ငွေတု သုံးစွဲသည်ဆိုကာ ဖမ်းဆီးခံထားရသူ နော်သောသွဲ့ထူးမှာ လူ့အခွင့်အရေးအရ ထိခိုက်နစ်နာမှုများ ကြုံတွေ့နေရကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် (MNHRC) အဖွဲ့ဝင် ဦးယုလွင်အောင် က ဧရာဝတီကို ပြောသည်။
နော်သောသွဲ့ထူးကို ဒီဇင်ဘာလ ၆ ရက်က တသောင်းတန် ငွေစက္ကူအတု ၁၅၄ ရွက် တွေ့ရှိခဲ့သည့်အတွက် အာဏာပိုင်များက ဖမ်းဆီးထားရာ ဦးယုလွင်အောင် ဦးဆောင်သည့် ကော်မရှင်အဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံး၌ ခေါ်ယူမေးမြန်းပြီးနောက် ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခြင်း ဖြစ်သည်။
ဦးယုလွင်အောင် က “သူက တကယ် ရိုးသားတဲ့မိန်းကလေး ဖြစ်နေတာကိုး။ ငွေတုကို သိသိနဲ့ သယ်လာပြီး လုပ်တဲ့သူ မဟုတ်ဘူး။ မသိဘဲနဲ့ ငွေတုကို ရိုးရိုးသားသား သုံးမိတဲ့သဘောပဲဖြစ်တာ။ သိသိချင်း အပ်ဖို့ ကြိုးစားတဲ့အချိန်မှာပဲ အဖမ်းခံရတော့ လူ့အခွင့်အရေးဘက်ကကြည့်ရင် သနားစရာဖြစ်နေတာပေါ့” ဟု ပြောသည်။
၎င်းက ဆက်လက်ပြီး နော်သောသွဲ့ထူးမှာ ပြည်ပတွင် အိမ်အကူ လုပ်ရခြင်း၊ လုပ်ခလစားများမှာ ငွေတုဖြစ်သည့်အတွက် ဖမ်းဆီးချုပ်နှောင်ခံရခြင်း၊ ချုပ်နှောင်ခံရချိန်တွင် အလုပ်မလုပ်ကိုင်နိုင်သည့်အပြင် လူ့ဂုဏ်သိက္ခာအရ နစ်နာမှုများ ရှိနေကြောင်းလည်း ဆိုသည်။
ဒိုက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ကော်မရှင်က ရဲတပ်ဖွဲ့ဝင်များ၊ နော်သောသွဲ့ထူးနှင့် မိဘများ၊ ၎င်းတို့ ငွေတုဖြင့် သုံးစွဲမိခဲ့သည့် ဈေးဆိုင်များမှ လူပုဂ္ဂိုလ်များ အပါဝင် စုစုပေါင်း ၁၀ ဦးခန့်ကို တွေ့ဆုံမေးမြန်းခဲ့ခြင်း ဖြစ်သည်။
နော်သောသွဲ့ထူး၏ မိခင်ဒေါ်သီသီခိုင် က “အမှုဖြစ်စဉ်တွေ ပြန်မေးတယ်။ အမှန်တရားဖြစ်အောင် သူတို့လုပ်ပေးမယ် ပြောတယ်။ ကိုယ်လည်း ငွေတုထုတ်နေတာမှ မဟုတ်တာ။ အတုလုပ်တဲ့သူတွေကိုလည်း အမြန်ဖော်ထုတ်ပြီး သူ့ကို အမြန်ဆုံးပဲ လွတ်စေချင်တယ်” ဟု ပြောသည်။
နော်သောသွဲ့ထူးအား ဗဟိုဘဏ်အက်ဥပဒေ ပုဒ်မ ၁၀၅ ဖြင့် ဒီဇင်ဘာလ ၂၀ ရက်က ဒိုက်ဦး မြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့စဉ်က အာမခံလျှောက်ထားသော်လည်း တရားသူကြီး အရွေ့အပြောင်းကာလဖြစ်သည့်အတွက် ဆုံးဖြတ်ပေးနိုင်ခြင်း မရှိဘဲ ဆက်လက်ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး လာမည့် ဇန်နဝါရီလတွင် ထပ်မံ ရုံးထုတ်မည် ဖြစ်သည်။
ဦးယုလွင်အောင် က “နှစ်သစ်ကူးတဲ့အချိန် တခုခု ထူးခြားအောင်တော့ အန်ကယ်တို့ ကြိုးစားရမယ်။ နောက် ရုံးချိန်း အမီပေါ့။ နောက် တရက်၊ နှစ်ရက် အစီအရင်ခံစာ ထုတ်နိုင်အောင်လုပ်ပြီး သက်ဆိုင်တဲ့ဌာနတွေကို ပို့ဖို့စီစဉ်မှာပါ” ဟု ဆိုသည်။
စင်ကာပူနိုင်ငံတွင် အိမ်အကူ လုပ်သူ နော်သောသွဲ့ထူးမှာ အိမ်ရှင်အမျိုးသမီးထံမှ လုပ်အားခအဖြစ် စင်ကာပူဒေါ်လာ ၃၁၀၀ ကျော်ကို ယင်းနိုင်ငံရှိ ငွေလဲကောင်တာတခုတွင် မြန်မာငွေ ၂၉ သိန်းကျော်ဖြင့် လဲလှယ်၍ ဒီဇင်ဘာလ ၂ ရက်က မြန်မာနိုင်ငံသို့ ပြန်လာခဲ့ခြင်း ဖြစ်သည်။
ယင်းနောက် အဆိုပါ ငွေများမှာ အတုဖြစ်နေကြောင်း သိရှိသွားသည့်အတွက် အာဏာပိုင်များထံ အပ်နှံစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။
၂၀၁၃ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့က ပြဋ္ဌာန်းထားသည့် ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅ တွင် ငွေစက္ကူအတုအား သိလျှက်နှင့် သုံးစွဲမှုကို ကျူးလွန်လျှင် ငွေဒဏ်ဖြစ်စေ၊ သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပါရှိသည်။
လတ်တလောတွင် ငွေစက္ကူအတုကိစ္စရပ်များ နေရာအနှံ့ ဖြစ်ပွားလျက်ရှိပြီး ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက် မနက်ပိုင်း ကလည်း မြိတ်မြို့၊ ရှမ်းချောင်းရပ်ကွက်နေဦးစောတင်ဝင်မှ ကားဖိုး ကျန်ငွေ ၁၀ သိန်းကျပ် အား ဧရာဝတီဘဏ်ခွဲ ၁ မှတဆင့် လှိုင်သာယာမြို့နယ်ရှိ ကားပွဲထံသို့ လွှဲပေးရာတွင် တသောင်းကျပ်တန် အတု ၅၀ ရွက် ပါရှိသည်ဆိုကာ ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် မြိတ်မြို့မရဲစခန်းတွင် အမှုဖွင့် ဖမ်းဆီးခံထားရသည်။