သတင်း

မသန်စွမ်းသူများ ကိုယ်ပိုင်စီးပွားရေး လုပ်နိုင်ရန် ကူညီမည်

မသန်စွမ်းသူများအား မိမိနေထိုင်ရာ ဒေသအတွင်း အခြားသူများနှင့် တန်းတူ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများ လုပ် ဆောင် နိုင်စေရန်အတွက် ကူညီပေးမည် ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောသည်။

ဒီဇင်ဘာလ ၂၆ ရက်က နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်တွင် ပြုလုပ်သည့် ASEAN Hometown Improvement Project, National Workshop on Policy and Development မသန်စွမ်းသူများ မူဝါဒ ဖွံ့ဖြိုး တိုးတက်ရေး အမျိုးသား အဆင့် အလုပ်ရုံ ဆွေးနွေးပွဲ အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဒေါက်တာ ဝင်းမြတ်အေးက“မသန်စွမ်းသူများ ကိုယ်ပိုင်စီးပွားရေးဖြင့် လူ့ အဖွဲ့အစည်းအတွင်း အမှီခိုကင်းစွာ ရပ်တည် နိုင်စေရေးတို့အတွက် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေ အကုန်ပါတယ်။ ကျောင်းတက်နိုင်တဲ့ ကလေး ကျောင်းတက်နိုင်ဖို့ လိုတယ်။ အလုပ်အကိုင် အခွင့်လမ်းများ လုပ်လိုတဲ့ကလေး အလုပ် လုပ်ဖို့လည်း လိုပါတယ်”ဟု ပြောသည်။

ASEAN Hometown Improvement Project စီမံကိန်းကို ဝန်ကြီးဌာနလက်အောက်ရှိ ပြန်လည်ထူထောင်ရေး ဦးစီး ဌာန၊ Asia Pacific Development Center on Disability (APCD)၊ ရွှေမင်းသား ဖောင်ဒေးရှင်း တို့နှင့် ပူးပေါင်း ကာ မသန်စွမ်းသူများအား ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်စေခြင်းဖြင့် လူ့အဖွဲ့အစည်းအတွင်း အမှီအခိုကင်းစွာ ရပ်တည် နိုင် ရေး ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

APCD ကို ဂျပန် အစိုးရနှင့် ထိုင်းနိုင်ငံ လူမှုလုံခြုံရေးဝန်ကြီးဌာနတို့ ပူးပေါင်း ထူထောင်ထားခြင်း ဖြစ်သည်။

ပြန်လည် ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစွမ်းရည်ရ ကလည်း“မသန်စွမ်းသူတွေအနေနဲ့ သူတို့ နေထိုင်ရာ ရပ်ရွာအတွင်းမှာပဲ ကိုယ်ပိုင် စီးပွားရေး၊ ကိုယ်ပိုင် လုပ်ငန်းတွေကို တခြားသူတွေနဲ့ တန်းတူဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့တဲ့ အဖွဲ့ အစည်း ဖြစ်ပါတယ်”ဟု ပြောသည်။

ယင်းစီမံကိန်းတွင် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ ငတ်မွတ် ခေါင်းပါးမှု မရှိရေး၊ သင့်တင့် လျောက်ပတ်သည့် အလုပ် အကိုင် နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေး စသည့် လုပ်ငန်းစဉ်များ ပါဝင်သည်။

APCD စီမံကိန်းမန်နေဂျာ Jitkasem Tantasiri က“အခုလို မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရခြင်းဟာ မသန်စွမ်း တွေနဲ့ ထိခိုက်ခံစားလွယ်တဲ့ အုပ်စုတွေ ရှိတယ်။ သက်ကြီးရွယ်အို၊ အမျိုးသမီး၊ ကလေးတို့။ ဒီလူတွေကို ပါဝင်ပြီးတော့ စွမ်းရည်မြှင့်တင်ပေးမယ်။ အလုပ်အကိုင် ရရှိစေမယ်။ အဲဒီလို ဝင်ငွေရရှိရင် အမှီခိုကင်းကင်းနဲ့ သူ့ကိုယ်သူ ရပ်တည် နိုင်ရန်အတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်”ဟု ဆိုသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူမှုအရ နိုင်ငံလူဦးရေ ၂ ဒသမ ၃ ရာခိုင်နှုန်းမှာ မသန်စွမ်းများ ဖြစ်ကြပြီး ဒီဇင်ဘာ ၂၆ ရက်နေ့ ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် မသန်စွမ်းများ အလုပ်အကိုင် အခွင့်အလမ်း ရရှိရန် အတွက် ဆွေးနွေးမှု များ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ရွှေမင်းသား ဖောင်ဒေးရှင်း နေပြည်တော် တာဝန်ခံ ဦးသန့်စင်က“မသန်စွမ်းတဦးကို ပိုက်ဆံ ၅သောင်း၊ တသိန်း လိုက် ပေးနေတာထက် စာရင် ပညာရေးနှင့် အလုပ်အကိုင်ဆိုရင်လည်း အများကြီး လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ ဒါမျိုး တွေကို လုပ်ပေးစေချင် ပါတယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ အခွင့်အရေးဥပဒေကို ၂၀၁၅ ခုနှစ် ဇွန်လအတွင်းက ပြဋ္ဌာန်းထားပြီး ဖြစ်ကာ နည်း ဥပဒေ ကိုမူ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် အတည်ပြု ပြဋ္ဌာန်းထားသည်။

Loading