သတင်း

ပျောက်ဆုံးနေသည့် မြန်မာ ကလေးငယ်ကို ထိုင်း အာဏာပိုင်များ အင်အားသုံး ရှာဖွေ

Want create site? Find Free WordPress Themes and plugins.

ထိုင်နိုင်ငံ စဖန်ဘူရီခရိုင် အတွင်းရှိ ဧက တထောင်ခန့် ကျယ်ဝန်းသည့် ကြံခင်း အတွင်း ပျောက်ဆုံးခဲ့သော အသက် ၂ နှစ် အရွယ် မြန်မာ ကလေးငယ်ကို ပြန်လည်တွေ့ရှိရေး အတွက် ထိုင်းအာဏာပိုင်များက အင်အားသုံး ရှာဖွေလျက် ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ ကလေးငယ်သည် ယခုလ ၁၇ ရက်နေ့က ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ပြန်လည်တွေ့ရှိရေး ဌာနဆိုင်ရာသို့ တင်ပြ တောင်းခံမှုမှတဆင့် ၁၉ ရက်နေ့မှစ၍ ထိုင်းစစ်တပ်၊ လူမှုကူညီရေး အသင်းအဖွဲ့များ၊ ဆင်နှင့် ခွေးလိမ္မာများ၊ ရဟတ်ယာဉ် များ၊ ရေငုပ်သမားများ အသုံးပြု ရှာဖွေနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ ကလေးကို ဝိုင်းဝန်းရှာဖွေပေးနေသူများ စားသောက်ရန်အတွက် ထိုင်းဘုရင့်တော်ဝင်မိသားစုကလည်း ယာယီတဲ များ ထိုးကာ အစားအသောက်များ တာဝန်ယူ ဆောင်ရွက်ပေးနေကြောင်း ကလေး ပြန်လည်တွေ့ရှိရေး ပူးပေါင်း ကူညီနေ သည့် အလုပ်သမားဘဝ မြှင့်တင်ရေးရုံး (LPN) အဖွဲ့ဝင် ကိုနိုင်းနိုင်း က ပြောသည်။

ကိုနိုင်းနိုင်း က “၁၉ ရက်နေ့ကတည်းက နိုင်ငံတော်အဆင့် ဆင်းလာပြီး ရှာတယ်။ ရှာဖွေပုံစံက တော်တော်လေး လည်း အားရတယ်။ ကိုယ့်သားသမီးလို ရှာပေးနေကြတာ ထိုင်းအစိုးရကို တော်တော်ကျေးဇူးတင်ရမယ်ဗျာ။ ဘုရင့် ထမင်းချက် အုပ်စုကလည်း မဏ္ဍာပ်ထိုးပြီး ချက်ပြုတ်ပေးတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပျောက်ဆုံးနေသည့် ကလေးငယ် မောင်စိုးလွင်ဖြိုး၏ မိဘများသည် မြန်မာနိုင်ငံ တနင်္သာရီတိုင်း မှာလာရောက်၍ ကြံခုတ် လုပ်ငန်း လုပ်ကိုင်နေသူများဖြစ်ကြောင်းသိရသည်။

မောင်စိုးလွင်ဖြိုးသည် အသက် ၂ နှစ်နှင့် တလ ရှိပြီး ၎င်း ပျောက်ဆုံးသည့်နေ့ ၁၇ ရက်နေ့က ကြံစိုက်ခင်း အတွင်း လုပ်ဖော်ကိုင်ဖက် ဖြစ်သူတဦး၏ အသက် ၃ နှစ်အရွယ် မိန်းကလေးတဦးနှင့် အတူ ကစားနေရင်းမှ ပျောက်ဆုံး သွားခြင်း ဖြစ်ကြောင်းသိရသည်။

