ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကြာအင်းဒင်ကျေးရွာတွင်နေထိုင်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ဗဟိုကော်မတီဝင် ဦးခင်သန်းမောင်မှာ ဒီဇင်ဘာလ ၂၄ ရက်နေ့ ညက သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်း ရရှိသည်။
သူသည် နေအိမ်တွင် တဦးတည်း တီဗွီထိုင်ကြည့်နေစဉ် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံလိုက်ရခြင်း ဖြစ်ကြောင်း ပါတီအထွေထွေ အတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည် ။
ဦးမျိုးကျော် က ” ရွာမှာ အလှူပွဲရှိတော့ မိသားစုဝင်တွေက အလှူသွားကြတယ်။ သူက အိမ်မှာ အစောင့်အနေနဲ့ တဦးတည်း တီဗွီထိုင်ကြည့်ပြီးကျန်ခဲ့တာ။ ည ၉ နာရီကျော်လောက်မှာ မိသားစုဝင်တွေ အိမ်ပြန်လာတဲ့အခါ သေနတ်ပစ်ခံပြီး သေဆုံးနေတာကို တွေ့တာပါ” ဟု ဧရာဝတီသို့ ပြောသည် ။
ရခိုင်ဒီမိုကရေစီအဖွဲ့အနေဖြင့်တော့ ပါတီတည်ထောင်သူ တဦးလည်းဖြစ်၊ ဗဟိုကော်မတီဝင် တဦးလည်း ဖြစ်သူအား ယင်းကဲ့သို့ အကြမ်းဖက် သတ်ဖြတ်ခံရမှုအပေါ် ပြင်းပြင်းထန်ထန် ကန်ကွက်ကြောင်းနှင့် တရားခံ ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက်လည်း တောင်းဆိုသွားမည် ဖြစ်ကြောင်း ဦးမျိုးကျော်က ဆက်လက်ပြောကြားသည် ။
ဦးခင်သန်းမောင် လုပ်ကြံသတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်ပြီး မြေပုံမြို့မ ရဲစခန်းတွင် ရာဇာသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ကာ တရားခံအား စုံစမ်း ရှာဖွေ နေကြောင်း မြေပုံမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးစန်းလွင်က ဧရာဝတီသို့ ပြောသည် ။
ဒုရဲမှူး စန်းလွင်က “ဘယ်သူ ပစ်သွားမှန်းတော့ မသိသေးဘူးဗျ။ လူသတ်မှု ၃၀၂ နဲ့အမှုဖွင့်ပြီး ကျနော်တို့ တရားခံကို.စုံစမ်းရှာဖွေနေပါတယ် ” ဟု ဧရာဝတီသို့ ပြောသည် ။