ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်ရှိ နောင်ချိုကျေးရွာအနီးတွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) နှင့် ပအို့ဝ်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့အကြား ဒီဇင်ဘာလ ၂၆ ရက်က တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု PNLO ဘက်မှ သိရသည်။
နောင်ချိုကျေးရွာမှာ မိုင်းပန်မြို့နယ်၊ နားမွန်ကျေးရွာအုပ်စုတွင် ပါဝင်ကာ ကျေးရွာအတွင်း PNLO တပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားစဉ် RCSS တပ်ဖွဲ့ဝင်များ ဝင်ရောက်လာသည့်အတွက် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း PNLO တောင်ကြီး ဆက်ဆံရေးရုံး တာဝန်ခံနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ခွန်မင်းသိမ်း က
ခွန်မင်းသိမ်း က “မနေ့က တိုက်ပွဲကတော့ ည ၈ နာရီမှာပေါ့နော်။ နောင်ချိုရွာနားမှာ ကျနော်တို့ တပ်စိပ် တစိပ် ရွာနားဘေးမှာ လုံခြုံရေးယူတယ်၊ အဲဒီလို လုံခြုံရေးယူတဲ့အချိန်မှာ RCSS က တပ်သားတွေကလည်း တက်လာတော့ အဲဒါနဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်တဲ့ သဘောပါပဲ” ဟု ဧရာဝတီသို့ ပြောသည်။
သို့သော် RCSS ဘက်ကမူ နားမွန်ကျေးရွာအုပ်စုအတွင်းရှိ စာစီတောင်ကြောတွင် စခန်းချထားသည့် RCSS/SSA တပ်စခန်းအား တပ်မတော်မှ အမှတ် ၂၉၆ ခြေလျင်တပ်ရင်းနှင့် PNLO ပူးပေါင်းတပ်ဖွဲ့ စုစုပေါင်း အင်အား ၆၀ ခန့်က ဒီဇင်ဘာလ နံနက် ၉ နာရီကျော်ခန့်က ထိုးစစ်ဆင် တိုက်ခိုက်လာ၍ တိုက်ပွဲဖြစ်ရခြင်း ဖြစ်ကြောင်း ၎င်းတို့ပိုင် Tai-freedom တွင် ဖော်ပြထားသည်။
ခွန်မင်းသိမ်း က “မဟုတ်ပါဘူး။ ဒါက နိုင်ငံရေးအရ သိက္ခာချတာပါ။ ဘယ်လိုလုပ် ပေါင်းလို့ရမလဲ၊ ပေါင်းတာလည်း ဘယ်တော့မှ မရှိခဲ့ပါဘူး။ အဲဒါ နိုင်ငံရေးအရ တမင်တကာ သိက္ခာချတာ” ဟု တုံ့ပြန်သည်။
လက်ရှိတွင် မိုင်းပန်မြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲများ မရှိတော့သော်လည်း စစ်ရေးတင်းမာနေဆဲဖြစ်၍ တွေ့ဆုံဆွေးနွေးရန် သဘောထားများ ရှိကြောင်း ဧရာဝတီ၏ မေးမြန်းမှုများအရ သိရသည်။
RCSS ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းမိဏ်း က “ကျနော်တို့ ဒီကြားထဲမှာ ညှိနှိုင်းပြီးဖြေရှင်းဖို့ ရှိတယ်။ ကျနော်တို့လည်း ကိုယ်စားလှယ်တွေ လွတ်ပြီးတော့ သူတို့နဲ့ တွေ့ဆုံတာတွေ ရှိတယ်။ ပြီးတော့ အရင်ကတည်းက ကျနော်တို့ အဆက် အသွယ် တွေလည်း ရှိတာပေါ့။ ကျနော်တို့ အရင်ကလည်း JMC ထဲမှာ အတူတူရှိတာပေါ့နော်။ ပြီးတော့ ကျနော်တို့ PPST မှာလည်း အမြဲတမ်းတွေ့နေကြဆိုတော့ ပြင်ပကနေ ချိန်းပြီးတော့ တွေ့ဆုံတာမျိုးတော့ မရှိသေးဘူး”ဟု ပြောသည်။
