ရွေးချယ်ခြင်းမခံရသော အလုပ်သင်ဆရာဝန် ၄၆ ဦးကို ခေါ်ယူရန်အတွက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့နှင့် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဧရာဝတီသို့ ပြောသည်။
ကျန်းမာရေး ဝန်ကြီးဌာနက လက်ထောက်ဆရာဝန် ၂၀၀၀ ဦးခေါ်ယူလိုပြီး လျှောက်ထားသူစုစုပေါင်း ၁ ထောင်ကျော် ရှိသည့်အနက် အဆိုပါ ၄၆ ဦးမှာ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ဒီဇင်ဘာလ ၁၉ ရက်ရက်စွဲဖြင့် ကြေငြာချက်အရ ရွေးချယ်ခြင်း မခံခဲ့ရသူများဖြစ်ကြောင်း သိရသည်။
ဒေါက်တာ မြင့်ထွေး က “ကျနော်တို့ တရားဝင် ( ပြည်ထောင်စုရာထူးဝန်အဖွဲ့ထံ ) စာရေးပါမယ်။ ကျနေ်ာတို့ ဆရာဝန်တွေ အရမ်းလိုနေပါတယ်။ ၁ ထောင်ကျော်လျှောက်ပြီး သူတို့ အရွေးမခံရတာ သူတို့ ဘာဖြစ်လို့လဲ။ ကျနော်တို့က အကုန်ယူမှာပေါ့။ ဘာဖြစ်လို့ အကုန်မယူရမှာလဲ။ ဒီနေ့ ကျနော်လုပ်ထုံးလုပ်နည်းအတိုင်းပဲ ဒီနေ့ပဲ (စာပို့ရန်) လက်မှတ်ထိုးဖို့ ရှိပါတယ်” ဟု ဒီဇင်ဘာ ၂၄ ရက်နေ့က ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာနတွင် ကုသရေး၊ သင်ကြားရေး၊ ပြည်သူ့ကျန်းမာရေး၊ FDA စသည့်ဌာနများတွင် ဆရာဝန် လိုအပ်ချက်များ ရှိနေကြောင်း၊ ယင်းအတွက် နှစ်တနှစ်လျှင် မည်မျှခေါ်ယူဖြည့်တင်းမည်ဆိုသည့် အစီအစဉ်များဖြင့် ဆောင်ရွက်နေပြီး ယင်းပမာဏထက် လျော့နည်းပါက အဆင်မပြေကြောင်း ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဒေါက်တာ သက်ခိုင်ဝင်းက ပြောသည်။
ဒေါက်တာ သက်ခိုင်ဝင်း က “ကျနော်တို့ရဲ့ တနှစ်နဲ့ တနှစ် ဘယ်လောက်ခေါ်မယ်ဆိုတဲ့ လူ့စွမ်းအားအရင်းအမြစ် အစီအစဉ် ရှိပါတယ်။ အဲဒီအစီ အစဉ်အတိုင်းပဲ မွေးထုတ်သွားမှ ရေရှည်မှာ ကျနော်တို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းက ပြည့်ဝမှာဖြစ်ပါတယ်။ ဒီနှစ်မှာ၂၀၀ လောက်နည်းတယ်ဆိုရင် အစီအစဉ်မှာ နည်းနည်းထိခိုက်နိုင်တဲ့အတွက် ပြည်ထောင်စု ဝန်ကြီး ကလည်း အားလုံးညှိနှိုင်းပြီး ဆောင်ရွက်နေတဲ့အတွက် ဒီဟာလည်း ရမယ်ဆိုရင် ပိုပြီးကောင်းပါတယ်” ဟု ပြောသည်။
လက်ထောက်ဆရာဝန်အဖြစ် လျှောက်ထားသည့် အဆိုပါ ဆရာဝန် ၄၆ ဦးအနက်အမှ အချို့သည် ဒီဇင်ဘာလ ၂၄ ရက်က နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် လာရောက်တောင်းဆိုခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ပြန်လည်ခေါ်ယူရန် ကြိုးစားပေးမည်ဟု ကတိပေးပြောကြားခဲ့ကြောင်း သိရသည်။
“ကျန်းမာရေး ဝန်ကြီးဌာနက လိုတာကိုက ၂ ထောင်လိုတာ။ ဒါပေမယ့် အစိုးရ အလုပ်ဝင်လုပ်မယ် ဆိုပြီး ဖောင်တင်တာ က ၁၁၇၈ ယောက်ပဲတင်တယ်။ အဲဒီတော့ လိုချင်တဲ့အရေအတွက်ကိုတောင် မပြည့်တဲ့အခြေအနေမှာ ကျနော်တို့ ၄၆ ယောက်ကို ဘာလို့ ဖြုတ်တာလဲလို့ အထက်ကို ပြောပြတာပေါ့” ဟု တွေ့ဆုံခဲ့သည့် ဆရာဝန် တဦးက ပြောသည်။
“ဝန်ကြီးက ကြိုးစားနေတယ်။ ဌာနနှစ်ခုက အထက်အောက်မဟုတ်ဘူး။ ဘေးချင်းယှဉ်ရက်ဆိုတော့ ဘယ်လိုလုပ်လိုက်လို့ အမိန့်ပေးလို့မရဘူး။ အချိန်လေးစောင့်ပါ။ အကောင်းဆံုံးကြိုးစားပေးပါမယ်လို့ ပြောပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့သို့ ပြည်ထောင်စုဝန်ကြီးက ကတိပြုသည့်အတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ထံ ထပ်မံမေးမြန်း တောင်းဆိုခြင်း ပြုမည် မဟုတ်ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး လတ်တလောအခြေအနေအတွင် လူမှုကွန်ရက်စာမျက်နှာများတွင် တစုံတရာ ဝေဖန်ခြင်း မပြုသေးရန် ဝန်ကြီးက မေတ္တာရပ်ခံခဲ့သည့်အတွက် ၎င်းတို့က လိုက်နာသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အောက်ရှိ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနတို့တွင် လစ်လပ်လျှက်ရှိသော လက်ထောက်ဆရာဝန် ရာထူး ၂၀၀၀ နေရာအတွက် ဦးစီးအရာရှိ (သွားကျန်းမာ) ရာထူး ၁၅၀ နေရာအတွက် လျှောက်လွှာခေါ်ယူခဲ့ရာ လက်ထောက် ဆရာဝန်ရာထူးအတွက် ၁၁၇၈ ဦး၊ ဦးစီးအရာရှိရာထူးအတွက် ၁၂၁ ဦးတို့ လျှောက်ထားခဲ့ကြောင်း သိရသည်။
လျှောက်ထားသူများအား နေပြည်တော်တွင် လူတွေ့စစ်ဆေးခြင်းကို အောက်တိုဘာလ ၂၁ ရက်မှ ဒီဇင်ဘာလ ၅ ရက်အထိ နေပြည်တော်တွင် စစ်ဆေးခဲ့ရာ လက်ထောက်ဆရာဝန်ရာထူးနေရာတွက် ပျက်ကွက်သူ ၁၄၅ ဦး၊ ဦးစီးအရာရှိ ရာထူးနေရာ အတွက် ပျက်ကွက်သူ ၉ ဦးရှိခဲ့ကြောင်း ရာထူးဝန်အဖွဲ့က ထုတ်ပြန်ခဲ့သည်။
အဆိုပါ လူတွေ့စစ်ဆေးမှုခံယူခဲ့သည့် ဦးစီးအရာရှိ ၁၁၂ ဦးတွင် ၁၁၂ ဦးလုံးကို ရွေးချယ်ခံရပြီး လက်ထောက်ဆရာဝန် ၁၀၃၃ ဦးအနက် ၉၈၇ ဦးကိုသာ ရွေးချယ်ခံရခြင်းဖြစ်ကြောင်း သိရသည်။