မန္တလေး ရတနာပုံတက္ကသိုလ် ကုန်ထုတ်ဓာတုဗေဒ နောက်ဆုံးနှစ် ကျောင်းသားဖြစ်သူ မောင်စိုးမိုးဟိန်းမှာ ဓားထိုးခံရ၍ ဒီဇင်ဘာလ ၂၅ ရက်က သေဆုံးခဲ့ကြောင်း အမရပူရ မြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ဧရာဝတီသို့ အတည်ပြုပြော သည်။
ဖြစ်စဉ်မှာ ယမန်နေ့ည ၇နာရီ ခွဲခန့်က အသတ်ခံရသူ မောင်စိုးမိုးဟိန်းမှာ ရည်းစားဖြစ်သူ မခိုင်ဇင်ဝေနှင်းနှင့် တောင် သမန် အင်း ကန်ပတ်လမ်း တာရိုးပေါ်ရှိ အုတ်ခုံပေါ်တွင် ထိုင်နေစဉ် အမည်မသိ လူလေးဦး ဆိုင်ကယ်ဖြင့် ရောက်လာပြီး အကူ အညီ တောင်းချင်ပါသည်ဟု ပြောဆို၍ မောင်စိုးမိုးဟိန်း၏ ဘယ်ဘက်ရင်ညွန့်သို့ ဓားဖြင့် ထိုးခြင်းဖြစ်ပြီး၊ မန္တလေး ပြည်သူ့ ဆေးရုံတွင် ကုသမှု ခံယူနေစဉ် ည ၁၀ နာရီခန့်၌ သေဆုံးခြင်း ဖြစ်သည်။
အမရပူရမြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိက “လောလောဆယ်တော့ အတူပါတဲ့ ကောင်မလေးကို စစ်ဆေးနေတုန်းပါပဲ။ တရားခံတွေက ဘယ်သူပါလို့ကို မပြောနိုင်ပါဘူး။ တရားခံတွေကို ဖမ်းဆီးရ မိဖို့အတွက် လိုက်လံ စုံစမ်းနေဆဲပါပဲ” ဟု ပြော သည်။
အမည်မသိသူများက မောင်စိုးမိုးဟိန်းအား ဓားဖြင့် ထိုးနေစဉ် မခိုင်ဇင်ဝေနှင်းက အော်ဟစ်၍ ပတ်ဝန်းကျင်အား အကူအညီတောင်းခဲ့ရာ အမည်မသိ ၄ ဦးအနက်မှ ၁ ဦးက ၎င်းအား ပါးစပ်ပိတ် ဟန့်တားရာမှ မောင်စိုးမိုးဟိန်းနှင့် မခိုင်ဇင်ဝေနှင်း တို့ နှစ်ဦးလုံးမှာ အင်းအတွင်းသို့ ပြုတ်ကျခဲ့သည်။
ထိုသို့ ပြုတ်ကျစဉ် အခြားသူ တဦးက အင်းအတွင်း ဆင်းလာကာ မောင်စိုးမိုးဟိန်း၏ ဝဲဘက် တင်ပါး ဆုံနေရာအား ဓားဖြင့် ထပ်ထိုးခဲ့ရာ အော်ဟစ်သံများကြောင့် ပတ်ဝန်းကျင်အနီးမှ သူများ ရောက်လာ စဉ် အဆိုပါ အမည်မသိလူလေးဦးမှာ ထွက်ပြေးသွားခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
မောင်စိုးမိုးဟိန်းမှာ ဘယ်ဘက်ရင်ညွန့်နှင့် ဝဲဘက်တင်ပါးဆုံမှ ရရှိခဲ့သည့် ထိုးသွင်းဒဏ်ရာများကြောင့် ဆေးကုသမှု ခံယူနေစဉ်အတွင်းပင် သေဆုံးခြင်း ဖြစ်သည်။
မန္တလေးခရိုင်ရဲတပ်ဖွဲ့မှ ခရိုင်ရဲတပ်ဖွဲ့မှုး ဒုရဲမှုးကြီးမျိုးအောင်က “လုယက်မှု ကျုးလွန်တယ်လို့ ယူဆရတာပေါ့။ ဘာကြောင့် ဆိုတာကိုတော့ အတိအကျပြောလို့ မရသေးပါဘူး။ ကောင်လေးကတော့ ဆေးရုံကြီးကိုရောက်ပြီး ဆယ်နာရီလောက်မှာပဲ သေဆုံးသွားခဲ့တယ်” ဟု ဧရာဝတီကို ပြောသည်။
လက်ရှိတွင် မောင်စိုးမိုးဟိန်း သေဆုံးမှုနှင့်ပတ်သက်၍ ကျူးလွန်ခဲ့သူများကို အမရပူရ မြို့မရဲစခန်း တွင် လူသတ်မှုနှင့် ပူးပေါင်းကျူးလွန်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ထားသည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း မန္တလေးတိုင်း၊ ကျောက်ဆည်ရှိ အစိုးရ စက်မှုလက်မှုသိပ္ပံ (GTI) နောက်ဆုံးနှစ် ကျောင်းသား မောင်နေမင်းထက်မှာလည်း သူငယ်ချင်းဖြစ်သူနှင့် ဆိုင်ကယ်စီးလာစဉ် လူလေးဦးက ဝိုင်းဝန်းထိုးကြိတ်ကာ ဓားဖြင့် ထိုးခဲ့သည့်အတွက် ဆေးရုံသို့ ကုသမှုခံယူရန်အသွား၊ လမ်းတွင်ပင် သေဆုံးခဲ့ရဖူးသည်။
ယင်း GTI ကျောင်းသား သေဆုံးမှု ကျူးလွန်သူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီးနောက် နိုဝင်ဘာလ ၁၉ ရက်တွင် သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
ဆက်စပ်သတင်း
ကျောက်ဆည် GTI ကျောင်းသား အသတ်ခံရမှု သေဒဏ်နှင့် နှစ်ရှည် ထောင်ဒဏ် ချမှတ်