ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ ယိုးချောင်းဖျားဒေသတွင် မြန်မာ့တပ်မတော်က တပ်ပိုင်းဆိုင်ရာများကို ရုတ်သိမ်းလိုက်ပြီ ဖြစ်သည့်အတွက် စစ်ဘေးရှောင်များ မိမိတို့ နေရပ်သို့ ပြန်နိုင်ပြီ ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးများက ပြောသည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲပိုင်း က ၎င်းမြို့နယ် ကန်စောက်ကျေးရွာနှင့် တောင်မင်းကုလား ကျေးရွာတွင် ဝင်ရောက် ခိုလှုံနေသော စစ်ဘေးရှောင်များကို တပ်မတော်အရာရှိများက လာရောက်ပြောကြာခြင်း ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က ပြောသည်။
မြို့နယ်နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော် က “ကျနော်တို့ သိကလောက်ကတော့ တိုက်ပွဲတွေ ပြီးပြီးလို့ ပြောတယ်။ တိုက်ပွဲတွေ မရှိတော့ဘူးလို့ ပြောတယ်။ စစ်ဘေးရှောင်ရွာသားတွေ ပြန်မယ် ဆိုရင် ပြန်လို့ ရတယ်။ ပြန်ပို့ပေးမယ်လို့ ပြောတယ်။ စက်လှေတွေ စီစဉ်ပေး မယ်လို့ ပြောတယ်။ တပ်မအဆင့်က ပြောတာပါ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ယိုးချောင်းဖျားဒေသတွင် တိုက်ပွဲမရှိတော့သည့်အတွက် စစ်ဘေးရှောင်များ မိမိတို့ နေရပ်သို့ ပြန်နိုင်ကြောင်း ကို ကျောက်တော်အခြေစိုက် အမှတ် (၉) စစ်ဆင် ရေးကွပ်ကဲမှူ ဌာနချုပ် (စကခ-၉) မှ ညွန်ကြားချက်ဖြင့် တပ်မတော် အရာရှိများက သွားရောက်ပြောကြားခြင်း ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော် က ဆိုသည်။
သို့သော်လည်း အဆိုပါ ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင် ကျေးရွာသားများကို အတင်းအဓမ္မ ပြန်လွတ်ခြင်းမျိုး မဟုတ်ဘဲ မိမိတို့ဆန္ဒရှိလျှင် စက်လှေများ စီစဉ်ပေးကာ ပြန်ပို့ပေးမည် ဖြစ်ကြောင်းကို ပြောကြားခြင်း သာ ဖြစ်သည်ဟု ဆိုသည်။
တိုက်ပွဲ မရှိတော့၍ စစ်ဘေးရှောင်များ အိမ်ပြန်နိုင်ပြီဟု ဒီဇင်ဘာ ၂၄ ရက်နေ့က ကန်စောက် နယ်မြေခံတပ်ရင်း ၅၃၉ မှ တပ်မတော် အရာရှိများ လာရောက် ပြောဆိုကြောင်း ကျောက်တော်မြို့နယ် ကံစောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသင်္ခါကျော် ကလည်း ပြောသည်။
ဦးသင်္ခါကျော် က “တိုက်ပွဲမရှိတော့ဘူး။ ပြန်မယ်ဆိုရင်လည်း ပြန်လို့ ရတယ်လို့ ပြောပါတယ်။ အတင်း လွှတ်တာတော့ မဟုတ်ဘူးပေါ့။ သူ့တို့ ပြောတာကတော့ ကျနော်တို့လည်း အဲဒီနေရာတွေမှာ မရှိတော့ဘူး။ AA လည်းမရှိတော့ဘူး။ ကိုယ့်နေရာမှာ ပုံမှန်လုပ်ကိုင် စားသောက်လို့ ရပြီလို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောကြားသည်။
သို့သော်လည်း စစ်ဘေးရှောင်ကျေးရွာသားများက ပုံမှန် အခြေအနေ တခုရောက်မှသာ နေရပ်ပြန်မည်ဟု တင်ပြကြ ကြောင်း သိရသည်။
