ရိုက်တာ သတင်းထောက် နှစ်ဦးထောင်ချောက်ဆင် ဖမ်းဆီးခံရကြောင်း ဖော်ထုတ်ဖွင့်ချနောက် ထောင်ဒဏ် တနှစ် ချမှတ် ခံထားရသည့် ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်မှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့ပြန်လွတ်ရန် သေချာမှုမရှိကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။
ဦးမိုးရန်နိုင် ၏ ဇနီး ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန် အခြေစိုက် သတင်းမီဒီယာ အချို့နှင့် လူမှုကွန်ရက် Facebook ပေါ်တွင် ၂ ရက်နေ့ လွတ်မည်ဟု ရေးသားပြောဆိုနေကြသော်လည်း အင်းစိန်အကျဉ်းထောင် တာဝန်ရှိသူ တဦးက ယင်းနေ့ လွတ်မည့် စာရင်းတွင် ဦးမိုးရန်နိုင်ကို မတွေ့ရဟုဆိုသည်။
အင်းစိန်အကျဉ်းထောင် တာဝန်ရှိသူတဦး က “သူ ၂ ရက်နေ့လွတ်မယ်ဆိုတာ မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ အဲ့ရက်လွတ်မှာ မဟုတ်ပါဘူး၊ စာရင်းထဲလဲ မပါပါဘူး၊ လွတ်မယ့်ရက်အတိအကျ မသိရသေးဘူး၊ အထူးလျော့ရက် တင်ပြထားတာလဲ မကျလာသေးပါဘူး” ဟု ဧရာဝတီသို့ ယနေ့ မွန်းလွဲပိုင်းက ပြောသည်။
ဦးမိုးရန်နိုင်အနေဖြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်တွင် ပြန်လွတ်မည်ဖြစ်သော်လည်း ရက်အတိအကျအား ယခုလကုန်ရက်မှသာ ပြောနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။
ယနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းကလည်း ဦးမိုးရန်နိုင်ထံသို့ ဇနီးဖြစ်သူနှင့် သမီးငယ်တို့ ထောင်ဝင်စာ သွားရောက် တွေ့ဆုံခဲ့ပြီး ဦးမိုးရန်နိုင်မှ ဇန်နဝါရီ ၂ ရက်နေ့တွင် ပြန်လွတ်မည့်အကြောင်း ပြောဆိုခဲ့သည်ဟု မတူးတူးက ဧရာဝတီသို့ ပြောသည်။
မတူးတူး က “၂ ရက်နေ့ပြန်လွတ်မယ်လို့ သူကပြောတယ်၊ ပြန်လွတ်တော့မယ်ဆိုတော့ ပျော်တာပေါ့၊ အတိအကျ လွတ်မလွတ်ကတော့ ထောင်က တာဝန်ရှိသူတွေကတော့ ပိုသိမှာပေါ့” ဟု ပြောသည်။
ဦးမိုးရန်နိုင်သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ကတည်းက ထိန်းချုပ်ခံရကာ ရဲခုံရုံးအဖွဲ့ဖြင့် စစ်ဆေးမှုများပြုပြီးနောက် ဧပြီလကုန်ပိုင်းတွင် ရဲစည်းကမ်းထိန်းသိမ်းရေးအက်ဥပဒေ ပုဒ်မ ၁၆(ခ)/၂၂ ဖြင့် ထောင်ဒဏ် တနှစ်ချမှတ် ခံခဲ့ရခြင်းဖြစ်သည်။
ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း ရက်ပေါင်း ၁၂၀ ကျော်ကြား ဦးမိုးရန်နိုင်အနေဖြင့် မိသားစု၊ ရှေ့နေများနှင့် တွေ့ဆုံခွင့် မရသကဲ့သို့ ပြစ်ဒဏ်အတွက် ချုပ်ရက်များလည်း ခံစားခွင့်မရခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့၏ ထောင်ချောက်ဆင် ဖမ်းဆီးမှုအကြောင်း တရားခွင့်အတွင်း ဖွင့်ချထွက်ဆိုခဲ့သည့် ဦးမိုးရန်နိုင်အား Pen Myanmar အဖွဲ့က လွတ်လပ်စွာ ရေးသားထုတ်ဖော် ပြောဆိုခွင့်ကို ထူးချွန်စွာကာကွယ်ကျင့်သုံးသူ နိုင်ငံ့ဝန်ထမ်းဟောင်း အဖြစ် ဂုဏ်ပြုဆုကို ဒီဇင်ဘာ ၂၂ ရက်နေ့က ပေးအပ်ခဲ့သည်။