နေပြည်တော် လေဆိပ်၌ လက်နက်များ ဖမ်းဆီးရမိသဖြင့် အမှု ရင်ဆိုင်နေရသည့် ဟိုတယ် ACE ပိုင်ရှင် ဖြိုးကိုကို တင့်ဆန်း အမှု ကြန့်ကြာအောင် စစ်ဆေးနေခြင်း မဟုတ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးမြင့်အောင် ကဆိုသည်။
ဖြိုးကိုကိုတင့်ဆန်း၏ ရှေ့နေ ဦးမြင့်အောင် က “ပုံမှန် စစ်ဆေးနေပါတယ်။ တွန်းအားပေးပြီး စစ်နေပါတယ်။ ကြန့်ကြာ အောင် စစ်နေတာမျိုး မလုပ်ပါဘူး။ သက်သေခံတွေက များနေလို့ အခုလို ကြန့်ကြာနေတာပါ” ဟု ပြောသည်။
နေပြည်တော် ဒက္ခိဏ သီရိ ခရိုင်တရားရုံး၌ ယနေ့ ရုံးချိန်းတွင် မူးယစ်မှု၊ လက်နက်မှု၊ ဆက်သွယ်ရေး ဥပဒေ အမှုတို့ကို စစ်ဆေးခဲ့ပြီး တရားလိုပြ သက်သေ အဖြစ် ဒုရဲအုပ် အဆင့် ရှိသူ နှစ်ဦးကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ဖြိုးကိုကိုတင့်ဆန်းအား မူးယစ်မှု၊ လက်နက်မှု၊ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ် တုပ သုံးစွဲမှု၊ ပို့ကုန် သွင်းကုန် ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေ၊ ၁၉၂၃ မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ အစရှိသည့် ပုဒ်မတို့နှင့် အမှုပေါင်း ၂၀ ကျော် စွဲဆိုထားခြင်း ဖြစ်ပြီး အမှုအတွက် စုစုပေါင်း တရားလို ပြသက်သေ ၄၀၀ ကျော်အနက် လက်ရှိ အချိန်ထိ ၁၈၀ ကျော် စစ် ဆေးပြီး ဖြစ်သည်။
ထို့ကြောင့် သက်သေ ၂၀၀ ကျော် စစ်ဆေးရန် ကျန်ရှိနေပြီး ယင်း အနက် ရဲဝန်ထမ်း ၆၀ ကျော် ပါဝင်ကာ ကျန်သူများမှာ အရပ်သားများ ဖြစ်ကြောင်း တရားရုံး အချက်အလက်များ အရ သိရသည်။
သို့သော် အမှုတွင် သက်သေ ထွက်ဆိုရမည့် ရဲဝန်ထမ်း တချို့ ပြည်ပသို့ ထွက်ခွာနေရခြင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တွင် ထမ်းဆောင်နေရသော တာဝန်ကို လွှဲပြောင်းယူမည့် လူစားထိုး မရှိခြင်းများကြောင့် အဆိုပါ အမှုကို တရားရုံးဘက်မှ တွန်း အားပေး ဆောင်ရွက်နေ သော်လည်း ကြန့်ကြာခြင်း ဖြစ်ကြောင်း ဦးမြင့်အောင်က ဆိုသည်။
ယင်းအမှု ကြန့်ကြာနေခြင်းမှာ ဖြိုးကိုကိုတင့်ဆန်းအား အပြီးသတ် အမိန့်ချမှတ်ပါက ချုပ်ရက်ရှည်များ ယူထားသည့် အတွက် ပြစ်ဒဏ် လျော့သွားစေရန် ဖြစ်ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။
ထိုကဲ့သို့ ဝေဖန်မှုများ အပေါ် ဦးမြင့်အောင်က“ဘယ်သူမဆို လျှော့ရက်က ရပါတယ်။ သို့သော် အမှုတိုင်း အတွက် တော့ မရဘူးပေါ့။ အချုပ်ကာလကို ထုတ်နုတ်ပေးတဲ့ အခွင့်အရေး ရကြတယ်။ အဲဒီ အခွင့်အရေးက အမှုတခုတည်း အတွက်ရ တာပါ။ အခုသူ့ကို စွဲထားတဲ့ အမှုက များတော့ အမှုအားလုံးအတွက် ရတာမျိုး မဟုတ်ဘူး။ တရားသူကြီးနဲ့လည်း ဆိုင်ပါ တယ်”ဟု ပြောဆိုသည်။
ဖြိုးကိုကိုတင့်ဆန်း အမှုကို ဒက္ခိဏသီရိခရိုင် တရားရုံးတွင် ဇန်နဝါရီလဆန်း က စတင် စစ်ဆေးသော်လည်း တနှစ်ခန့် ကြာမြင့်ချိန် အထိ တရားလိုပြ သက်သေများကို စစ်ဆေးမှု မပြီးပြတ်သေးဘဲ ဆက်လက် စစ်ဆေးနေခြင်း ဖြစ်သည်။
၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က နေပြည်တော် လေဆိပ်တွင် ဖြိုးကိုကိုတင့်ဆန်း၊ ရဲမင်းဆွေ၊ ဇော်ဝင်းထိုက် တို့ထံမှ ပစ္စတို ၂ လက်၊ ကျည်ဆန်များ၊ စိတ်ကြွဆေးပြားများ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ကွင်းဆက် အဖြစ် ACE ရုံးနှင့် နေအိမ်၌ လက်နက်၊ စကားပြောစက်၊ နိုင်ငံတော် လုံခြုံရေး ကဲ့သို့သော အဖွဲ့အစည်း တံဆိပ်စသည့် ပစ္စည်းများကို တွေ့ ရှိခဲ့သဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဖြိုးကိုကိုတင့်ဆန်း၏ အမှုတွဲများကို တပေါင်းတည်း စစ်ဆေးရန် တရား လွှတ်တော်ချုပ်ရုံးက ဆုံးဖြတ်လိုက်သည့် အတွက် အမှုနှင့် ပတ်သက်၍ စွပ်စွဲခံရသူများကို ဒက္ခိဏ သီရိ ခရိုင်တရားရုံးသို့ လွှဲပြောင်းခဲ့ပြီး အမှုတွဲများကို နေပြည်တော်မှ အမှုတွဲ၊ ရန်ကုန်မှ အမှုတွဲ တလှည့်စီ တနင်္လာနေ့တိုင်း စစ်ဆေးမည်ဟု သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
ယင်းအမှု အတွက် နောက်ရုံးချိန်းကို ၂၀၁၉ ဇန်နဝါရီ ၇ရက်တွင် ပြန်လည် စစ်ဆေးမည် ဖြစ်ကြောင်း ဒက္ခိဏ ခရိုင် တရား သူကြီး ဦးတင့်လွင် က တရားခွင်တွင် ပြောကြားသွားသည်။