှင့်အတူ သီတင်းသုံးခဲ့သူ ဖြစ်သည်ဟု သိရသည်။
၂၀၁၃ ခုနှစ်တွင် ကျောင်းထိုင် ဆရာမကြီး ကွယ်လွန်ပြီးနောက် ကျောင်းတိုက်တွင် ဝါမဆိုဘူးခဲ့သူ ဒေါ်သီတလကာမီ က ကျောင်းတိုက်အား လွှဲပြောင်းပေးအပ်သည် ဟူသည့် စာချုပ်ဖြင့် ကျောင်းတိုက်အား ပိုင်ဆိုင်သည်ဟု ဆိုကာ ဧမြဇေယျာ ချောင်တွင် သီတင်းသုံးသည့် အခြားသီလရှင်များကိုလည်း ကျောင်းတိုက်မှ ထွက်ခွာရန် ခိုင်းစေမှုများ ရှိခဲ့ကြောင်း ဒေါ်ကေသာဝတီထံက ဆိုသည်။
ဒေါ်ကေသာဝတီက“ဆရာလေးက ဒီချောင်ကို တည်ထောင်ကတည်းက ပါခဲ့တာပါ။ ကျောင်းမှာ လိုအပ်တဲ့ ရေ၊ မီးက အစ ဆရာလေးရဲ့ အမည်ပေါက်နဲ့ပါ။ ဒါကြောင့် အခု ဖြစ်စဉ်အပေါ်မှာတော့ အမှန်အတိုင်း ဖြစ်စေချင်တာပါ။ သာသနာ နွယ်ဝင် သီလရှင်ဆိုတာက အလိမ်အညာ မလုပ်ရပါဘူး။ ဒါကို သူတို့က စာချုပ်အတုနဲ့ ဒီချောင်ကို သူတို့ ပိုင်ပါတယ် ဆိုပြီး ဆရာလေးကို အမျိုးမျိုး နှိပ်စက်နေကြတာပါ”ဟု ဆိုသည်။
ကျောင်းတိုက် ပိုင်ဆိုင်မှုကိစ္စနှင့် ပတ်သက်၍လည်း နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန များသို့လည်း စာပေးပို့ အကူအညီတောင်းခံ တင်ပြထားသည်ဟု သိရသည်။