“သူတို့ဘက်ကတော့ တင်ပြတာကတော့ ကျနော်တို့ တောတောင်တွေကို မှီခိုစားသောက်နေရတာ။ ဝါးခုတ်တယ်။ သစ်ခုတ်တယ်။ သံပုရာခင်းတွေ ပျိုးပြီး စားသောက်နေကြရတာ။ ပစ္စည်းလာဝယ်တဲ့ စက်လှေတွေ မရောက်ရင် ဒုက္ခရောက်မယ် အဲဒါကြောင့် ပုံမှန် အခြေအနေ တခု ရောက်အောင် စောင့်ဆိုင်းချင်တယ်လို့ ပြတင်ပြပါတယ်” ဟု ဦးသင်္ခါကျော် က ရှင်းပြသည်။
ရက္ခိုင့်တပ်မတော် (AA) နှင့် မြန်မာ့တပ်မတော်တို့ နှစ်ဘက်တိုက်ပွဲများကြောင့် ကျောက်တော်မြို့နယ် ယိုးချောင်း ဒေသတွင် စစ်ဘေးရှောင်အရေအတွက် လူဦးရေ ၁၃၀၀ ကျော်ထိ မြင့်တက်လာနေကြောင်း သတင်းရရှိသည်။
အဆိုပါ စစ်ဘေးရှောင်များသည် ကန်စောက်ကျေးရွာတွင် ၄၀၀ ကျော်၊ တောင်မင်းကုလား ကျေးရွာတွင် ၇၀၀ ကျော်၊ သလူချောင်းကျေးရွာတွင် ၈၀ ကျော်၊ င/စရိုင်းကိုင်းကျေးရွာတွင် ၁၂၀ ကျော် စုစုပေါင်း ၁၃၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရလျှက်ရှိနေကြောင်း သိရသည်။
ထွက်ပြေးလာသော စစ်ဘေးရှောင်များ အတွက်သယ်ဆောင်လာသော ဆန်အိမ်များ သယ်ဆောင်လာမှုကိုလည်း တပ်မတော်က တားဆီး စစ်ဆေး နေကြောင်း ကျေးရွာသားများ ပြောသည်။
ကျောက်တော်မြို့နယ် ကျွန်းသာယာကျေးရွာနေ ဦးလှမောင်က “လူကိုတော့ ပြန်သွားလို့ ရပြီးလို့ ပြောတယ်။ စားနပ် ရိက္ခာအတွက် ဆန်အိတ်တွေ သယ်တာကို ခွင့်မပြုဘူးဆိုတော့ ကျနော်တို့ ဘာနဲ့ စားသောက်မှာလဲ” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သော နိုဝင်ဘာလ ၃၀ ရက်နေ့မှ စတင်ကာ မြန်မာ- ဘင်္ဂလားနယ်စပ် မိုင်တိုင်အမှတ် ၆၄ အနီး၊ ဘူသီးတောင် မြို့နယ်၊ နဟန်းရွာနှင့် ဝါးနက်ရုံကြား၊ ရသေ့တောင်မြို့နယ် ရေစိုးချောင်း အနီးတို့တွင် တိုက်ပွဲကြီး တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့ကြောင်းလည်း တပ်မတော်နှင့် AA တို့က အသီးသီး သတင်း ထုတ်ပြန်ခဲ့ကြသည်။
ရက္ခိုင့်တပ်မတော် (AA) နှင့် မဟာမိတ်များဖြစ်သည့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့က ငြိမ်းချမ်းရေးအတွက် စစ်ရေး လှုပ်ရှားမှု ရပ်ဆိုင်းကာ နိုင်ငံရေးနည်းလမ်းဖြင့် လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ဒီဇင်ဘာလ ၁၂ ရက်က ထုတ်ပြန်သေးသည်။
အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်ဘက်ကလည်း ယင်းထုတ်ပြန်ချက်အပေါ် ကြိုဆိုထောက်ခံ ကြောင်းနှင့် နှစ်ဦးနှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (Bilateral Ceasefire Agreement) ရရှိရေးနှင့် နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးနိုင်ရေးကိစ္စအား ဆက်လက်ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်မည်ဟု ယင်းနေ့တွင်ပင် ကြေညာချက် ထုတ်ထားသည်။
သို့သော် ယင်းထုတ်ပြန်ချက် ထုတ်ပြန်ပြီး နောက်ပိုင်း AA နှင့် တပ်မတော်အကြား ရက်ဆက်ဆိုသလို တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်မှုများ ရှိနေကြောင်း AA ဘက်မှ ထုတ်ပြန်ထား သည်။