ပျောက်ဆုံး မြန်မာ ကလေးငယ် ကို ထိုင်းရဲတပ်ဖွဲ့ ရှာဖွေမှု မြင်ကွင်း

ကနဦး ရက် များတွင် ကြံလုပ်သား လုပ်ဖော်ကိုင်ဖက်များက ပျောက်ဆုံးကလေး ပြန်တွေ့ရန် ဝိုင်းဝန်း ရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်း မတွေ့သဖြင့် အာဏာပိုင်များကို အကြောင်းကြားခဲ့ပြီးနောက် ထိုင်းအာဏာပိုင်များက ထိုင်းစစ်တပ်မှ တပ်ဖွဲ့ဝင်များ၊ ဆင်များ၊ ရဟတ်ယာဉ်များ၊ ထိုင်းစစ်တပ်တွင် အသုံးပြုနေသော အနံ့ခံခွေးများ အသုံးပြု၍ တောနင်း ရှာနေခြင်းဖြစ်ကြောင်းသိရသည်။

ယင်းသို့ရှာနေသည့်အပြင် ကြံခင်းအနီးရှိ ရေကန်အတွင်း၌လည်း ရေငုပ်အဖွဲ့များကို အသုံးပြုရှာဖွေနေသကဲ့သို့ ကြံခင်းပြင်ပနေရာများကိုလည်း ဖြန့်ကျက် ရှာဖွေမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း ထိုင်းအခြေစိုက် သတင်းစာများက ရေးသားဖော်ပြနေကြသည်။

ကလေးမိဘများကတော့ ၎င်းတို့ကလေး အသက်ရှင်လျှက်ရှိနေလိမ့်မည်ဟု ယုံကြည်နေဆဲဖြစ်သော်လည်း ထိုင်းရဲတပ်ဖွဲ့ကတော့ ကြံခင်းအတွင်းမှာပင်ရှိနေလျင် အသက်ရှင်လျက်တွေ့ရန် မလွယ်ကူတော့ကြောင်း ထို့အပြင် ရေထဲကျနိုင်သကဲ့သို့ ကားလှမ်းပေါ်တွင်မတော်တဆ ကားတိုက်မှုဖြစ်နိုင်ကြောင်း တွေးဆမှုများ ရှိနေသည်ဟု ဆိုသည်။

“သူနဲ့ အတူကစားခဲ့တဲ့ သုံးနှစ်အရွယ်ကလေးမလေးကို မေးကြည့်တော့ သူလည်း စကားတော့ သေချာ မပြောတတ်သေး ဘူး။ ဒါပေမယ့် တယောက်ယောက်က လက်ဆွဲခေါ်သွားတယ်ဆိုတဲ့ ပုံသဏ္ဍာန်မျိုးတော့ လုပ်ပြတယ်” ဟု ဦးနိုင်းနိုင်း က ပြောသည်။

ထိုင်းရဲတပ်ဖွဲ့၏ စဉ်းစားချက်တွင် တစုံတဦးက ကလေးကို ဖျားယောင်း ခေါ်ဆောင်နိုင်ဖွယ်ရှိကြောင်း တွက်ဆထားပြီး ကြံတော အနီးရှိ မသင်္ကာဖွယ်ရာအိမ် တအိမ်ကိုလည်း ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ထိုအိမ်တွင် အသက် ၅၀ ခန့်အရွယ် အမျိုးသမီးတယောက်သာ တွေ့ရပြီး အမျိုးသားဖြစ်သူမှာ ကြံကားမောင်းသူဖြစ်ပြီး ကြံသွားပို့နေသည်ဟု ဆိုသည်။

ရဲတပ်ဖွဲ့ကတော့ လမ်းကြောင်းတလျှောက်ရှိ လုံခြုံရေး ကင်မရာများအားလုံးမှ တဆင့် အဆင့်ဆင့် စုံစမ်းရှာဖွေမှုများ ပြုလုပ်နေလျှက်ရှိကြောင်း သိရသည်။

ထိုင်းအာဏာပိုင်များသည် မြန်မာကလေးငယ်အချို့ ပါဝင်သော ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဆိုင်မြို့အနီးက ထမ့်လုံ လှိုင်ဂူအတွင်း ပျောက်ဆုံးခဲ့သည့် တောဝက်ဘောလုံး အသင်းသား ၁၃ ဦးဖြစ်စဉ်တွင်လည်း နိုင်ငံတော် အဆင့် အင်အားသုံး ရှာဖွေမှုများ ပြုလုပ်ခဲ့ဖူးပြီး တပတ်ကျော်အကြာတွင် ၁၃ ဦးလုံး အသက်ရှင်လျှက် ရှာတွေ့ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading