သတင်း

ပို့ကုန်တိုးလာ၍ ကုန်သွယ်မှုလိုငွေ ဒေါ်လာ သန်း ၃၀၀ ကျော်အထိ လျော့ကျ

Want create site? Find Free WordPress Themes and plugins.

ပြည်ပသို့ တင်ပို့သည့် ကုန်ပမာဏ တိုးတက်လာခြင်းကြောင့် ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်အထိ လျော့ကျ လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ လက်ထောက် အမြဲတမ်းအတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။

ပို့ကုန်ကဏ္ဍတွင် ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ ဒီဇင်ဘာလ ၁၄ ရက်အထိ ကန်ဒေါ်လာ ၂၅၈၆ သန်းကျော် တင်ပို့ထားရာ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ကာလတူအချိန်တွင် ၂၉၆၉ သန်းကျော် ရှိသည့်အတွက် ဒေါ်လာ ၃၈၂ သန်းကျော် တိုးတက် တင်ပို့ထားသည်။

လက်ထောက် အမြဲတမ်းအတွင်းဝန် ဦးခင်မောင်လွင် က “ပို့ကုန်က ဒီ ၂ လကျော်ကာလအတွင်း ကန်ဒေါ်လာသန်း ၃၀၀ လောက် ပိုတဲ့အတွက်ကြောင့် ကုန်သွယ်မှုလိုငွေကတော့ အရင် ကာလတိုနဲ့စာရင် ကန်ဒေါ်လာသန်း ၃၀၀ လောက် လျော့ကျသွားတယ်” ဟု ဧရာဝတီကို ပြောသည်။

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းပစ္စည်း၊ သစ်တောထွက် ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းများ တင်ပို့နေခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၂၃၆ နိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်နေခြင်း ဖြစ်သည်။

ကုန်သွယ်မှု လိုငွေ လျော့ကျခြင်းမှာ ကုန်ပစ္စည်းအချို့အား ဈေးကွက်ချဲ့ထွင် ပိုမိုတင်ပို့ခြင်းကြောင့်ဖြစ်ပြီး ကျွဲ၊ နွားနှင့် တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့မှုကဏ္ဍတွင်လည်း ပိုမိုတိုးတက်လျက် ရှိသည်။

သွင်းကုန်ကဏ္ဍတွင်မူ ယင်းကာလက ဒေါ်လာ ၃၈၁၉ သန်းကျော် ရှိခဲ့ရာ ယခုဘဏ္ဍာနှစ်အတွင် ဒေါ်လာ ၃၇၃၆ သန်းကျော်သာ ရှိသည့်အတွက် ဒေါ်လာ ၈၂ သန်းကျော် လျော့ချ တင်သွင်းထားသည်ဟုလည်း စီးပွား/ကူးသန်း ဝန်ကြီးဌာန စာရင်းဇယားများအရ သိရသည်။

သွင်းကုန်ပစ္စည်း အုပ်စုတွင်မူ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံး ကုန်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းဟူ၍ ခွဲခြားသတ်မှတ်ထားပြီး ပြီးခဲ့သည့် ၂၀၁၇-၁၈ ခုနှစ် ဧပြီလ ၁ ရက်မှ အောက်တိုဘာလ ၃၀ ရက် မီနီဘက်ဂျက်ကာလတွင်မူ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဘီလီယံကျော် ရှိခဲ့သည်။

“ကုန်သွယ်မှုလိုငွေဆိုတာက သွင်းကုန်ကို လျှော့ချလို့တော့ မဖြစ်နိုင်ဘူး။ ဥပမာ ဆီဆိုလို့ ရှိရင်လည်း ဖူလုံမှုမရှိဘူး။ အဲဒါကြောင့် စားအုန်းဆီတွေ တင်သွင်းနေရတယ်။ နောက်တခုက လယ်ယာလုပ်ငန်းတွေမှာ စက်တွေ၊ ယန္တယားတွေ တင်သွင်းတာ၊ စက်သုံးဆီတွေ တင်သွင်းတာ ရှိတယ်။ ဒါတွေကို လျှော့ချဖို့က မဖြစ်နိုင်ဘူး” ဟု ဦးခင်မောင်လွင် က ဆိုသည်။

လက်ရှိတွင် အစိုးရက ပို့ကုန်ကဏ္ဍတိုးတက်ရေးအတွက် စီးပွား/ကူးသန်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးတို့ ပူးပေါင်းအဖွဲ့ ဖွဲ့ကာ တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်များ တိုးမြှင့်ပို့ဆောင်နိုင်ရေး ဆောင်ရွက်လျက် ရှိသည်။

သို့သော် တင်ပို့ကုန်များအပေါ် တရုတ်က AQSIQ မူဝါဒဖြင့် ကန့်သတ်ထိန်းချုပ်ထားသည့်အတွက် ကြန့်ကြာနေခြင်း ဖြစ်ကြောင်းလည်း စီးပွား/ကူးသန်းထံမှ သိရသည်။

AQSIQ မှာ နိုင်ငံတွင်း တင်သွင်းလာသည့် ဆန် ကဲ့သို့သော လယ်ယာထွက်ကုန်များ၊ စားသောက်ကုန်၊ လူသုံးကုန် ပစ္စည်းများအပေး အရည်အသွေး ကြီးကြပ်စစ်ဆေးရေးနှင့် ရောဂါပိုးမွှားများ နိုင်ငံတွင်း ဝင်ရောက်မလာစေရေးအတွက် အရည်အသွေး မမီသည့် ကုန်ပစ္စည်းများ တင်သွင်းခြင်းကို ကန့်သတ်သည့် တရုတ်မူဝါဒကို ဆိုလိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဒုဥက္ကဋ္ဌ ဒေါက်တာမြင့်စိန်က “သစ်သီးဝလံဆိုရင် တရုတ်ပြည်က ဈေးကွက်လည်းကောင်းတယ်။ ဟိုကလည်း ဝယ်ချင်နေတယ်။ အဲဒီမှာက အချက် ၂ ချက်လိုနေတယ်။ ဒီမှာရှိတဲ့ သစ်သီးဝလံတွေက လှောင်ထားရမယ်။ အဲဒီတော့ အအေးခန်းဂိုထောင် လိုတယ်။ နောက်ပြီး AQSIQ ရမှ ဖြစ်မယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် နယ်စပ်ကုန်သွယ်ရေး စခန်း ၁၇ ခု ရှိသည့်အနက် တရုတ်နှင့် ကုန်သွယ်မှုအတွက် ရှမ်းပြည်နယ်ရှိ မူဆယ် ၁၀၅ မိုင်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း၊ ကချင်ရှိ လွယ်ဂျယ်နှင့် ကန်ပိုက်တီ စခန်းတို့ ရှိပြီး မူဆယ်မှာ ကုန်သွယ်မှု ပမာဏအများဆုံးနှင့် အကြီးဆုံး နယ်စပ်ကုန်သွယ်ရေးဇုန် ဖြစ်သည်။

မူဆယ် ကုန်သွယ်ရေးဇုန် တခုတည်းပင် နှစ်စဉ် ပျမ်းမျှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၅၀၀၀ ကျော် ရှိသည်ဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading