သတင်း

ရှမ်း လက်နက်ကိုင် နှစ်ဖွဲ့ တိုက်ပွဲကြောင့် သီပေါ ဒေသခံ ၇၀၀ ခန့် တိမ်းရှောင်ရ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် နားမခေါ် ကျေးရွာအုပ်စု အတွင်း ရှမ်းတိုင်းရင်းသား လက်နက်ကိုင် နှစ်ဖွဲ့ တိုက်ပွဲကြောင့် ဒေသခံ ၇၀၀ ခန့် တိမ်းရှောင်နေရသည်ဟု သတင်း ရရှိသည်။

ရှမ်း လက်နက်ကိုင် နှစ်ဖွဲ့ဖြစ်သည့် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့ ဒီဇင်ဘာလ ၂၄ ရက်မှစ၍ နားမခေါ် ကျေးရွာအုပ်စု အတွင်းရှိ တွန်ကျိုင်း ကျေးရွာတွင် တိုက်ပွဲများ ဖြစ်ပွားနေကာ တွန်ကျိုး၊ ဟိုနား၊ နိုင်းလုံနှင့် မန်ဟုံကျေးရွာတို့မှ ဒေသခံ ၆၈၆ ဦး နားမခေါ် ကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ခိုလှုံနေရခြင်း ဖြစ်သည်ဟု သိရသည်။

နားမခေါ် စစ်ဘေးရှောင်စခန်း တာဝန်ခံ တဦးဖြစ်သူ ဦးစိုင်းထွန်းအေးက “၂၄ ရက်၊ ညနေ ၄နာရီမှာ ပထမဆုံး တွန်ကျိုင်း ရွာက တသုတ် ပြေးလာတယ်။ နောက် ၇ နာရီမှာ တသုတ် ထပ်ရောက်လာတယ်။ နောက် ဆက်တိုက် ဆက်တိုက် ပြေးလာကြတာ ၂၅ ရက်က တအားများလာတယ်”ဟု ဧရာဝတီကို ပြောသည်။

၎င်းက ဆက်လက်ပြီး “အနွေးထည်မပါ၊ အိပ်ယာခင်းမပါ ရောက်လာတာ ၁၀ ယောက် ကျော်လောက် ဆိုတော့ ဒီကနေ စီစဉ်ပေးထားတယ်။ နောက်ပိုင်းလာတဲ့ လူတွေကတော့ အခင်းတွေ၊ ပစ္စည်းတွေ ပါလာကြတယ်။ ပထမဆုံး ပြေးလာတဲ့ တွန်ကျိုင်းကတော့ ပစ္စည်းဝင်ယူဖို့လည်း ခက်တယ်။ ရွာထဲမှာ တိုက်ပွဲက ဖြစ်တာ”ဟု ပြောဆိုသည်။

ဒီဇင်ဘာ ၂၆ ရက်တွင်မူ ပစ်ခတ်သံများ ငြိမ်သွားပြီဟု သိရသော်လည်း စစ်ဘေးရှောင်လာသူများမှာ အိမ်ပြန်ရန် စိတ် မချရသေးသည့် အတွက် နားမခေါ်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင်ပင် ဆက်လက် ခိုလှုံနေဆဲ ဖြစ်သည်။

တိုက်ပွဲ ဖြစ်ပွားမှု အခြေအနေနှင့် ပတ်သက်၍ SSPP သတင်းနှင့် ပြန်ကြားရေး တာဝန်ခံများထံ မေးမြန်းရန် ဖုန်းဖြင့် ဆက်သွယ် ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

သို့သော် SSPP သတင်းနှင့် ပြန်ကြားရေးဌာန၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင်မူ RCSS သည် အစိုးရနှင့် ပူးပေါင်း ပြီး တွန်ကျိုင်းရွာ အနောက်ဘက်ရှိ SSPP ယာယီ တပ်စခန်းအား ဝင်ရောက် တိုက်ခိုက်ကာ ဒီဇင်ဘာ ၂၄ ရက် နံနက် ပိုင်းက စခန်းကို သိမ်းယူသွားပြီး တပ်မတော် အမှတ် ၁၄၇ ခြေမြန် တပ်ရင်းမှ လက်နက်ကြီးများဖြင့် ကူပစ်ပေးကာ တိုက်ခိုက်ခဲ့သည်ဟု ရေးသားထားသည်။

ဒီဇင်ဘာ ၂၄၊ ၂၅ ရက်တွင် တွန်ကျိုင်းရွာအနီး SSPP နှင့် တိုက်ပွဲဖြစ်ပွားခြင်း မှန်ကန်ပြီး ဒီဇင်ဘာ ၂၆ ရက်တွင်မူ တိုက်ပွဲများ ငြိမ်သက်နေပြီ ဖြစ်ကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဦးက ဧရာဝတီကို ပြောသည်။