PNLO တောင်ကြီးဆက်ဆံရေးရုံး တာဝန်ခံ ခွန်မင်းသိမ်းက “ကျနော်တို့လည်း သူတို့ကို ကမ်းလှမ်းတာ မရှိသေးသလို၊ သူတို့လည်း ကျနော်တို့ကို ကမ်းလှမ်းလာတာ မရှိသေးဘူး။ ကမ်းလှမ်းတာ၊ တွေ့ဖို့ရှိလားဆို ကျနော်တို့က သဘောထားတော့ ရှိပါတယ်” ဟု ဆိုသည်။
RCSS နှင့် PNLO အကြား ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက တိုက်ပွဲများ စတင်ဖြစ်ပွားလာခြင်းဖြစ်ကာ နားမွန်ကျေးရွာ အုပ်စု၊ ပန်ပီးကျေးရွာ ဘုန်းကြီးကျောင်းမှာ နိုဝင်ဘာလ ၇ ရက်က မီးလောင်ခဲ့ပြီး ကိုရင် ၂ ပါး ပျံလွန်ကာ ၂ ပါး ဒဏ်ရာရရှိခဲ့ပြီး လက်နက်ကိုင်အဖွဲ့ လက်ချက်ဟု ဒေသခံများက ပြောဆိုနေကြသည်။
ထို့ပြင် ဒီဇင်ဘာလ ၁၁ ရက်ကလည်း လွိုင်လင်မြို့နယ်၊ နားဟူး (ဆိုင်းငင်း) ကျေးရွာတွင် RCSS နှင့် ပအို့ဝ်အရပ်ဘက် အဖွဲ့အစည်းများ အဆိုအရ ပဋိပက္ခ ဖြစ်ပွားကာ လူ ၅ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်။ သို့သော် အရပ်သားများမှာမူ ထမ့်စမ်းဂူ ကိုရင်လေး တပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု RCSS က တုံ့ပြန်ထားသည်။
ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ပအို့ဝ်လူမျိုးနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်းကာ လူဦးရေ ၅၀၀၀ ကျော်ဖြင့် ဒီဇင်ဘာလ ၂၁ ရက်တွင် ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ဆန္ဒထုတ်ဖော်ခဲ့သေးသည်။
အဆိုပါကိစ္စများအတွက် RCSS တောင်ကြီး ဆက်ဆံရေးရုံး ကိုယ်စားလှယ်များက PNLO ကိုယ်စားလှယ်များနှင့် တောင်ကြီးမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ပြေလည်မှု မရှိခဲ့ကြောင်း သိရသည်။
RCSS ဒုဗိုလ်မှူးကြီးစိုင်းမိဏ်း က “အဲဒီတုန်းကလည်း သူတို့က တင်းတင်းမာမာနဲ့ပဲ ကျနော်တို့ကို ဆက်ဆံပါတယ်။ ဒါပေမယ့် နားလည်မှု ကွဲလွဲနေပြီး ဖြစ်တဲ့ ပြဿနာတွေကြောင့်လည်း ကျနော်တို့ ကိုယ်စားလှယ်တွေကလည်း သူတို့ကလည်း သည်းခံပြီးတော့ အထက်ကိုပဲ ပြန်တင်ပြတာပေါ့နော်။ ဒီပြဿနာတွေ ထပ်ပြီးတော့ မရှည်အောင်ပေါ့။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ လည်းဆွေးနွေးသွားရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
RCSS နှင့် PNLO တို့သည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် အဖွဲ့များဖြစ်ကာ ယင်းစာချုပ်အရ ဖွဲ့စည်းထားသည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) တွင်လည်း ပါဝင်ကြသည်။
ထို့ပြင် NCA လက်မှတ်ထိုး ၁၀ ဖွဲ့အနက် ၈ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တွင်လည်း အဖွဲ့ဝင်များ ဖြစ်သည်။