နေပြည်တော် ပညာရေး ဝန်ကြီးဌာနရှေ့၌ အစာငတ်ခံ ဆန္ဒပြသူ လားရှိုး နည်းပညာ တက္ကသိုလ် ကျောင်းသား မူးလဲ သဖြင့် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။
လားရှိုး နည်းပညာ တက္ကသိုလ်မှ ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ ဖြစ်သူ ကိုစိုင်းကျော်ဇောဟန်သည် ဒီဇင်ဘာလ ၁၇ ရက်က စတင်ကာ တောင်းဆိုချက် ၇ ချက်ဖြင့် လားရှိုးမြို့တွင် အစာငတ်ခံ ဆန္ဒပြခဲ့ကြောင်း၊ ယင်းကို ဖြေရှင်ပေးခြင်း မရှိ၍ ပညာ ရေး ဝန်ကြီးဌာနသို့ လာရောက် တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း ဝန်းရံသူ ရမည်းသင်း နည်းပညာ တက္ကသိုလ်မှ ကျောင်းသား သမဂ္ဂ အတွင်းရေးမှူး ကိုရဲမာန်ဦးက ပြောသည်။
ထိုသို့ ဆန္ဒပြ တောင်းဆိုသည့် ၈ ရက်မြောက်နေ့တွင် မူးလဲခဲ့ခြင်း ဖြစ်သည်။
ကိုရဲမာန်ဦးက“လားရှိုးမှာလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး အစာငတ်ခံ ဆန္ဒပြခဲ့တယ်။ အဲဒါကို ဘာမှမလုပ်ဘဲနဲ့ ဖမ်းတာ တား ဆီး တာမျိုးတွေ လုပ်ခဲ့တယ်။ အခု ဝန်ကြီးဌာနကို ပထမအဆင့် လာဆွေးနွေးတယ်။ သူတို့က နှုတ်ကတိပဲ ပေးတယ်။ ဖြေရှင်း ဆောင်ရွက်ပေးမယ်လို့ မပြောသေးဘူး။ အဲဒါကြောင့် ဝန်ကြီးဌာနရှေ့မှာ ဆက်ပြီး ဆန္ဒပြတာ ရှေ့က ဒဏ်တွေ ကြောင့် မူးလဲသွားတာ”ဟု ပြောသည်။
ပညာရေး ဝန်ကြီးဌာနသို့ တောင်းဆိုသည့် အချက် ၇ ချက်မှာ စာမေးပွဲရလဒ်များ မမျှတမှု၊ ကျောင်းလုံခြုံမှု မရှိခြင်း အပေါ် တာဝန်မခံမှု၊ ကျောင်းသုံး ပစ္စည်းများ ဈေးနှုန်းကြီးစွာ ရောင်းချနေမှု၊ ဆေးနား စီးပွားနား (ကျန်းမာရေးနှင့် စီးပွားရေး အခြေ အနေကြောင့် ကျောင်းခေတ္တနားခြင်း)နှင့် ကျောင်းပြောင်း သင်ယူခွင့် ခက်ခဲနေမှုများကို ဖြေရှင်းပေးရန်၊ ကျောင်းတွင်း ဆေးခန်းများ ဖွင့်လှစ်ပေးရန်နှင့် ရုံးခန်း ချိုးဖျက်၍ သမဂ္ဂ အလံ ဖြုတ်ချ ခံရခြင်း၊ ကျောင်းသား သမဂ္ဂ၏ ရပ်တည်ခွင့် အပေါ် စွက်ဖက် ဖိနှိပ်မှုများကို ဖြေရှင်းပေးရန် တို့ဖြစ်သည်။
ကိုစိုင်းကျော်ဇောဟန်က“ကျောင်းသားတွေက ဆေးနား စီးပွားနား ကိစ္စတွေ လွတ်လပ်စွာ ကျောင်းပြောင်းရွေ့မှု ကိစ္စတွေ မရရှိပါဘူး။ ဒီမိုကရေစီ ပညာရေး လွတ်လပ်ခွင့် ဆုံးရှုံးတာလို့ မှတ်ယူပါတယ်။ ကျောင်းလုံခြုံရေး မရှိတာ၊ ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်တွေကို ဖိနှိပ်နေတာတွေ၊ မြို့ပြင်ကို ၈ မိုင်လောက် ထွက်နေတဲ့ ကျောင်းမှာ ကျောင်းတွင်း ဆေးခန်းရှိသင့် တယ်လို့ တင်ပြခဲ့ပါတယ်။ အခု ထက်ထိ မရခဲ့ပါဘူး”ဟု ဆန္ဒပြစဉ် မီဒီယာများကို ပြောသည်။
ထိုသို့ တောင်းဆိုရာတွင် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများက နှုတ်ဖြင့်သာ ဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့ခြင်း အပေါ် ကျေနပ် လက်ခံခြင်း မရှိဘဲ ၈ ရက်မြောက် အဖြစ် ဆက်လက် အစာငတ်ခံ ဆန္ဒပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျနော်က ကျောင်းသားထု နစ်နာချက်နဲ့ ပတ်သက်ပြီး အစာငတ်ခံ ဆန္ဒပြတာ ၈ ရက် ရှိပါပြီ။ အသက်နဲ့ ရင်းပြီး လုပ်နေ တာပါ။ ဒီအနေအထားမှာ ဝန်ကြီးဌာနရဲ့ နှုတ်ကတိက ယုံကြည်ဖွယ်ရာ မရှိပါဘူး”ဟု ကိုစိုင်းကျော်ဇောဟန်က ဆိုသည်။
အဆိုပါ ကျောင်းသားများ တောင်းဆိုသည့် အချက်အလက်များမှာ လိုက်လျော ဖြေရှင်းပေးရန် ခက်ခဲသည့်ကိစ္စများ မဟုတ် သော်လည်း တချို့အချက်များမှာ လက်ရှိတွင် ဖြေရှင်း ဆောင်ရွက်ပေးနေသည့် ကိစ္စများ ဖြစ်ပြီး တချို့အချက်များ မှာ အဖွဲ့ဖွဲ့စစ်ဆေးပြီးမှ တွေ့ရှိချက်များ အပေါ် ဆက်လက် ဆောင်ရွက်မည့် ကိစ္စများ ဖြစ်ကြောင်း အဆင့်မြင့် ပညာ ဦးစီး ဌာနမှ ညွန်ကြားရေးမှူး ဒေါက်တာ ငြိမ်းငြိမ်းမြတ်က ပြောသည်။
“ညှိနှိုင်း ဖြေရှင်းပါမယ်။ တွေ့ရှိလာတဲ့ အချက်တွကို အခြေခံပြီး အဖွဲ့ရဲ့ တင်ပြချက် ဆွေးနွေး သုံးသပ်ချက်တွေကို အခြေ ခံပြီး ဝန်ကြီးဌာနကို ဆက်လက် တင်ပြပြီး ဆောင်ရွက်သွားမှာပါ။ ဆေးနား စီးပွားနား ကိစ္စကို ဒီနေ့ဆိုရင် ညွှန်ကြားချက် ထုတ်လိုက်ပါပြီ။ ကျောင်းတွေကိုလည်း ရောက်ရှိသွားပါပြီ။ နောက် ကျောင်းပြောင်း ပညာသင်ယူခွင့် ကိစ္စကိုတော့ လက်ရှိ ထုတ်ပြန်ထားတဲ့ တည်ဆဲ ကျောင်းပြောင်းမူ ရှိပါတယ်။ အဲဒါကတော့ တနိုင်ငံလုံး တပြေးညီ ဆောင်ရွက်နေတာ ဖြစ်ပါ တယ်”ဟု ၎င်းက ဆိုသည်။
ကျောင်းသုံးပစ္စည်းများ ဈေးကြီးမှု၊ စာမေးပွဲ ရလဒ်များ မမျှတမှု၊ ကျောင်းသား သမဂ္ဂအား ဖိနှိပ်မှု၊ သမဂ္ဂ အလံဖြုတ်ချခံရမှု ကိစ္စများမှာ အဖွဲ့ဖွဲ့ စိစစ်ပြီးမှ ဆက်လက် ဆောင်ရွက်မည့် ကိစ္စများ ဖြစ်ကြောင်း၊ ကျောင်းလုံခြုံရေး ကိစ္စနှင့် ပတ်သက်ပြီး လည်း စီစဉ်နေပြီ ဖြစ်ကြောင်း ဒေါက်တာ ငြိမ်းငြိမ်းမြတ်က ပြောဆိုသည်။