အထက်အဆင့်ဆင့် ညွှန်ကြားချက်ကြောင့်ဟု ဆိုကာ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက် မြန်မာပြည်) တွင် ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲ ဖျက်သိမ်းလိုက်ကြောင်း သတင်းသွား ယူသည့် မန္တလေး အခြေစိုက် သတင်းသမားများက ပြောသည်။
“အစိုးရသစ်လက်ထက် ဗဟိုဝန်ထမ်း တက္ကသိုလ်၏ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ” ခေါင်းစဉ်ဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း နေပြည်တော် ပြန်ကြားရေး ဝန်ကြီးရုံးက တဆင့် သတင်း မီဒီယာသမားများအား ဒီဇင်ဘာလ ၂၄ ရက်က ကြိုတင် ဖိတ်ကြားထားခြင်း ဖြစ်သည်။
“ဒီကနေ့ စီစဉ်ထားတဲ့ ဇီးပင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ်ရဲ့ သတင်းစာရှင်းလင်းပွဲက ပျက်သွားခဲ့ပါတယ်။ အဲဒီက တာဝန်ရှိသူတွေ ပြောတာကတော့ အထက်အဆင့်ဆင့်က ပြုလုပ်ဖို့ ခွင့်ပြုချက်မရတာကြောင့် မလုပ်ဖြစ်တော့ဘူးလို့ပဲ ဖြေပါတယ်။ ဒီရောက်ပြီးမှ ပွဲပျက်ဆိုတော့ အချိန်ကုန် လူပန်းဖြစ်ခဲ့ပြီး လှည့်ပြန်ခဲ့ရတယ်” ဟု ပြည်တွင်း အခြေစိုက် The Voice မီဒီယာမှ သတင်းထောက် ကိုနိုင်ဝင်းထွန်းက ပြောပြသည်။
အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် သတင်းရယူရန် အတွက် ပြည်တွင်းပြည်ပမှ သတင်းမီဒီယာ ၂၀ ခန့် လာရောက် ခဲ့ကြောင်း သိရသည်။
ဇီးပင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ်နှင့် ပတ်သက်၍ သွားဆရာဝန် ဒေါက်တာ စိုးသူရဇော်က လူမှုကွန်ရက် ဖေ့စ်ဘုတ် တွင် ဇီးပင်ကြီးစစ်တမ်း ခေါင်းစဉ်ဖြင့် သင်ကြားပေးသည့် ဆရာ၊ ဆရာမများအား ဝေဖန်ခြင်း၊ သင်တန်းမှာ နိုင်ငံတော် ဘဏ္ဍာ ဖြုန်းတီးနေခြင်းသာ ဖြစ်ကြောင်း၊ ဝန်ထမ်းသတ်၍ အစိုးရ သေခြင်း စသည်ဖြင့် ရေးသားထားသည်။
ထိုသို့ ရေးသားမှုနှင့် ပတ်သက်၍ ဒေါက်တာ စိုးသူရဇော်အား အဆင့်မြင့်အရာရှိများ ပါဝင်သည့် အဖွဲ့ဖြင့် စုံခုံဖွဲ့ စစ်ဆေး သည့် အတွက် ဝေဖန်မှုများလည်း ထွက်ပေါ်ခဲ့သည်။
ယင်းသို့ ဝေဖန်မှုများ ထွက်နေချိန်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ဇီးပင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ် ဘက်မှ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး ပြုလုပ်မည့်နေ့ နံနက်ပိုင်းကျမှ အထက်အဆင့် ညွှန်ကြားချက်ဟု အကြောင်းပြ ဖျက်သိမ်းခြင်း ဖြစ်သည်။
ဒေါက်တာ စိုးသူရဇော်အား စစ်ဆေးမှုများ လုပ်ခဲ့သော်လည်း ဒေါက်တာ စိုးသူရဇော်ကို အရေးယူမည် မဟုတ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ဧရာဝတီသို့ ဖြေကြားထား သည်။
သတင်းစာ ရှင်းလင်းပွဲ ဖျက်သိမ်းခဲ့ခြင်းနှင့် ပတ်သက်၍ “ရှင်းလင်းပွဲ မလုပ်တော့ဘဲ ဝက်ဘ်ဆိုဒ်မှာပဲ သတင်း ထုတ်ပြန် ချက် တင်သွားမှာဖြစ်လို့ သတင်းစာရှင်းလင်းပွဲ မလုပ်ဖြစ်တာပါ။ သတင်း ထုတ်ပြန်ချက်တွေကို http://www.ucsb.gov.mm မှာ တင်ပြပေးသွားဖို့ လုပ်ဆောင်နေပါတယ်”ဟု အထက်မြန်မာပြည် ဗဟိုဝန်ထမ်း တက္ကသိုလ် (ဇီးပင်ကြီး) မှ အမည်မဖော်လိုသူ ဒုညွှန်ကြားရေးမှူး အဆင့် တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောသည်။
ဇီးပင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ်သို့ အငယ်တန်းစာရေးမှ ဒု ညွှန်ကြားရေးမှူးချုပ် အဆင့်အထိ တက်ရောက်ရပြီး ပုံမှန်သင်တန်း၊ အထူးမွမ်းမံ သင်တန်း၊ အလယ်အလတ်တန်း ဝန်ထမ်းနှင့် အဆင့်မြင့်ပညာတန်း ဟူ၍ ပို့ချပေးနေခြင်း ဖြစ်သည်။
အဆိုပါ သင်တန်းများအား ပြည်သူ့ဝန်ထမ်းအဖြစ် စတင် လုပ်ကိုင်မည့် ဝန်ထမ်းများနှင့် ရာထူးတိုးမြှင့် ခံရမည့်သူများ လည်း တက်ရောက်ကြရသည်။
ဆက်စပ် ဖတ်ရှုရန် –
ဇီးပင်ကြီးကိစ္စ ဒေါက်တာ စိုးသူရဇော်ကို “အရေးယူစရာ ဘာအကြောင်းမှ မရှိပါဘူး” ဆိုတဲ့ ကျန်းမာရေးဝန်ကြီး
ဗဟိုဝန်ထမ်း တက္ကသိုလ်ကို ဝေဖန်သောကြောင့် ပြည်သူ့ဝန်ထမ်း စုံစမ်းစစ်ဆေးခံရ