၎င်းက ဆက်လက်ပြီး“သူတို့ (SSPP) သတင်းထဲမှာ ကျနော်တို့ကို တပ်က ကူတိုက်ပေးတယ်ဆိုတာ မဟုတ်ပါဘူး”ဟု လည်း ငြင်းဆိုသည်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး မလုပ်ရသေးသည့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များနှင့် အပစ်ရပ်စာချုပ် ချုပ်ဆို နိုင်ရေး ဆွေးနွေးရန် မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်ပိုင်းတိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်းတိုင်းနှင့် တြိဂံ တိုင်း စစ်ဌာနချုပ် နယ်မြေများတွင် ယခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်အထိ စစ်ရေး လှုပ်ရှား မှုများ ပြုလုပ်မည် မဟုတ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ကြေညာထားသည်။

SSPP သတင်းနှင့် ပြန်ကြားရေးဌာန ရေးသားချက်နှင့် ပတ်သက်၍ တပ်မတော် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး၊ ညွှန်ကြားရေးမှူးရုံးမှ အမည်မဖော်လိုသူ အရာရှိတဦးက“တပ်မတော် အနေနဲ့က ဘယ်ဘက်မှ ပါစရာ အကြောင်း မရှိပါဘူး။ အကုန်လုံးက အတူတူပဲ။ EAOs (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့) တွေပါပဲ။ လက်တွေ့မှာ လည်း ပါတဲ့ အခြေအနေ မရှိပါဘူး”ဟု ဧရာဝတီကို ပြောသည်။

RCSS သည် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးပြီးနောက်ပိုင်း နယ်မြေချဲ့ထွင်မှု များ လုပ်ဆောင်နေသည့် အတွက် အခြား လက်နက်ကိုင် အဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်နေသည်ကို သိရှိကြောင်း၊ NCA သဘောတူညီချက်တွင် ပါဝင်သည့် နယ်မြေ သတ်မှတ်ထားမှုထက် တိုးချဲ့နေသည်ကို မလုပ်ဆောင်ရန် တပ်မတော် ဘက်မှ သီးသန့် သတိပေးဖူးကြောင်းလည်း ဆိုသည်။

အထက်ပါ အရာရှိက ဆက်လက်ပြီး“ကူပေး မပေးက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က NCA နှစ်ပတ်လည်နေ့မှာ တခြား EAOs တွေကိုတောင် မပြောဘူး။ RCSS က နယ်မြေတိုးချဲ့နေတယ်ဆိုပြီး ရည်ညွှန်းပြီး ပြောလိုက်သေးတယ်။ ပူးပေါင်းနေတယ်၊ မပူးပေါင်းတယ်ဆိုတာ အဲဒီမှာသာ ကြည့်လိုက်တော့။ ပူးပေါင်းစရာ အကြောင်းကို မရှိဘူး”ဟု ပြော ပြောသည်။

ဒီဇင်ဘာ ၁၀ ရက်ကလည်း RCSS နှင့် SSPP ကြား တိုက်ပွဲများကြောင့် တွန်ကျိုင်း၊ ဟိုနား၊ နိုင်းလုံနှင့် မန်ဟုံရွာမှ ဒေသခံ များမှာ နားမခေါ်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် တပတ်ခန့် လာရောက် ခိုလှုံခဲ့ရဖူးသည်။

သီပေါမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခမ်းမောင်က“အမှန်ကတော့ မဖြစ်သင့်ဘူးဗျာ။ အခုလိုဖြစ် ရင် ပြည်သူတွေပဲ နေရထိုင်ရ ခက်တယ်။ အခုရာသီဆိုတာလည်း သီးနှံတွေသိမ်းတဲ့ ရာသီ။ ပြည်သူတွေက ဒုက္ခ ရောက် တယ်”ဟု ပြောသည်။

RCSS သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ထိုင်း-မြန်မာနယ်စပ် လွယ်တိုင်းလျန်းတွင် ဌာနချုပ်ဖွင့်လှစ် လှုပ်ရှားနေခြင်း ဖြစ်ပြီး NCA လက်မှတ်ထိုးပြီး ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှစကာ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ SSPP နှင့် ပလောင် (တအာန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်များ လှုပ်ရှားသည့် နယ်မြေများ အတွင်း ဝင်ရောက် အခြေချလာခြင်း ဖြစ်သည်။
ယင်းသို့ နယ်မြေချဲ့ထွင်မှုကြောင့် ၂၀၁၆ ခုနှစ်မှစကာ SSPP, TNLA တို့နှင့် တဖွဲ့ချင်း ထိတွေ့မှုများ ရှိခဲ့ပြီး ၂၀၁၈ ခုနှစ် သြဂုတ်လတွင် SSPP နှင့် TNLA တို့ မဟာမိတ်ဖွဲ့လိုက်သည့်အတွက် ယင်းပူးပေါင်းတပ်ဖွဲ့ဖြင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိသည်။

ဒေသတွင်း နယ်မြေအခြေပြု တိုက်ပွဲများ ရပ်ဆိုင်းနိုင်ရေး အတွက် RCSS၊ SSPP နှင့် TNLA ခေါင်းဆောင်များကြား ညှိနှိုင်းမှုများ ရှိခဲ့သော်လည်း ယခုအချိန်အထိ ပြေလည်ခြင်း မရှိသေးပေ။

Did you find apk for android? You can find new Free Android Games and apps.
Loading