သတင်း

အိမ်အကူ မကရင်မအမှု ရုံးချိန်းရက် မစစ်ဆေးနိုင်

Want create site? Find Free WordPress Themes and plugins.

အိမ်အကူ မကရင်မ အမှုတွင် စစ်ဆေးခဲ့သည့် အမှုစစ် ရဲအရာရှိကိုယ်စား လာရောက် စစ်ဆေးခံသည့် ရဲအရာရှိကို ယနေ့ ရုံးချိန်းတွင် စစ်ဆေး မေးမြန်းမှုများ ပြုလုပ်နိုင်ခြင်းမရှိဘဲ လာမည့်ရုံးချိန်းသို့ ချိန်းဆိုလိုက်သည်။

အမှုစစ် ရဲအရာရှိကို စစ်ဆေးရန်အတွက် တရားရုံးအား တင်သွင်းရန် လိုအပ်သည့် မှတ်တမ်းတချို့ ဥပဒေအရာရှိက အဆင် သင့်ပါရှိ မလာသောကြောင့် ရုံးချိန်းထပ်မံ ချိန်းဆိုခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန် တောင်ပိုင်းခရိုင် တရားရုံး က သိရ သည်။

ဒီဇင်ဘာ ၂၆ ရက်နေ့က တောင်ပိုင်းခရိုင် တရားရုံးတွင် ရန်ကုန်တိုင်း တွံတေး မြို့နယ် ခလောက်ချိုက် ရဲစခန်းမှ အမှုစစ် ရဲအရာရှိ ဒုရဲမှူး မြင့်ဇော်ကို စစ်ဆေးရန် ဖြစ်သည်။

ထိုသို့ စစ်ဆေးနိုင်ရန် အတွက် တရားလိုပြသက်သေ တဦးဖြစ်သည့် ရန်ကုန်တိုင်း ထောက်ကြန့် မြို့နယ်မှ ရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးအေးသွင်ကို စက်တင်ဘာလ ၂၀ ရက်နေ့ က စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ရာ ရဲထံ ထွက်ချက် နှင့် တရားရုံးတွင် ထွက်ချက် ကွဲလွဲနေမှုအား တရားရုံးတွင် သက်သေအဖြစ် တင်သွင်းရမည်ဖြစ်ရာ ယင်း သက်သေ ထွက်ချက်ကို ဥပဒေအရာရှိက မတင်ပြနိုင်ခြင်း ဖြစ်သည်။

တရားလိုရှေ့နေ ဒေါ်စန်းစန်မြင့်က“အခုကျန်ခဲ့တာက ထောက်ကြန့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးသွင်ကို မေးတဲ့ အခါ မှာ ရဲထံမှာ ထွက်တဲ့ ထွက်ဆိုချက်ရယ် တရားရုံးမှာ ထွက်တဲ့ ထွက်ဆိုချက်ရယ်က မကိုက်ညီဘူး ကွဲလွဲနေတယ်။ ကွဲလွဲနေတဲ့ အတွက်ကြောင့်မို့လို့ ဥပဒေအရ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၆၂ နဲ့ တိုက်ဆိုင် စစ်ဆေးခွင့်ရှိ တယ်”ဟု ရှင်းပြသည်။

ဆက်လက်ပြီး“အဲဒါကိုတိုက်ဆိုင် စစ်ဆေးထားတယ်။ ၁၆၂ နဲ့ တိုက်ဆိုင်စစ်ဆေးထားတဲ့ သက်သေထွက်ချက်တွေကို IO (အမှုစစ် ရဲအရာရှိ) နဲ့ သက်သေခံ သွင်းရတယ်။ ဥပဒေအရာရှိကလည်း သက်သေခံသွင်းဖို့ အဆင်သင့် မရှိထား သေးဘူး၊ အဲဒါကို သက်သေခံ သွင်းပြီးတဲ့ အချိန်ကျတော့မှ တဖက်က ရှေ့နေက သက်သေခံတဲ့ ထွက်ချက်အပေါ်မှာ ပြန်လှန် မေးခွန်း မေးလို့ရတာ”ဟု ၎င်းက ပြောဆိုသည်။

အိမ်အကူ မကရင်မအမှုကို ကိုယ်တွယ်စစ်ဆေးခဲ့သည့် ခလောက်ချိုက် ရဲစခန်းမှ ရဲအုပ် မျိုးချစ်ဆွေသည် မန္တလေးမြို့ တွင် ရဲအရာရှိသင်တန်း တက်ရောက်နေသည့်အတွက် အမှုစစ်ရဲအရာရှိ ဒုရဲမှူး မြင့်ဇော် အား ၎င်းကိုယ်စား စစ်ဆေးရန် ဖြစ်သည်။

အသက် ၃၈ နှစ်အရွယ် သေဆုံးသူ မကရင်မမှာ လှည်းကူးမြို့နယ်၊ အင်းတိုင် သံချပ်ကာတပ်ရင်း အရာရှိ ရိပ်သာရှိ တပ်မတော် အရာရှိ တဦးနေအိမ်တွင် အိမ်အကူ လုပ်ကိုင်ခဲ့သူဖြစ်ကာ ကလေး ၄ ဦး၏ မိခင်လည်း ဖြစ်သည်။

အိမ်အကူ မကရင်မသည် ဝမ်းဗိုက်ဒဏ်ရာကြောင့် အူပေါက် သေဆုံးခြင်း ဖြစ်ကြောင်း တွံ့တေးမြို့နယ် ပြည်သူ့ ဆေးရုံ မှ လက်ထောက်ဆရာဝန် ဒေါက်တာ လှိုင်သူဝင်းက တောင်ပိုင်းခရိုင်တရားရုံးတွင် ထွက်ဆိုထားသည်။

မကရင်မ သေဆုံးမှုနှင့် ပတ်သက်၍ သံသယရှိသူ အရာရှိကတော် ဒေါ်သိင်္ဂီစုကို လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆို ထားသည်။

ယနေ့ ရုံးချိန်းသည် ၂၁ ကြိမ်မြောက် ရုံးချိန်းဖြစ်ကာ လာမည့်ရုံးချိန်းကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့သို့ ချိန်းဆို ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading