သတင်း

လက်ပံတန်း၌ အမိုးနီးယား ဓာတ်ငွေယို စိမ့်မှုကြောင့် လူ ၁၅၀ ခန့် ဘေးလွတ်ရာသို့ ပြောင်းရ

Want create site? Find Free WordPress Themes and plugins.

ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် လက်ပံတန်းမြို့ မအူကုန်းရပ်ကွက် ကံကြီးလမ်းရှိ ပုဂ္ဂလိက ပိုင် ရေခဲစက်တခု၌ ယမန်နေ့ည ၁၂ နာရီခန့်က အမိုးနီးယားဓာ့တ်ငွေများ ယိုစိမ့်မှုဖြစ်ပွားခဲ့ရာ လူ ၃ ဦး ဆေးရုံတင်ကုသခဲ့ရပြီး လူ ၁၅၀ ခန့် ဘေးလွတ်ရာ မြို့နယ်ဘောလုံးကွင်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့ ရသည်။

“ဂက်စ်ပိုက်အဆက်ကနေ ဓာတ်ငွေ့ယိုစိမ့်ပြီး ပျံ့သွားတာပါ။ ဆေးရုံတင်ရတာ ၃ ယောက်ပါ။ ဖြစ်တာ က ည ၁၂ နာရီထိုး ခါနီးလောက်မှာဖြစ်တာ။ ရပ်ကွက်ထဲကလူတွေကို ရွှေ့ပြောင်းပေးရတာတော့ မဟုတ်ဘူး သူဟာသူပြောင်းနေကြတာ။ ပေါက်ကွဲတာမဟုတ်ပါဘူး အဆက်ကနေ ဓာတ်ငွေယိုထွက် တာ။” ဟု လက်ပံတန်းမြို့နယ် မအူကုန်းရပ်ကွက် အုပ်ချုပ်ရေး မှူး ဦးသောင်းတင်က ဧရာဝတီကိုပြောသည်။

ဓာတ်ငွေယိုစိမ့်မှုဖြစ်ပွားစဉ် မီသတ်တပ်ဖွဲ့ဝင်များမှ မီးသတ်ယာဉ်သုံးစင်းဖြင့် လာရောက်ကူညီပေးခဲ့ ပြီး ရပ်ကွက်နေ ပြည်သူ များနှင့် မီးသတ်များပူးပေါင်း၍ ယိုစိမ့်နေသည့် နေရာအား ယနေ့နံနက် ၂ နာရီခွဲခန့်တွင် ပြုပြင်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

“ညက ၁၀ နာရီလောက်မှာ ပေါက်ကွဲသံတခုကြားလိုက်တယ်။ ည ၁၂ နာရီလောက်ကျတော့ အနံ့ တွေ ဝင်လာပြီး အကုန်လုံး ရပ်ကွက်ထဲက ထွက်ပြေးကြရတာ။ ကယ်ဆယ်ရေးစခန်းက မိုးလုံလေလုံ လက်ပံတန်းဘောလုံးကွင်းမှာဖွင့်တယ်။ အခုတော့ အားလုံး ကိုယ့်အိမ်ကိုယ်ပြန်နေကြပါပြီ၊ ဓာတ်ငွေ ပြယ်သွားတယ်လို့ ဘယ်သူမှ လာပြောတာမဟုတ်ဘူး။ ဘယ်သူမှလည်းသတင်းလာမပြောဘူး။ အနံ့ မနံတော့ လို့ ကိုယ့်အိမ်ကိုပြန်သွားကြတာပါ” ဟု မအူကုန်းရပ်ကွက်မှ ကိုရဲမင်း က ဧရာဝတီကိုပြော သည်။

အဆိုပါရေခဲစက်မှာ လက်ပံတန်းမြို့နယ် ကံကြီးလမ်းရှိ လူနေရပ်ကွက်အတွင် တည်ဆောက်ထားပြီး ယင်းဓာတ်ငွေယို စိမ့်မှုနှင့်ပတ်သက်၍ ရေခဲစက်ပိုင်ရှင်နှင့် စက်ရုံမန်နေဂျာတို့အား တစုံတရာ အရေး ယူဆောင်ရွက်ထားခြင်းမရှိသေးကြောင်း မအူကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှသိရသည်။

လက်ပံတန်းမြို့နယ် မြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးညွန့်က “ကျနော်တိုဆီမှာ အမှုဖွင့်မထားပါဘူး။ ရဲအရေး ပိုင်မဟုတ်ပါဘူး။ ဒီစက်ရုံဖွင့်ခွင့်ပေးထားတဲ့အဖွဲ့အစည်းတွေက တရားရုံးမှာ ဖွင့်ရမှာပါ။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက အမှုဖွင့်မယ်လို့တော့ ကြားပါတယ်” ဟု ဧရာဝတီကိုပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading